Asia's Next Top Model Season 4 ၏ ပဉ္စမမြောက် ရက်သတ္တပတ်တွင် မြန်မာမော်ဒယ်လ် မေမြတ်နိုးက ရမှတ်အများဆုံး ၄၈ မှတ်ဖြင့် နောက်တစ်ဆင့် ထပ်မံပါဝင်ခွင့်ရရှိ


Asia's Next Top Model Season 4 ၏ ပဉ္စမမြောက် ရက်သတ္တပတ်တွင် မြန်မာမော်ဒယ်လ် မေမြတ်နိုးက ရမှတ်အများဆုံး ၄၈ မှတ်ဖြင့် နောက်တစ်ပတ် ထပ်မံပါဝင်ခွင့် ရရှိခဲ့ပြီး စက်တင်ဘာလတွင် အမေရိကန်နိုင်ငံ နယူးရော့ခ်မြို့၌ ပြုလုပ်မည့် New York Fashion Week သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ယခုရက်သတ္တပတ်တွင် ပြိုင်ပွဲဝင် ကိုးဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး Maybelline New York မှ ပါဝင်ခဲ့သည့် အထူးပြုရက်သတ္တပတ် ယှဉ်ပြိုင်မှုလည်းဖြစ်သည်။

ယခုရက်သတ္တပတ် ယှဉ်ပြိုင်မှုတွင် ပထမဦးစွာ ထိုင်းနိုင်ငံမှ ဒီဇိုင်နာ၏ ထူးခြားစွာ တီထွင်ဖန်တီးထားသည့် ၀တ်စုံများကို ၀တ်ဆင်ကာ မိမိနှစ်သက်သည့် ကိုယ်ဟန်အနေအထား တစ်ခုဖြင့် မိနစ် ၃၀ ကြာနေ၍ ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး အဆိုပါ ယှဉ်ပြိုင်မှုတွင် တောင်ကိုရီးယားနိုင်ငံမှ မော်ဒယ်လ် Sang In က အမှတ်အများဆုံး ရရှိခဲ့သည်။ ထို့နောက် ဓာတ်ပုံရိုက်ကူးမှု ယှဉ်ပြိုင်ရာတွင် Maybelline New York ၏ ရက်သတ္တပတ်အဖြစ် ပါဝင်ယှဉ်ပြိုင်စေခြင်း ဖြစ်သည်။ ယခုရက်သတ္တပတ်တွင် သုံးယောက်တစ်ဖွဲ့စီခွဲ၍ ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် ထိုင်းဒီဇိုင်နာ၏ ၀တ်စုံများကို ၀တ်ဆင်ယှဉ်ပြိုင်မှုတွင် အမှတ်အများဆုံး ရရှိခဲ့သည့် ကိုရီးယားမော်ဒယ်လ်က အဖွဲ့ဖွဲ့ခွင့်ကို ရရှိခဲ့သည်။

သုံးယောက်တစ်ဖွဲ့စီခွဲ၍ Maybelline ၏ Theme Photo အဖြစ် IT Girl ခေါင်းစဉ်ဖြင့် ဓာတ်ပုံရိုက်ကူး စေခြင်းဖြစ်သည်။ သုံးယောက်တစ်ဖွဲ့စီ၏ လိုက်ဖက်စွာ ညှိနှိုင်းကာ ကိုယ်ဟန်အနေအထား ထားရှိနိုင်မှု၊ Theme နှင့်လိုက်ဖက်သည့် IT Girl ပုံစံဖြင့် လိုက်ဖက်သည့် ယှဉ်ပြိုင်မှုများမူတည်ကာ ဓာတ်ပုံ ရိုက်ကူးပြီးနောက် ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။

