ဝါရင့်သတင်းသမားကြီးကို နလန်မထူအောင်အလဲထိုးလိုက်တဲ့ ဆယ်နှစ်ရွယ်ကျောင်းသူလေးများ.. (သို့) တိုင်းပြည်အနာဂါတ်၊ ပညာရေးနဲ့ သူတို့ရဲ့ ဂုဏ်ယူလေးစားဖွယ်မျိုးဆက်သစ်...
နိုင်ငံတခု လူမျိုးတမျိုးရဲ့ ဆက်လက်ရှင်သန်ကြီးပွားရေးအတွက် ဒီနေ့ခေတ်မှာ အထူးအရေးကြီးဆုံးက နောက်မျိုးဆက်တွေကို အသိပညာ အတတ်ပညာတွေကို ဘယ်လိုလက်ဆင့်ကမ်း သွန်သင်ပို့ချ လေ့ကျင်းပေးသွားမလဲဆိုတဲ့ ပညာရေးမူဝါဒက အထူးအရေးအကြီးဆုံးပဲဖြစ်တယ်။
တိုးတက်ဖွံဖြိုးတဲ့ လူချမ်းသာတိုင်းပြည်တွေမှာတော့ ပညာရေးရဲ့ရည်မှန်းချက်က နောက်မျိုးဆက်တွေကို ပြုစုပျိုးထောင်ရာမှာ ရှင်သန်ကြီးထွားဖို့ရာအတွက် လူတိုင်းမှာ မွေးရာပါအရည်အချင်းပါပြီးဖြစ်တယ် ဆိုတဲ့အခြေခံယူဆချက်နဲ့အညီ ကလေးတွေရဲ့ မွေးရာပါဗီဇ အရည်အသွေးတွေကို ပိုမိုတောက်ပြောင် ထူးချွန်လာအောင် ပံ့ပိုးပေးရေးဆိုတဲ့ အခြေခံမူဖြစ်တယ်။ ကလေးတွေရဲ့ မွေးရာပါဗီဇအရည်အသွေးကို ပျက်စီးစေနိုင်တဲ့ အတင်းအဓမ္မအရမ်းကာရော ဒါကျက်ဒါမှတ် သင်အံကြဆိုတဲ့ အမူအကျင့်တွေကိုရှောင်ရှားကြတယ်။ ဒီလိုသူတို့ရဲ့ မွေးရာပါဗီဇ အရည်အသွေးတွေကို ပိုမိုတောက်ပြောင် ထူးချွန်လာအောင် ပံ့ပိုးပေးတဲ့ ပညာရေးစနစ်ကြောင့် သူတို့တိုင်းပြည်က မျိုးဆက်သစ်တွေဟာ ငယ်ရွယ်စဉ်ကတည်းက အရာရာကို သူတို့ကိုယ်တိုင်လေ့လာ ဝေဖန်သုံးသပ်တတ်လာတယ်၊ သူတို့ဖာသာသူတို့ ရဲရဲဆုံးဖြတ် ပြောဆိုလုပ်ကိုင်လာတယ်။
ဒီလိုပညာရေးစနစ်ရဲ့ ရလာဒ်ကောင်းတခုအဖြစ် ကိုယ့်ကိုကိုယ် ယုံကြည်စိတ်အပြည့်နဲ့ တကယ့်ဧရာမ အရေးကိစ္စတခုကို ဆွေးနွေးငြင်းခုံရာမှာ ဗြိတိန်က ဆယ်နှစ်သမီးအရွယ် ကျောင်းသူလေး နှစ်ဦးက ဝါရင့်သတင်းအယ်ဒီတာကြီးတဦးကို နလန်မထူနိုင်အောင် နှိပ်ကွပ်သွားတာကို ကျေနပ်အားရမြင်တွေ့လိုက်ရတယ်။
