Forbes ၏ အသက် ၃၀ အောက် ထူးချွန်အောင်မြင်သူများ စာရင်းတွင် မြန်မာနိုင်ငံသား ရှစ်ဦးပါဝင်


Forbes Asia မှ ရွေးချယ်သော အသက် ၃၀ နှစ်အောက် ထူးချွန်အောင်မြင်သည့် အာရှနိုင်ငံသားများစာရင်း ၂၀၁၆ တွင် မြန်မာနိုင်ငံမှ ရှစ်ဦးပါဝင်ကြောင်း Forbes ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

အာရှတိုက်တစ်ဝန်းရှိ ထူးချွန်အောင်မြင်သည့် လူငယ်များစာရင်းကို ကဏ္ဍ ၁၀ ခု ခွဲခြားကာ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယင်းအနက် မြန်မာလူငယ် ရှစ်ဦးက ကဏ္ဍငါးခုတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ရွေးချယ်ခံရသည့် မြန်မာလူငယ် ရှစ်ဦးမှာ ကိုဝေဖြိုးကျော် (အသက် ၂၇ နှစ်၊ CarsDB ၀က်ဘ်ဆိုက် တည်ထောင်သူ)၊ ကိုထက်မြတ်ဦး (အသက် ၂၅ နှစ်၊ ရန်ကုန်တီးဟောက်စ် ပူးတွဲတည်ထောင်သူ)၊ ကိုမျိုးထက်အောင် (အသက် ၂၈ နှစ်၊ Nex Labs ပူးတွဲတည်ထောင်သူ)၊ ကိုရဲမြတ်မင်း (အသက် ၂၄ နှစ်၊ Nex Labs ပူးတွဲတည်ထောင်သူ)၊ ကိုရဲဝင့်ကို (အသက် ၂၆ နှစ်၊ Bindez ပူးတွဲတည်ထောင်သူ)၊ ကိုထက်ဝေ (အသက် ၂၅ နှစ်၊ Bindez ပူးတွဲတည်ထောင်သူ)၊ မသက်မွန်အေး (အသက် ၂၈ နှစ်၊ Star Tickets ပူးတွဲတည်ထောင်သူ)၊ ကိုဇာနည်နွေးဦး (အသက် ၂၅ နှစ်၊ Star Tickets ပူးတွဲတည်ထောင်သူ) တို့ဖြစ်သည်။

ကိုရဲဝင့်ကိုနှင့် ကိုထက်ဝေတို့ ဦးဆောင်သော Bindez သည် Consumer Technology ကဏ္ဍတွင် ရွေးချယ်ခံရခြင်းဖြစ်ပြီး Bindez သည် မြန်မာဘာသာ အခြေခံသည့် Search Engine တစ်ခုဖြစ်သည်။ အဆိုပါ လုပ်ငန်းသည် Telco Ooredoo နှင့် ပူးပေါင်းပြီး Bindez Thadin ကို ၂၀၁၅ ခုနှစ် ဇွန်လတွင် စတင်ထုတ်လုပ်ခဲ့သည်။

ရန်ကုန်တီးဟောက်စ် ပူးတွဲတည်ထောင်သူ ကိုထက်မြက်ဦးသည် The Arts ကဏ္ဍတွင် ရွေးချယ်ခံရသူဖြစ်ကာ ၎င်းက အင်္ဂလန်တွင် စီးပွားရေးဘွဲ့ရရှိပြီး နှစ်နှစ်အကြာ ၂၀၁၄ တွင် လုပ်ငန်းကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တီးဟောက်စ်ကို မတည်ထောင်မီ Yangon Heritage Trust တွင် Public Relation Officer အဖြစ် လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်သည်ဟု သိရသည်။

မသက်မွန်အေးနှင့် ကိုဇာနည်နွေးဦး တို့ကလည်း Retail and E-Commerce ကဏ္ဍတွင် ရွေးချယ်ခံရ သူများဖြစ်ပြီး ၎င်းတို့သည် အဝေးပြေးဘတ်စ်ကား လက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ရောင်းချပြီး အိမ်အရောက် သို့မဟုတ် Convenience Store များမှ ပေးပို့သော လုပ်ငန်းကို လုပ်ကိုင်နေခြင်း ဖြစ်သည်။

ကိုရဲမြတ်မင်းနှင့် ကိုမျိုးထက်အောင်တို့ ဦးဆောင်သော Nex သည် Enterprise Tech ကဏ္ဍတွင် ရွေးချယ်ခံရခြင်းဖြစ်ကာ ၎င်းလုပ်ငန်းက Mobile Apps များနှင့် ၀က်ဘ်ဆိုက်များ ရေးဆွဲပေးသော လုပ်ငန်းဖြစ်ပြီး Ooredoo၊ TAC၊ Proximity Designs၊ Nexus Solutions၊ Yangon-Mandalay Directory စသည့် ကုမ္ပဏီများကို ၀န်ဆောင်မှု ပေးအပ်ဖူးသူများ ဖြစ်သည်။

ကိုဝေဖြိုးကျော် ဦးဆောင်သော Car.DB သည် Retail and E-Commerce ကဏ္ဍတွင် ရွေးချယ်ခံရပြီး ၎င်းသည် ယခင်က စင်ကာပူနိုင်ငံတွင် Software Engineer နှင့် Project Manager အဖြစ် လုပ်ခဲ့ဖူးသူဖြစ်သည်။ ထို့နောက် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာပြီး ၀က်ဘ်ဆိုက် နှစ်ခုအဖြစ် Jobs.DB နှင့် Cars.DB တို့ကို တည်ထောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

အဆိုပါ Forbes Asia မှ ရွေးချယ်သော အသက် ၃၀ နှစ်အောက် ထူးချွန်အောင်မြင်သည့် အာရှနိုင်ငံသားများ စာရင်း ၂၀၁၆ တွင် ကဏ္ဍ ၁၀ ခုအတွက် ၃၀၀ ဦးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မြန်မာလူငယ် ရှစ်ဦးက ကဏ္ဍငါးခုတွင် ရွေးချယ်ခံရခြင်းဖြစ်သည်။

စည်သူအောင် - Eleven Media Group

မှတ်ချက်များ