ဦးနှောက်အမြှေးရောင် ရောဂါကြောင့် ဆယ်ရက်အတွင်း ကလေးငါးဦးသေဆုံး
မတ်လ ၁၄ ရက်နေ့ ကလည်း မန္တလေး ကလေးဆေးရုံမှာ ကလေးတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ အစောပိုင်းမှာဖြစ်ပွားခဲ့တဲ့ ကူးစက်မြန် ပြင်းထန် ဦးနှောက်အမြှေးရောင် ရောဂါ (Neisseria Meningitidis) ကြောင့် မန္တလေးတိုင်း သာစည်မြို့နယ်မှာ ဆယ်ရက်အတွင်း ကလေးငါးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရောဂါစတင်တွေ့ရှိခဲ့တဲ့ မတ်လ ၅ ရက်နေ့ ကနေ ၉ ရက်နေ့အထိ ကလေးငယ်လေးဦးသေဆုံးခဲ့ပြီး မတ်လ ၁၄ ရက်နေ့ မှာလည်း မန္တလေး ကလေးဆေးရုံမှာ ကလေးတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ထပ်မံသေဆုံးခဲ့တဲ့ ကလေးငယ်က မိတ္ထီလာဆေးရုံကြီးကနေ မန္တလေးမြို့ ကလေးဆေးရုံကြီးကို လွှဲပြောင်းကုသမှုခံယူနေတာဖြစ်တယ်လို့ မန္တလေးခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာသက်ဆွေက ပြောပါတယ်။
‘‘လောလောဆယ် ဦးနှောက်အမြှေးရောင်ရောဂါနဲ့ မိတ္ထီလာဆေးရုံကြီးကနေ လွှဲပြောင်းကုသမှု ခံယူတဲ့ ကလေးနှစ်ဦးရှိတယ်။ ငါးနှစ်အရွယ်နဲ့ ခြောက်လသား အရွယ် ကလေးတွေပါ။ လောလောဆယ် အချိန်အထိတော့ အခြေအနေမဆိုးပါဘူး’’လို့ ဒေါက်တာသက်ဆွေက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီးမှာ မိတ္ထီလာ၊ သာစည်တို့မှာ ဖြစ်နေတဲ့ ရောဂါပုံစံမျိုး မရှိသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦး စီးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။
ဒီရောဂါအတွက် ကာကွယ်ဆေး မြန်မာနိုင်ငံမှာ မရှိသေးတာကြောင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားကျနေသူတွေ သတိထားသင့်ပြီး အာဟာရပြည့်ဝအောင် စားသုံးဖို့ လိုအပ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတိပေးထားပါတယ်။
Source : 7Day Daily
Photo : intelligonews,bioquell.asia


မှတ်ချက်များ