ပဉ္စမမြောက် ရက်သတ္တပတ်၏ ယှဉ်ပြိုင်မှုတွင် မြန်မာမော်ဒယ်လ် မေမြတ်နိုးသည် အကဲဖြတ်ဒိုင်များအားလုံး၏ ချီးကျူးမှုကို ခံခဲ့ရပြီး ရမှတ် ၄၈ မှတ်ဖြင့် အမှတ်အများဆုံး ပြိုင်ပွဲဝင်အဖြစ် နောက်တစ်ပတ်တွင် ထပ်မံပါဝင်ခွင့် ရရှိခဲ့သည်။ ယင်းအတွက် အထူးဆုအဖြစ် စက်တင်ဘာလတွင် နယူးရော့ခ်မြို့၌ ပြုလုပ်မည့် New York Fashion Week တွင် တက်ရောက်ခွင့် ရရှိမည်ဖြစ်ကာ လက်မှတ်နှစ်စောင် ရရှိထားခြင်းဖြစ်သည်။ ယခုရက်သတ္တပတ်တွင် ဟောင်ကောင်မှ ပါဝင်ယှဉ်ပြိုင်သည့် Jessica က ရမှတ်အနည်းဆုံး ဖြစ်ခဲ့ကာ ပြိုင်ပွဲမှ နှုတ်ဆက်ထွက်ခွာ သွားခဲ့ရသည်။

အမှတ်အများဆုံး ရရှိခဲ့သည့် ရက်သတ္တပတ်နှင့် ပတ်သက်၍ "နယူးရော့ခ်ဖက်ရှင် ရက်သတ္တပတ်ကို တက်ခွင့်ရမယ်ဆိုတော့ အမှတ်အများဆုံး အရမ်းဖြစ်ချင်တယ်။ ဒါပေမယ့် အရမ်းကြီးလည်း မမျှော်လင့်ထားရဲဘူး။ တကယ်တမ်း အဖွဲ့လိုက် ယှဉ်ပြိုင်တဲ့ အခါမှာတော့ မြတ်နိုးတို့ အဖွဲ့မှာ ပါဝင်တဲ့သူ သုံးယောက်လုံး သေချာညှိနှိုင်းပြီး ပါဝင်ခဲ့ပါတယ်။ ဒိုင်တွေရဲ့ သုံးသပ်ချက်တွေကို ကြားရတဲ့အခါ အရမ်းလည်း ပျော်ရွှင်ပြီး အားတက်ရပါတယ်။ ရမှတ်တွေကို ကြေညာလို့ ကိုယ်ကအမှတ်အများဆုံး ဖြစ်နေတာကို သိလိုက်ရတဲ့ အချိန်မှာတော့ အရမ်းကို ပျော်သွားတာ။ အခုလိုမြတ်နိုး အမှတ်အများဆုံးရခဲ့တာ တစ်ယောက်တည်း တော်လို့လည်း မဟုတ်ပါဘူး။ ကျန်တဲ့ အဖွဲ့ဝင်နှစ်ယောက်ကလည်း ညှိနှိုင်းပြီး အပြန်အလှန် ပူးပေါင်းလုပ်ဆောင် ခဲ့ကြလို့ပါ။ ဒါကြောင့် သူတို့နှစ်ယောက်ကိုရော ဒိုင်တွေကိုပါ ကျေးဇူးတင်ပါတယ်။ မြတ်နိုးတို့အဖွဲ့ထဲက Jessica ထွက်သွားရတဲ့ အတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်" ဟု မေမြတ်နိုးက ဆိုပါသည်။

Asia's Next Top Model Season 4 ၏ ပဉ္စမမြောက် ရက်သတ္တပတ်တွင် ပြိုင်ပွဲဝင် ကိုးဦးယှဉ်ပြိုင်ခဲ့ပြီး တစ်ဦးထွက်ခွာ သွားခဲ့ရ၍ ဆဋ္ဌမမြောက် ရက်သတ္တပတ်တွင် ကျန်ရှိသည့်ပြိုင်ပွဲဝင် ရှစ်ဦးက ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

လင်းလင်းခိုင် - Eleven Media

မှတ်ချက်များ