ဇာတိ ရွှေဘိုမှ ဖီးနစ်ငှက်

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို စစ်ကိုင်းတိုင်းလွှတ်တော်အတွင်း တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
‘‘ရွှေဘိုသားပီပီ စိတ်ဓာတ်ခိုင်ခိုင် မာမာနဲ့ အကုန်လုံးကို ရင်ဆိုင်နိုင်ခဲ့လို့ ဒီအခြေအနေ ရောက်လာတာ’’

၁၅ နှစ်ခန့် အကျဉ်းချခံခဲ့ရပြီး ထောင်မှပြန်လည်လွတ်မြောက်လာချိန်တွင် စားဝတ်နေရေးအတွက် ကလေးကစားစရာ လေထိုးရုပ်လေးများ ရောင်းချရသည်အထိ အခြေပျက်ခဲ့သော်လည်း ဒေါက်တာမြင့်နိုင်သည် သူ၏ယုံကြည်ချက်ကို ဘယ်တော့မှ မစွန့်လွှတ်ခဲ့။ ဆေးလက်မှတ်ရုပ်သိမ်းခံရခြင်း၊ မိသားစုစီးပွားရေးလုပ်ငန်းများ အဆင်မပြေစေရန် အာဏာပိုင်များ၏ အငြိုးထားနှောင့်ယှက်ခံရခြင်းကဲ့သို့ အဆိုးဆုံးအခြေအနေများ ကြုံတွေ့ခဲ့ရသော်လည်း မီးပုံထဲမှ ထပျံနိုင်သော ဖီးနစ်ငှက်ကဲ့သို့ပင် ဒေါက်တာမြင့်နိုင်က သူ၏နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ကိုင်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် အမြဲရပ်တည်ခဲ့သကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးအနေဖြင့် ပါတီလုပ်ငန်းများကို ဦးစီးဦးဆောင်လုပ်ကိုင်ခဲ့သည်။ ထို့အတွက် ၁၉၉၀၊ ၂၀၁၂နှင့် ၂၀၁၅ ရွေးကောက်ပွဲများ၌ သုံးကြိမ်ဆက် အနိုင်ရရှိခဲ့ပြီးနောက် ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရအဖွဲ့သစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့လေပြီ။

‘‘သူက တစ်လျှောက်လုံး အနစ်နာခံခဲ့တယ်။ တကယ် ပေးဆပ်ပြီး လုပ်ခဲ့တယ်။ ထောင်ဆိုတာ သူ့အိမ်ပေါ့လို့ သူပြောတာ။ တကယ်လို့များ ကြိုးပေးမယ်ဆိုရင်တောင် သူက ဂုဏ်ပြုတဲ့ပန်းကုံးစွပ်တယ်လို့ ခံယူမယ်လို့ပြောတာ။ အဲဒီလိုခံယူပြီး လုပ်ခဲ့တာ’’

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်လာသူ ဒေါက်တာမြင့်နိုင်ကို လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်သည့် ဒေါက်တာ ဇော်ဝင်းက မှတ်ချက်ပြုခြင်းဖြစ်သည်။ ဒေါက်တာဇော်ဝင်းသည် အရာတော်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ လက်ရှိတိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဖြစ်ပြီး ရွှေဘိုဇာတိဖြစ်ကာ ငယ်စဉ်ကတည်းက ဒေါက်တာမြင့်နိုင်နှင့်အတူ တစ်ကျောင်းတည်း အတူတက်ခဲ့သူ၊ တစ်ရပ်ကွက်တည်း၊ တစ်မြို့တည်းသားဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲမှစတင်ကာ နိုင်ငံရေးအရလည်း ဒေါက်တာမြင့်နိုင်နှင့်အတူလက် တွဲလုပ်ကိုင်ခဲ့သူဖြစ်သည်။

