အကောင်းဆုံး Featureများ ပြန်လည်ပါဝင်လာသည့် Galaxy S စီးရီးသစ် ဖုန်းများကို Samsung မိတ်ဆက်

အသစ်မိတ်ဆက်ခဲ့သည့် Galaxy S7 Edge ဖုန်းတစ်လုံး။
Samsungကုမ္ပဏီက အသစ်မိတ်ဆက်လိုက်သည့် Galaxy Sစီးရီး ဖုန်းအသစ်များသည် အစဉ်အမြဲ အလုပ်လုပ်နေမည့် Display နည်းပညာကို ထည့်သွင်းထားပြီး ယခင်မျိုးဆက်တွင် ပျောက်ကွယ်ခဲ့သည့် ကောင်းမွန်သော Feature အဟောင်းများကို ပြန်လည် ထည့်သွင်းပေးထားကြောင်း သိရသည်။

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင် ကျင်းပသည့် Mobile World Congress၌ တောင်ကိုရီးယား ကုမ္ပဏီကြီးက ၎င်းတို့၏ နာမည်ကျော် မိုဘိုင်းဖုန်း စီးရီး၏ သတ္တမမျိုးဆက် မျိုးကွဲနှစ်ခုကို မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ Galaxy S7သည် ၅.၁ လက်မအရွယ် Displayကို အသုံးပြုထားပြီး Galaxy S7 Edgeကမူ ၅.၅ လက်အရွယ် Screen ပါရှိလာသည်။ အဆိုပါ ဖုန်းနှစ်လုံးစလုံးတွင် OSအဖြစ် Android 6.0 (Marshmallow)ကို အသုံးပြုထားသည်။

Samsung၏ ဖုန်းအသစ်များတွင် Always On အမည်ရှိ Featureသစ် ပါဝင်လာပြီး ဖုန်းကို Standby အနေအထားဖြင့် Screen ပိတ်ထားသည့်တိုင် အချိန်နာရီ၊ နေ့ရက်နှင့် Notificationများကို တောက်လျှောက်
ပြသပေးနေမည်ဟု ဆိုသည်။ သို့သော် ယင်းအတွက် ဘက်ထရီသက်တမ်းကို ထိခိုက်စေမည် မဟုတ်ဟု သိရသည်။

ထို့အပြင် Galaxy S5 စီးရီးတွင် လူကြိုက်များခဲ့ပြီး Galaxy S6နှင့် Galaxy S6 Edgeတို့တွင် ချန်လှပ်ခဲ့သည့် ရေစိုခံနိုင်စွမ်းနှင့် SD Card ဖြည့်သွင်း တိုးမြှင့်နိုင်ခွင့်တို့ကို ပြန်လည် ထည့်သွင်းပေးထားသည်။ ထို့ကြောင့် Samsung Galaxy S7နှင့် Galaxy S7 Edge ဖုန်းများတွင် အချက်အလက် ထည့်သွင်းရန် SD Cardများ ဖြည့်တင်း အသုံးပြုနိုင်မည် ဖြစ်သည်။

ဖုန်း၏ ပြင်ပသွင်ပြင် ဒီဇိုင်းတည်ဆောက်ပုံကမူ Galaxy S6 စီးရီးများနှင့် ခြားနားမှု ကြီးကြီးမားမား မရှိသည်ကို တွေ့ရသည်။ “ဒီဇိုင်းပိုင်း မပြောင်းပေမယ့် အတွင်းပိုင်း နည်းပညာတွေကတော့ သိသိသာသာ တိုးမြှင့်ထားတာ တွေ့ရတယ်။ ကင်မရာ အရည်အသွေးရော၊ Chipတွေပါ ပိုကောင်းလာတယ်။ SD Card ထည့်သွင်းခွင့်နဲ့ ရေစိုခံနိုင်စွမ်းတွေ ပါဝင်လာတာက Samsungအနေနဲ့ သုံးစွဲသူတွေရဲ့ လိုလားမှုကို ဂရုတစိုက် တုံ့ပြန်ခဲ့တယ်ဆိုတာ မြင်သာစေပါတယ်”ဟု IHS နည်းပညာ အကြံပေးဌာနမှ အီယန်ဖော့ဂ်က မှတ်ချက်ပြုခဲ့သည်။

Samsungသည် စမတ်ဖုန်း ဈေးကွက်ကို ဆက်လက် လွှမ်းမိုး ချုပ်ကိုင်ထားဆဲ ဖြစ်သော်လည်း ၂၀၁၅ ခုနှစ်တွင် ၎င်းတို့၏ စမတ်ဖုန်း ရောင်းအားသည်၂ ရာခိုင်နှုန်းမျှ လျော့ကျသွားခဲ့သည်။ ထိုအချိန်တွင် Apple၊ Huaweiနှင့် Xiaomiတို့က ဖုန်းများ ပိုမို တင်ပို့ ရောင်းချနိုင်ခဲ့ကြသည်။ သို့တိုင်အောင် Samsungသည် လက်ရှိ နိုင်ငံတကာ စမတ်ဖုန်း ဈေးကွက်တွင် ရောင်းအား အကောင်းဆုံး အမှတ်တံဆိပ် အဖြစ်မူ ဆက်လက် ရပ်တည်နေဆဲဟု သိရှိရသည်။

Ref: CNet
ဇွဲရဲဝင့် - 7day

မှတ်ချက်များ