တစ်လတစ်ကြိမ် ခရီးထွက်နေကျအတိုင်း ယခုလတွင်တော့ ပိတ်ရက်သုံးရက်ဆက်တိုက်ရသဖြင့် မန္တလေး၊ စစ်ကိုင်း၊ မုံရွာဘက်သို့ ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ခရီးစဉ်တလျှောက်တွင် ဖူးခဲ့ရသည့် တန်းခိုးကြီး စေတီပုထိုးများထဲမှ ကောင်းမှုတော်စေတီသို့ သွားရောက်ခဲ့ပုံ နှင့် သမိုင်းအကျဉ်းကို ဖော်ပြလိုက်ပါတယ်။ ကောင်းမှုတော်စေတီ၏ ဘွဲ့အမည်မှာ ရာဇမဏိစူဠာ ဖြစ်ပြီး စစ်ကိုင်းမြို့ မြောက်ဘက် ၆မိုင်ခန့်အကွာတွင် တည်ရှိသည်။ စစ်ကိုင်းတော်ပေါ်ရှိ ဥမင်သုံးဆယ်၊ ဆွမ်းဦးပုညရှင်စေတီများကို ဖူးမျှော်ပြီး စစ်ကိုင်းတောင်အောက် ဆင်းပြီးနောက် ဆက်လက်ဖူးမျှော်ရန် လမ်းပန်းသင့်လှသည်။ ရာဇ၊ မဏိ၊ စူဠာ ဆိုသည့် စကားလုံးသုံးလုံးကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး အနက်မှာ "စွယ်တော်၊ ဆံတော်၊ သပိတ်တော် စသော ရတနာတို့၏ တည်ရာဖြစ်၍ မြတ်သောမင်း ဦးဖြင့် အမြဲပန်ဆင်ခြင်းရှိသောဘုရား" ဖြစ်သည်။
စေတီတော်ကို သတိုးဓမ္မရာဇာဘွဲ့ခံ သာလွန်မင်းတရားမှ မြန်မာသက္ကရာဇ် ၉၉၈ခု (ခရစ်နှစ် ၁၆၃၆ခု) တွင် ရွှေပန္နက်တိုင် စတင်စိုက်ထူခဲ့ပြီး သက္ကရာဇ် ၁၀၁၀ခု (ခရစ်နှစ် ၁၆၄၈ခု)တွင် စေတီတော်ပြီးစီး၍ ထီးတော်တင်ရန် အခါတော်တောင်းရာ ထီးတော်တင်ရန်အခါမမှီနိုင်တော့ပြီဟု ပြန်လည်လျှောက်ထားကြသည်။ သာလွန်မင်းသည် သက္ကရာဇ် ၁၀၁၀ခု၊ တော်သလင်းလဆန်း ၁၀ရက်နေ့တွင် ကြီးစွာမနာမကျန်းဖြစ်သဖြင့် သားတော်ကြီးအား ထီးနန်းမွေနှင့် စေတီတော်ထီးတော်တင်ရန် မှာကြားခဲ့ပြီး နတ်ရွာစံလေသည်။ ခမည်းတော်အမှာရှိသည့်အတိုင်း သားတော်ငါးထပ်ဒါယကာမင်းမှ နန်းတက်ပြီး သက္ကရာဇ် ၁၀၁၀ခု၊ ကဆုန်လဆန်း ၈ရက်နေ့တွင် ရာဇမဏိစူဠာစေတီထီးတော်တင်လှူပွဲကို ကျင်းပခဲ့သဖြင့် စေတီတော် အုတ်မြစ်ချသည်မှ ထီးတော်တင်သည့်အထိ စုစုပေါင်း ၁၂နှစ်တိုင် ကြာလေသည်။ စေတီတော်၏ ဥာဏ်တော်အမြင့် သံတောင် ၁၀၁တောင် ၈မိုက်၊ အချင်းသံတောင် ၁၆၂တောင် ၁မိုက်၊ အဝန်းလုံးပတ် ၅၀၂တောင် ၂မိုက် ၄သစ်ရှိသည်။ ကောင်းမှုတော်စေတီ၏ ပုံသဏ္ဍာန်ကို သီရိလင်္ကာနိုင်ငံရှိ ညှပ်ရိုးတော်ဓာတ်တော်ကို ဌာပနာထားသော ထူပါရုံစေတီပုံတော်အတိုင်း မှီငြမ်းတည်ထားခြင်းဖြစ်သည်။