‘‘အစိုးရအဖွဲ့ကို သူ (ဒေါက်တာမြင့်နိုင်) ကောင်းကောင်းဦးဆောင်နိုင်မှာပါ။ သူက တော်လှန်ရေးကာလတုန်းကတော့ သစ်ခုတ်သမားပေါ့။ အခုလည်း ပန်းပုကောင်းကောင်းထုနိုင်တယ်လို့ ယုံကြည်ပါတယ်’’ ဟု ဒေါက်တာဇော်ဝင်းက မှတ်ချက်ပြုသည်။

အသားညိုညို၊ အရပ် အမောင်း ထောင်ထောင်မောင်းမောင်း၊ အသံခပ်ပြတ်ပြတ်ဖြင့် စကားကို ရှင်းရှင်းဘွင်းဘွင်းပြောတတ်သည့် အသက် (၆၅) နှစ်အရွယ် ဒေါက်တာမြင့်နိုင်သည် လက်ရှိအချိန်တွင်တော့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။

နှစ် ၅၀ ကျော်ကြာ စစ်အာဏာရှင်စနစ် ကြီးစိုးခဲ့ကာ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည့်အဘက်ဘက်မှ ချွတ်ခြုံကျနေသည့် မြန်မာနိုင်ငံကို ပြန်လည်ဦး မော့လာစေရန် စွမ်းဆောင်နိုင်မည့်အခွင့်အရေးတစ်ရပ် ရရှိလာပြီဖြစ်သည်။

‘‘အဂတိကင်းတဲ့၊ သန့်ရှင်းတဲ့ အစိုးရတစ်ရပ်ပေါ်ထွက်လာအောင် လုပ်မယ်’’

ဒေါက်တာမြင့်နိုင်သည် သူဦးဆောင်မည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကို အဂတိကင်းစင်သည့်၊ အများပြည်သူယုံကြည်ကိုးစားလောက်သည့် အစိုးရတစ်ရပ်ဖြစ်လာအောင် ဦးစီးလုပ်ကိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အတိတ်က ဖြစ်ရပ်များအတွက် အာဃာတမထား အမုန်းပွားမနေဘဲ အမျိုးသားရင်ကြားစေ့ရေးနှင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် အတူတကွ ပူးပေါင်းလုပ်ကိုင်ကြရ မည်ဖြစ်ကြောင်း ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

သူ့ဘဝ တစ်လျှောက် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် အခက်အခဲများအကြောင်းကို မေးမြန်းရာတွင် ဒေါက်တာမြင့်နိုင်က အသေးစိတ် ပြန်လည်ပြောပြလိုဟန်မရှိ။

‘‘မပြောတော့ပါဘူးကွာ။ ပြောရင်လည်း အများကြီးပဲ။ ဟား...ဟား...ဟား’’

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်နားနေခန်းအတွင်းရှိ ဆိုဖာခုံပေါ်တွင် ထိုင်နေရင်းဖြင့် သူ၏အတိတ်အကြောင်း မေးမြန်းသည်များကို ရယ်ရယ်မောမော၊ ပေါ့ပေါ့ပါးပါးဖြင့် ပြန်လည်ဖြေကြားသည်။

ဒေါက်တာ မြင့်နိုင်သည် ၁၉၆၉ မှ ၁၉၈၀ ပြည့်နှစ်အထိ မန္တလေး ဆေးတက္ကသိုလ်တွင် ပညာသင်ယူခဲ့ပြီး ဒေါက်တာဘွဲ့ (M.B;B.S) ရရှိခဲ့သည်။ ဆေးတက္ကသိုလ်တက်ရောက်နေစဉ်အတွင်း ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းတွင် ပါဝင်မှုဖြင့် ၂ နှစ်ကျောင်းထုတ်ခံရသည်။ ပညာသင်ကြားတတ်မြောက်လာသည်နှင့်အမျှ ထိုစဉ်က နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် မတရားမှု၊ ဖိနှိပ်မှုများကို တွန်းလှန်နိုင်ရန် ကြိုးစားခဲ့ပြီး ၈၈ အရေးအခင်းကာလ နောက်ပိုင်းတွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနောက်လိုက်ပါခဲ့ပြီး နိုင်ငံရေးသမားဖြစ်လာခဲ့သည်ဟု ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