ကမ္ဘာဝှန်းမှာ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးခြင်းကပ်တွေနဲ့ ရင်ဆိုင်နေရပေမယ့် လူချမ်းသားများတိုင်းပြည်မှာတော့ အဟာရလွန်ကဲမှုအကျိုးဆက်အနေနဲ့ အဝလွန်ရောဂါ (Obesity) ဟာ ကပ်ရောဂါတခုလိုရင်ဆိုင်နေရတယ်။ ဒီရောဂါဟာ အလွယ်သုံးလမ်းဘေးအစားအစာများနဲ့ အချိုရေမျိုးစုံကြောင့်လို့ ပညာရှင်တွေက စမ်းသပ်တွေ့ရှိ သတိပေးခဲ့တာကြာပြီဖြစ်ပေမယ့် ဘယ်တိုင်းပြည်အစိုးရကမှ ထိန်းချုပ်ဖို့အထူးတလည် အားထုတ်ခဲ့တာမရှိသေးပါ။ အကြောင်းကတော့ ဒီစားသောက်ကုန်လုပ်ငန်း ကုမ္ပဏီကြီးတွေရဲ့ သြဇာလွမ်းမိုးမှုကြောင့်ဖြစ်တယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကတော့ အင်္ဂလန်မှာ ဘေးထွက်ဆိုးကျိုးများတဲ့ ဒီစားသောက်ကုန် ထုတ်လုပ်ရေးလုပ်ငန်းတွေအပေါ် ထိန်းချုပ်စည်းကြပ်မဲ့ အကောက်ခွန်ဥပဒေတခု (သကြားခွန်-Suger Tax) ကို ပြဌာန်းခဲ့တယ်။ ဒီဥပဒေဟာ ၂၀၁၈ ခုနှစ်မှာ စတင်အသက်ဝင်မှာဖြစ်ပြီး ဥပဒေအရ အရေပမာဏ မီလီမီတာ (၁၀၀)မှာ သကြားဓါတ် (၈) ရာခိုင်နှုန်းနဲ့အထက်ပါဝင်တဲ့အချိုရေတွေကို အခွန်တိုးမြင့် ကောက်ခံမှာဖြစ်တယ်။ ဒါပေမယ့် ဒီဥပဒေအရ စည်းကြပ်ထိန်းချုပ်မဲ့ ပစ္စည်းအမျိုးအမည်တွေထဲမှာ သကြားထဲ့ထားတဲ့ သစ်သီးရည်တွေ၊ နွားနို့တွေနဲ့ အရေမဟုတ်တဲ့ သကြားနဲ့ထုတ်တဲ့ ချော့ကလက်နဲ့ ဘီစကစ်မုန့်လိုဟာမျိုးတွေမပါဝင်ပါဘူး။
ဒီဥပဒေကို (၈၈) ရာနှုန်းကထောက်ခံထားကြတယ်။
ဒါပေမယ် ကုမ္ပဏီတွေနဲ့ သူတို့ရဲ့သောက်ဖော်စားဖက် ရှေးရိုးစွဲကွန်ဆာဗေးတစ် နိုင်ငံရေးသမားတွေ၊ သတင်းသမားတချို့နဲ့ ပညာရှင်ဆိုသူတွေကတော့ ကုမ္ပဏီတွေရဲ့ အကျိုးအတွက် ဒီဥပဒေကို ကန့်ကွက်ကြ၊ ကဲ့ရဲ့ပုံဖျက်နေကြတယ်။ အဲဒီအထဲမှာက ဘီဘီစီက သတင်းသမားတချို့ကလဲ အပါအဝင်ဖြစ်တယ်။
တိုက်ရိုက်လွင့်ထုတ်တဲ့ ဘီဘီစီ(ရုပ်သံ)ရဲ့ကလေးများအစီအစဉ်မှာ ကလေးတွေကိုဖိတ်ခေါ်ပြီး မျက်မှောက်ရေးရာတွေအပေါ် သူတို့ရဲ့အမြင်တွေ တင်ပြပေးလေ့ရှိတယ်။ သကြားခွန်ဥပဒေနဲ့ ပါတ်သက်ပြီးတော့လဲ ဖိတ်ခေါ်ဆွေးနွေးခန်းတခုတင်ဆက်ခဲ့တယ်။ အဲဒီမှာပဲ ကွန်ဆာဗေးတစ် သတင်းသမား ဆွေးနွေးခန်းကိုကြီးကြပ်ဧည့်ခံတင်ဆက်သူရဲ့ ကုမ္ပဏီတွေအကျိုးအတွက် ဒီဥပဒေကို ဆန့်ကျင်တင်ဆက်လိုတဲ့သဘောထားကို အရှက်တကွဲ အကျိုးနဲပွင့်ကျသွားစေခဲ့တယ်။ ဥပဒေကိုထောက်ခံ ဆွေးနွေးကြတဲ့ ဆယ်နှစ်အရွယ် ကျောင်းသူလေးနှစ်ဦးရဲ့ ချက်ကျလက်ကျနဲ့ ရဲရဲတင်းတင်းထောက်ပြချေပသွားတာက အရွယ်နဲ့မလိုက်အောင် အံ့ဘနန်း တည်ငြိမ်ရင့်ကျက်လှတယ်။ သတင်းအယ်ဒီတာဟောင်း ဝါရင့်သတင်းသမား (Andrew Neil) မျက်နှာကြီး နီရဲရှုံတွသွားအောင် အလဲထိုးခံလိုက်ရတယ်။
အစိုးရနဲ့ ဥပဒေပြုရေးက သကြားခွန်ဥပဒေလို စားရေးသောက်ရေး၊ လူမှုရေးနဲ့ ကျန်းမာရေးလို ကိစ္စတွေကို ဝင်ရောက်စွက်ဖက်နေတာက မသင့်တော်သလို နှပ်ကြောင်းပေးပြီး ဝါရင့်သတင်းသမား (Andrew Neil) က ကလေးမလေးတွေကို ပမာမခန့် ဗိုလ်ကျကျနဲ့စကားဆင်လိုက်တယ်။
ကလေးမလေးနှစ်ဦးလုံးက သူ့နှပ်ကြောင်းထဲလိုက်မသွားပဲ တယောက်သော ကလေးမလေး ရှားလော့(Charlotte) က
“မစ္စတာ နေးလ် ကားစီးရင် မဖြစ်မနေ ခါးပတ်တပ်ရမယ်ဆိုတဲ့ ဥပဒေပြဌာန်းခဲ့တဲ့ ၁၉၈၃ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့ကို သတိရပါရဲ့လား၊ အဲဒီအချိန်က ဒီဥပဒေကို လူတွေကမကြိုက်ခဲ့ကြဘူး။ ဒါပေမယ့် ဒီဥပဒေက နှစ်စဉ်လူဘယ်ယောက်ကို ကယ်တင်ခဲ့တယ်ဆိုတာကို သိပါရဲ့လား”
နေးလ်(Andrew Neil)က ငေါ့သလိုနဲ့ကလေးမလေးကိုဖြတ်ပြောတယ်
“ မင်းပဲ ငါ့ကိုပြောပြနိုင်မယ်ထင်ပါတယ်” ရှားလော့က နေးလ်မျက်နှာကိုစိုက်ကြည့်ပြီး ပြောလိုက်တယ်။
“ ဟုတ်ကဲ့ပြောနိုင်ပါတယ်၊ တနှစ်ကိုလူ သုံးရာလောက်ရှိတယ်၊ ဒါဟာအစိုးရရဲ့ (လုပ်သင်လုပ်ထိုက်တာ) ဆောင်ရွက်ခဲ့မှုကြောင်ဖြစ်တယ်”
ဒါကိုမသိသလို သိသလိုလုပ်ရှောင်လွဲတဲ့သဘောနဲ့ ဝါရင့်သတင်းသမားကြီးက တခြားကလေးမလေးဖြစ်တဲ့ ဟင်နရိတ္တ(Henrietta ) ဖက်လှည့်ပြီး မင်းသဘောကကောဘယ်နှယ်လဲလို့ မေးလိုက်တယ်။
ကလေးမလေး ဟင်နရိတ္တ(Henrietta )ကလဲ သူသဘောတူကြောင်းနဲ့ “ တကယ်လို့ လူတွေရဲ့အသက်ကိုကာကွယ်နိုင် စောင့်ရှောက်နိုင်တယ်၊ အမျိုးသားကျန်းမာလုံခြုံမှုကို အထောက်အကူဖြစ်တယ်ဆိုရင် ကောင်းတာပဲလို့ ထင်ပါတယ်။ ဆိုတော့ ဘာလုပ်သင့်တယ်ဆိုတာကိုပြောသင့်တာပေါ့” ကလေးမလေးတွေရဲ့ အချက်ပိုင်ပိုင်ဆွေးနွေချက်ကို ဇဝေဇဝါဖြစ်သွားအောင် နောက်ဆုံးအားထုတ်တဲ့အနေနဲ့ ဝါရင့်သတင်းသမားကြီးက