ရာဇမဏိစူဠာစေတီတော်တွင် ဘွဲ့တော်ကျောက်စာ၊ ရေသဖန်းသားကျောက်စာ နှင့် ရှေးရေးကျောက်ထက်အက္ခရာကျောက်စာ ဟူပြီး ကျောက်စာသုံးမျိုး စိုက်ထူထားသည်။ ဘွဲ့တော်ကျောက်စာတွင် "ရာဇမဏိစူဠာ" ဆိုသည့် စေတီဘွဲ့တော်ကို ထွင်းထုထားသည်။ ရေသဖန်းသားကျောက်စာတွင် "(၁)စွယ်တော်၊ သပိတ်တော် နှင့်တကွ ဌာပနာစာရင်းအပြည့်အစုံ၊ (၂)ခုနှစ်ကြိမ်၊ ခုနှစ်ဌာန ဌာပနာရာတွင် အသီးသီး အသေးစိတ်ရေးသားထားခြင်း၊ (၃)စေတီတော်အတိုင်းအတာကို အသေးစိတ်ရေးသားထားခြင်း" ကို တွေ့ရှိနိုင်သည်။ ရှေးရေးကျောက်ထက်အက္ခရာကျောက်စာကို သာလွန်မင်း၏သားတော် ငါးထပ်ဒါယကာမင်း၏ တောင်းပန်လျှောက်ထားချက်အရ တောင်ဖီလာဆရာတော်မှ ရေးသားပြီး ရှင်ဣန္ဒဂုတ္တမထေရ်မှ ကြီးကြပ်၍ ကျောက်ထက်အက္ခရာတင်ခဲ့ခြင်းဖြစ်သည်။ ကျောက်ထက်အက္ခရာကျောက်စာတွင် စေတီ၏ အတ္ထုပ္ပတ္တိ အသေးစိတ်ကို မှတ်သားနိုင်သည်။ ဘွဲ့တော်ကျောက်စာကို စေတီတော်၏ အရှေ့မြောက်ဘက်တွင် တွေ့ရှိနိုင်သေးသော်လည်း ရေသဖန်းသားကျောက်စာမူမှာ ကွယ်ပျောက်သွားပြီဖြစ်သည်။ ရှေးရေးကျောက်ထက်အက္ခရာကျောက်စာကို စေတီ၏ တနင်္ဂနွေထောင့်တွင် တွေ့ရှိနိုင်သည်။
ကောင်းမှုတော်စေတီတွင် ဌာပနာထားသော ဓာတ်တော်မွေတော်များမှ ဂေါတမမြတ်စွာဘုရား၏ လက်ဝဲအောက်ဓာတ်စွယ်တော် နှင့် မြသပိတ်တော် မှာ အထူးကျော်ကြားထင်ရှားသည်။ ထို့ကြောင့် ဌာပနာများ မြန်မာနိုင်ငံသို့ ရောက်ရှိလာပုံကိုလည်း အနည်းငယ် ဖော်ပြပေးလိုပါသည်။ မြတ်စွာဘုရား၏ ကြွင်းကျန်ရစ်သော ဓာတ်တော်များထဲတွင် စွယ်တော်၎ဆူလည်း အပါအဝင်ဖြစ်သည်။ ထိုစွယ်တော်လေးဆူမှ လက်ယာအထက်စွယ်တော်ကို သိကြားမင်းမှ ပင့်ဆောင်၍ တာဝတိံသာနတ်ပြည်တွင် စူုဠာမဏိစေတီတွင် ဌာပနာပြီး ကိုးကွယ်ထားသည်။ လက်ယာအောက်စွယ်တော်ကို ဇယသေနနဂါးမင်းမှ ပင့်ဆောင်ပြီး နဂါးပြည်ရှိ ရတနာစေတီတွင် တည်ထားကိုးကွယ်သည်။