‘‘မတရားတာတွေကို တွန်းလှန်ချင်တဲ့စိတ်ကြောင့် ခေါင်းဆောင်နောက်လိုက်ခဲ့တယ်၊ နိုင်ငံရေးလုပ်ခဲ့တယ်’’ဟု ဒေါက်တာမြင့်နိုင်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲမတိုင်မီအထိ ဒေါက်တာမြင့်နိုင်သည် ကန့်ဘလူမြို့နယ် ကာဘိုးရွာတွင် ဆေးခန်းဖွင့်ကာ ဆေးဝါးကုသပေးခဲ့သည်။ ဒေါက်တာမြင့်နိုင်သည် မြွေကိုက်ခံရသည့် လူနာများအား ဆေးကုသပေးရာတွင် သက်သာပျောက်ကင်းသည်ဟု နာမည်ကျော်သော မြွေဆိပ်ကုဆရာဝန်တစ်ဦးဖြစ်သည်ဟု ကန့်ဘလူဒေသခံများက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင် ကန့်ဘလူမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည့် ဒေါက်တာမြင့်နိုင်သည် ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အသိအမှတ်မပြုသည့်အတွက် စင်ပြိုင်အစိုးရဖွဲ့စည်းရာမှ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရသည်။

ထောင်ဒဏ်ချမှတ်ခံနေရစဉ်အတွင်း ဆေးလိုင်စင် ပြန်လည်သိမ်းယူခံခဲ့ရသလို မိသားစုဘဝလည်း ပြိုကွဲခဲ့သည်။ အကျဉ်းထောင်အတွင်း ကျခံနေရစဉ် နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းမှုဖြင့် နောက်ထပ်ထောင်ဒဏ် ငါးနှစ်ထပ်မံ ကျခံခဲ့ရပြီး ၂၀၀၄ ၌ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာချိန်တွင်မူ စားဝတ်နေရေးအတွက် အခက်ခဲဆုံးအခြေအနေများနှင့် ကြုံတွေ့ခဲ့ရပြီး ထီဆိုင်ဖွင့်ကာ ဈေးရောင်းခြင်း၊ ကလေးကစားစရာလေထိုးအရုပ်ကလေးများ ရောင်းချခြင်းတို့ကို လုပ်ကိုင်ခဲ့ရသည်ဟု ဒေါက်တာမြင့်နိုင်က ပြောသည်။

‘‘၂၀၀၄ ထောင်က ထွက်လာတော့ လူတွေက ဖိနှိပ်ခံထားရတော့ ကြောက်လန့်နေကြတယ်။ ဆရာတို့ လက်ဖက်ရည်ဆိုင်ထဲ ဝင်ထိုင်ပြီဆိုရင် ကျန်တဲ့လူတွေ ထထွက်သွားကြတယ်။ အသုဘလိုက်ပို့ချင်တာတောင်မှ ဆိုင်ကယ်ပေါ်တင်တဲ့သူမရှိဘူး’’ ဟု ဒေါက်တာမြင့်နိုင်က သူကြုံခဲ့ရသည့်အခြေအနေကို ပြောပြသည်။

‘‘အဲဒီ ကာလတွေကတော့ စားဝတ်နေရေးအတွက် တော်တော်ကို ခက်ခဲခဲ့တယ်။ ဘုန်းကြီးကျောင်းအိပ်၊ ဘုန်းကြီးကျောင်းစားပေါ့’’