“ငါမင်းတို့အရွယ်တုန်းကဆိုရင် တယာက်ယောက်က ဒါမလုပ်နဲ့ဆိုရင် လုပ်ဖြစ်အောင်ကိုလုပ်ခဲ့တယ်” လို့ပြောပြန်တယ်။
ဒါကိုရှားလော့က မျက်လုံးချင်းတဲ့တဲ့ဆိုင်ကြည့်ပြီး ပြောလိုက်တာက
“ ဒါဆိုလူကြီးမင်းဟာ ကျန်းမာရေးအကြောင်း လူမှုဝန်းကျင်အကြောင်း ကောင်းကောင်း မသင်ယူ မလေ့လာခဲ့လို့ ဖြစ်မယ်ထင်ပါတယ်"လို့ ပြန်နှက်တာကို ဝါရင့်သတင်းထောက်ကြီးခမျာ လူတော်တော်များများဟာ ဒီလိုပဲပြောတာပါဘဲလို့ လျောချ အရှုံးးပေးလိုက်ရတယ်။
ကလေးမလေးတွေကို လေးစားချီးမွမ်းမိရင်းက..
သပိတ်မှောက်ကျောင်းသားတွေနဲ့ အမျိုးသားပညာရေးပြုပြင်ပြောင်းလဲရေးကော်မတီရဲ့ တောင်းဆို အကြံပြုချက်ကို ပစ်ပယ်ပြီး ဗမာပြည်က စစ်အုပ်စုနဲ့ အတိုက်အခံ အန်အယ်ဒီတို့ ပြီးခဲ့တဲ့လွတ်တော်ကနေ ပြဌာန်းခဲ့တဲ့ ပညာရေးဥပဒေပါ စနစ်က ဒီမျိုးဆက်သစ်မျိုးတွေကို မွေးထုတ်ပေးနိုင်ပါ့မလား။
ဗမာပြည်က အရွယ်ရောက်ပညာတတ်ဆိုတဲ့ လူကြီးအတော်များများဟာ ဒီဆယ်နှစ်သမီးလေးတွေလောက် ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ ကိုယ်ယုံကြည်ဇရာကို ချက်ကျလက်ကျ ဆွေးနွေးနိုင်ကြပါ့မလားလို့ သံသယပွားနေမိတယ်။
ရုပ်သံဖိုင်လင့် <https://www.youtube.com/watch?v=8YhwSXxzAKk>
ရဲဘောကျော်သန်း
1.Watch BBC host Andrew Neil get schooled on his Tory bias, by a 10 year old<http://www.thecanary.co/…/watch-10-year-old-girl-school-bb…/>
2.'Maybe you weren't educated properly!' Unbelievable moment Andrew Neil is slammed by a 10-year-old schoolgirl during sugar tax debate <http://www.dailymail.co.uk/…/Maybe-weren-t-educated-properl…>
3.UK introduces sugar tax on soft drinks, Jamie Oliver urges Australia to follow <http://www.smh.com.au/…/uk-introduces-sugar-tax-on-soft-dri… >



မှတ်ချက်များ