သာသနာသက္ကရာဇ် ၃၀၉ခုတွင် မဟိန္ဒမထေရ်မြတ်မှ မြတ်စွာဘုရား ဗျာဒိတ်ပေးတော်မူခဲ့သည့်အတိုင်း နဂါးပြည်ရှိ လက်ယာအောက်စွယ်တော်ကို ပင့်ဆောင်ပြီး သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ)၊ မဟာဝါဠုက ဂင်္ဂါမြစ်၏တောင်ဘက်ကမ်း သေရုမြို့ ရွာမရွာ ဂိရိစာဘယမင်းအား ပေးအပ်သည်။ ဂိရိစာဘယမင်းမှ မင်္ဂလာစေတီတွင် ဌာပနာပြီး ကိုးကွယ်ထားပြီဖြစ်သဖြင့် လက်ယာအောက်စွယ်တော်သည် နဂါးပြည်၌ မရှိတော့ပေ။ လက်ဝဲအထက်စွယ်တော်ကို တရုတ်ပြည် ဂန္ဓာရာဇ်တိုင်းသား ရဟန္တာတစ်ပါးမှ ပင့်ဆောင်သွားပြီး ဂန္ဓာရာဇ်တိုင်း (အိန္ဒိယနိုင်ငံ၊ အနောက်မြောက်ဘက်အစွန်း သိန္ဒူမြစ်၏အနောက်ဘက် တရုတ်ပြည်ထဲတွင် တည်ရှိသည်။)၊ စေတိယတော၌ ဌာပနာထားသည်။ လက်ဝဲအောက်စွယ်တော်ကို အရှင်သာရိပုတ္တရာမထေရ်မြတ်၏ တပည့် ခေမာအမည်ရှိ ရဟန္တာမထေရ်မြတ်မှ ပင့်ဆောင်သွားပြီး ပထမကာလိင်္ဂတိုင်း၊ ဒန္တပူရပြည်၊ ဗြဟ္မဒတ်မင်းအား ပေးအပ်ကိုးကွယ်စေသည်။
ဗြဟ္မဒတ်မင်းမှစ၍ ဂုဟသီဝမင်းတိုင်အောင် သားစဉ်မြေးဆက် ကိုးကွယ်ခဲ့ကြသည်။ ဂုဟသီဝမင်းလက်ထက်တွင် တိုင်းသူပြည်သားများသည် မိစ္ဆာဝါဒအယူများ ရှိလာကြသဖြင့် ဘုရင်မှ လက်ဝဲအောက်ဓာတ်စွယ်တော်မြတ် ပူဇော်ပွဲသဘင်ကျင်းပကာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို တဖန်ဆည်းကပ်စေသည်။ မိစ္ဆာဒိဠိတို့ကိုလည်း တိုင်းပြည်မှ နှင်ထုတ်လေသည်။ မိစ္ဆာဒိဠိတို့မှ ရန်ငြိုးဖွဲ့ကာ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အစိုးရသော မဂဒတိုင်း ပါဋလိပုတ်ပြည် (ဘင်္ဂလားပြည်နယ်၊ ဂင်္ဂါမြစ်တောင်ဘက်ကမ်း၊ ပတ္တနားမြို့) ပဏ္ဍုမင်းကြီးထံ ကုန်းတိုက်စကားဆိုရာ မင်းကြီးမှ အမျက်တော်ရှကာ စစ်ချီပြီး ဂုဟသီဝမင်းနှင့်တကွ လက်ဝဲအောက်စွယ်တော်ကိုပါ ယူဆောင်ခဲ့သည်။ စွယ်တော်အား မီးကျီးတွင်းသို့ ပစ်ခြင်း၊ တူဖြင့်ထုစေခြင်း၊ ဆင်ဖြင့်နင်းစေခြင်း၊ ကျုံးအပြင်ဘက်ရှိ ရေဆိုးရေညစ်ထဲသို့ ပစ်ချစေခြင်း စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ ဖျက်စီးသော်လည်း စွယ်တော်မှာ ပျက်စီးမှုမရှိဘဲ ရောင်ခြည်တော်ကွန့်မြူးကာ တန်ခိုးပြလေသည်။ ပဏ္ဍုမင်းလည်း ကြည်ညိုသဒ္ဒါစိတ်ဖြစ်ပေါ်ပြီး မိမိကိုယ်တိုင်သာမက တစ်တိုင်းပြည်လုံးအား ပူဇော်ကိုးကွယ်စေသည်။ ခိရာဓာရမင်းမှ စွယ်တော်သတင်းကို ကြားသိသဖြင့် ပဏ္ဍုမင်းထံစစ်ခင်းရာ စစ်ရှုံးကာ တိုက်ပွဲတွင် ကျလေသည်။
နောက်ပိုင်းတွင် ပဏ္ဍုမင်းသည် စစ်သုံ့ပန်းအဖြစ် ခေါ်ဆောင်လာခဲ့သော ဂုဟသီဝမင်းအား စွယ်တော်ကို ပြန်လည်အပ်နှင်းကာ ဒန္တပူရမြို့သို့ ပြန်ပို့ပြီး မင်းပြန်လုပ်စေသည်။ ဥဇ္ဇေဏီပြည်မှ စွယ်တော်ဖူးမျှော်ရန် လာရောက်သော တူတော် ဒန္တကုမာရကို သမီးတော် ဟေမမာလာနှင့် ထိမ်းမြားပေးပြီး စွယ်တော်ထိန်းအရာနှင့်တကွ အိမ်ရှေ့မင်းရာထူးကို ပေးအပ်သည်။ ပဏ္ဍုမင်းနှင့် စစ်တိုက်ရာတွင် တိုက်ပွဲတွင် ကျဆုံးသွားသော ခိရာဓာရမင်း၏ တူတော်များဖြစ်ကြသော ဖလယမင်းညီနောင်တို့သည် ဂုဟသီဝမင်းထံသို့ စစ်ချီတက်ပြီး စွယ်တော်ကို တောင်းပြန်သည်။ ဂုဟသီဝမင်းမှ အိမ်ရှေ့မင်း ဒန္တကုမာရအား ခေါ်ယူပြီး တိုက်ပွဲတွင် ငါကျရှုံးသော် စွယ်တော်နှင့် သမီးတော်ကို စောင့်ရှောက်ပြီး သီဟိုဠ်ကျွန်းရှိ မိတ်ဆွေ မဟာသေနမင်းထံ သွားရောက်ခိုလှုံရန် မှာကြားသည်။ တိုက်ပွဲတွင် ဂုဟုသီဝမင်းမှ ကျရှုံးသဖြင့် စွယ်တော်သည် သီဟိုဠ်ကျွန်းသို့ ပြောင်းရွှေ့စံပါယ်ရပြန်သည်။ လက်ဝဲအောက်စွယ်တော်အား သီဟိုဠ်ကျွန်းရှိ မဟာသေနမင်းမှစတင်ပြီး ဓမ္မပါလမင်းတိုင်အောင် မင်းဆက်ပေါင်း တစ်ရာကျော် နန်းဦးတွင်ထားကာ ကိုးကွယ်ခဲ့ကြသည်။
