"တောင်းဆိုချက်များမရသေး၍ သပိတ်မလှန်သေးသော်လည်းလမ်းပေါ်ထွက်ဆန္ဒပြမည်မဟုတ်ဟုကျောင်းသားခေါင်းဆောင်များပြော"
အမျိုးသားပညာရေး သပိတ်မှောက်ကျောင်းသားများသည် တောင်းဆိုထားသည့် အချက် ၁၁ချက်မရသေးသည့်အတွက် သပိတ်မှောက်ထားမည်ဖြစ်သော်လည်း လမ်းပေါ်ထွက်၍ ဆန္ဒပြတောင်းဆိုမူများပြုလုပ်သွားမည် မဟုတ်ကြောင်း ပင်မကျောင်းသားသပိတ်မှ ကျောင်းသားခေါင်းဆောင်များက ပြောကြားလိုက်သည်။
"သပိတ်ကမှောက်ထားဆဲပဲ။သပိတ်ကိုမလှန်သေးဘူးဆိုတဲ့အချက်က ကျွန်တော်တို့တောင်းဆိုထားတာ မရသေးဘူး။မရသေးတဲ့အတွက် ကျွန်တော်တို့ ဒီဟာကိုဆက်ပြီးတောင်းဆိုရမယ်ဆိုတဲ့သဘောပါ။ဒါပေမယ့် အရင်အစိုးရလက်ထပ်ကလို လမ်းပေါ်ထွက်ပြီးလုပ်မှာမဟုတ်ပါဘူး။အရင်အစိုးရလက်ထပ်က လုပ်ခဲ့တယ်ဆိုတာက တွေ့ဆုံဆွေးနွေးမူကို နားမလည်တဲ့အစိုးရဖြစ်နေတဲ့အတွက် ဒီနည်းကိုသုံးရတာဖြစ်တယ်။အခုလက်ရှိအစိုးရက ဒီဟာကို နားလည်တယ်။တန်ဖိုးထားတဲ့အစိုးရဖြစ်တယ်လို့ ယု့ကြည်တယ်။
ကျွန်တော်တို့ သပိတ်ဆက်ရှိနေတယ်ဆိုတာက ကျွန်တော်တို့ တောင်းဆိုတဲ့အချက် ၁၁ချက် ကိုတောင်းဆိုဖို့အတွက် အခုအစိုးရနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့သဘောပါ "ဟု ပင်မသပိတ်ကျောင်းသားအဖွဲ့မှ ဗကသကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ်က ပြောသည်။
အမျိုးသားပညာရေးဥပဒေအတွက် လက်ရှိအစိုးရနှင့် ဆွေးနွေးမူများပြုလုပ်သွားမည်ဖြစ်ပြီး တောင်းဆိုထားသည့် အချက် ၁၁ချက်ကို လက်ရှိအစိုးရထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဗကသကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်က ပြောသည်။
"ကျွန်မတို့က အချက်၁၁ချက်ကိုတောင်းဆိုထားတယ်။ဦးသိန်းစိန်အစိုးရက ကျွန်မတို့ကိုကတိကဝတ်တွေပေးထားသော်လည်း ကတိတွေဖျက်ပြီးကျွန်မတို့ကို ဖမ်းဆီးခဲ့တယ်။လေးပွင့်ဆိုင်ဆွေးနွေးမူတုန်းက သဘောတူတဲ့အချက်တွေလည်း လွှတ်တော်ထဲမှာ ဆွေးနွေးတော့ ပြုတ်ကျကျန်ခဲ့တယ်။ပြုကျကျန်ခဲ့တဲ့ အချက်တွေကို မရမချင်း သပိတ်က ဆက်ရှိနေမယ်ဆိုတဲ့သဘောပါ။လမ်းပေါ်ထွက်ပြီး ဆန္ဒပြတောင်းဆိုမူမျိုးလုပ်မှာ မဟုတ်ပါဘူး"ဟု မဖြိုးဖြိုးအောင်က ပြောသည်။
ဧပြီ၈ရက်ညပိုင်းတွင် ဖမ်းဆီးခံကျောင်းသားများလွတ်လာခဲ့ရာ ကျောင်းသားခေါင်းဆောင်အချို့ကသပိတ်မလှန်သေးကြောင်းပြောဆိုခဲ့သောကြောင့်သပိတ်မှောက် ကျောင်းသားများပြန်လွှတ်ရေးကြိုးပမ်းပေးခဲ့သောအစိုးရသစ်နှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ကျေးဇူးကိုမသိ့တက် ဟုလည်းကောင်း၊ပြည်သူ့အစိုးရသစ်လက်ထက်တွင် တည်ဆောက်ရေးလုပ်ရမည်ဖြစ်ပြီးတော်လှန်ရေးလုပ်ရမည့်အချိန်မဟုတ်ဟုလည်းကောင်းပြည်သူအချို့ကကျောင်းသားများအပေါ် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
7day

မှတ်ချက်များ