ဓမ္မပါလမင်းလက်ထက်တွင် သီဟိုဠ်ကျွန်း၌ မိစ္ဆာဒိဠိများ လွှမ်းမိုးလာသောကြောင့် ဟံသာဝတီပြည့်ရှင် ဆင်ဖြူရှင်မင်း (ဘုရင့်နောင်မင်း) ထံသို့ သဝဏ်လွှာ ပို့ဆောင်သည်။ သဝဏ်လွှာ၌ သိန်းခိုကျွန်း (သီရိလင်္ကာကို မြန်မာရာဇဝင်အခေါ်)တွင် သာသနာမတည်ဘဲ မိစ္ဆာဒိဠိများ လွှမ်းမိုးနေပါသဖြင့် မြသပိတ်တော် အပို့လွှတ်မည့်အကြောင်း၊ စစ်ကူပို့ပေးရန်နှင့် နောက်ထပ်လည်း စွယ်တော်မြတ်ကို ပို့ဦးမည့်အကြောင်း ပါဝင်သည်။ သက္ကရာဇ် ၉၁၂ခုတွင် မြသပိတ်တော် ရရှိသဖြင့် ဆင်ဖြူရှင်မင်းမှ အမတ်လေးဦးအား ဦးစီးစေပြီး စစ်ကူ ၁၅၀၀ ပို့ပြီး စစ်ရေးပြကြရာ သီဟိုဠ်ကျွန်းရှိ မင်းသုံးပါးတို့ အညံ့ခံပြီး ဓမ္မပါလမင်းနှင့် ပူးပေါင်းကာ သာသနာအကျိုး ဆောင်ရွက်ကြတော့သည်။

ဓမ္မပါလမင်းမှ အားရတော်မူသဖြင့် ဒုတိယအကြိမ်အဖြစ် စွယ်တော်ပွားတစ်ဆူအား ဆင်ဖြူရှင်မင်းထံသို့ ပို့ဆက်လေသည်။ ဟံသာဝတီသို့ စွယ်တော်ပွား ဆိုက်ရောက်သည်နှင့် ဓမ္မပါလမင်းသည် ကျန်ရှိသော ရန်သူမင်းတို့အား ဟံသာဝတီစစ်သည်တို့ စစ်ကူဖြင့် တိုက်မည်ပြင်ရာ ပြိုင်ဖက်မင်းများမှ ဓမ္မပါလမင်းနှင့် ဟံသာဝတီမင်းထံသို့ သံတမန်များ စေလွှတ်ကာ ညီညွတ်ပါတော့မည့်အကြောင်း ကတိခံသဖြင့် စစ်မဖြစ်ဘဲ ငြိမ်းချမ်းစွာ ပြီးဆုံးလေ၏။ ဓမ္မပါလမင်းသည် မိမိ၏ကတိအတိုင်း လက်ဝဲအောက်ဓာတ်စွယ်တော်ကို တတိယအကြိမ်မြောက် ပို့ဆောင်လေသည်။
ဘေးတော် အလောင်းစည်သူမင်းလက်ထက်က တရုတ်ပြည်သို့ မင်းတရားကိုယ်တိုင်ကြွ၍ စွယ်တော်ကို တောင်းခံရာ မရရှိခဲ့ဘဲ ဆင်ဖြူရှင်မင်းလက်ထက်တွင်မှ သီရိလင်္ကာမှ ဆက်သသော လက်ဝဲအောက်ဓာတ်စွယ်တော်အစစ်ကို ရတော်မူသည်။ ဆင်ဖြူရှင်မင်းလက်ထက်တွင် သီဟိုဠ်မှ ဆက်သလိုက်သော မြသပိတ်တော်၊ လက်ဝဲအောက်ဓာတ်စွယ်တော်မြတ်နှင့် အထူးထူးသော ဓာတ်တော်မွေတော်များကို မြေးတော်သာလွန်မင်းလက်ထက်တွင် ဌာပနာကာ ရာဇမဏိစူဠာ (စစ်ကိုင်းကောင်းမှုတော်) စေတီကို တည်ထားပြီး ခေတ်အဆက်ဆက် ကိုးကွယ်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
Stacy Chan (ရိုးရာလေး)
Stacy Chan (ရိုးရာလေး)

မှတ်ချက်များ