ဇနီးသည်သည် ၈၈ အရေးအခင်းတွင် ပါဝင်ခဲ့ပြီး အမျိုးသမီးနိုင်ငံရေးလှုပ်ရှားသူ၊ ဒီချုပ်ပါတီ၏စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာတာဝန်ခံဖြစ်သည့်အတွက် ၂၀၀၇ ရွှေဝါရောင်တော် လှန်ရေးကာလ၌ ထောက်လှမ်းရေးအဖွဲ့များ၏ စောင့်ကြည့်ခြင်း၊ နှောင့်ယှက်ခြင်းများ ပိုမိုခံခဲ့ရသည်ဟု ဆိုသည်။

ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက နေအိမ်ရှေ့မှ အမြဲတစေစောင့်ကြည့်နေတတ်ပြီး ဇနီးသည်ဖွင့်ထားသည့် အလှပြင်ဆိုင်သို့ လာရောက်သော ဧည့်သည်များကိုလည်း အပြန်တွင် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက မကြာခဏ ခေါ်ယူစစ်ဆေးမေးမြန်းခြင်းများကြောင့် ဧည့်သည်များ မလာတော့သည်အထိဖြစ်ခဲ့ရသည်ဟု ဒေါက်တာမြင့်နိုင်က ပြောသည်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရသလို မိသားစုစားဝတ်နေရေးအတွက် အခက်အခဲများနှင့်ကြုံတွေ့ခဲ့ရသော်လည်း ဖိနှိပ်ခံနေရပြီး အကြောက်တရားလွှမ်းမိုးနေသည့် ပြည်သူလူထုအတွက် ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပြည်သူလူထုရှေ့မှ မားမားမတ်မတ် ရပ်တည်ခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာမြင့်နိုင်က ဆိုသည်။

‘‘နှစ် ၉၀ ပြည့်ရွေးကောက်ပွဲကို ဘယ်သူက ပြက်ပြက်ထင်ထင် ပြောဖူးလဲ။ စစ်အစိုးရက အသိအမှတ်မပြုပေမယ့် ပျက်ပြယ်သွားမှာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်တို့က Still MP (ရွေးကောက်ခံကိုယ်စားလှယ်) ပဲ။ ပြည်သူ့ရှေ့ကသွားမှာ။ ကြည့်လိုက်တော့ ပြည် သူတွေက အကြောက်တရားတွေ လွှမ်းမိုးနေတယ်။ အဲဒါကို ငါကပါ ကြောက်နေရင် ဘယ်သူတွေ ရှိတော့မှာလဲ’’ဟု မဲဆန္ဒရှင်များအပေါ်ထားရှိသည့် ၎င်း၏စိတ်ထားကို ဒေါက်တာမြင့်နိုင်က ပြောပြသည်။

အဆိုးဆုံးအခြေအနေများ ကြုံခဲ့ရသော်လည်း ပြည်သူလူထု၏မဲပေးရွေးချယ်မှုဖြင့် လက်ရှိအချိန်တွင် ဒေါက်တာမြင့်နိုင်သည် လုပ်ပိုင်ခွင့်ရှိသည့် အစိုးရအဖွဲ့အကြီးအကဲတစ်ဦး ဖြစ်လာပေပြီ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏မူဝါဒများဖြစ်သည့် အမျိုးသားရင်ကြားစေ့ရေး၊ အဂတိကင်းစင်သည့် အစိုးရတစ်ရပ်ဖြစ်ပေါ်လာရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးတို့ကို ကြိုးစားရတော့မည်ဖြစ်သည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လယ်ယာမြေပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုပြဿနာ၊ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု ပြဿနာကဲ့သို့ စိန်ခေါ်မှုများကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အား စောင့်ကြိုလျက်ရှိသည်။

အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အတွေ့အကြုံအားနည်းခြင်းက စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအတွက် အခက်ခဲဆုံး စိန်ခေါ်မှုဖြစ်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်သည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှ ရှမ်းနီ (တိုင်းလိုင်) နှင့် နာဂတိုင်းရင်းသားမျိုးနွယ်များအကြား နယ်မြေခွဲဝေမှုအပေါ် အခြေခံနေသည့်ပြဿနာ၊ မြေယာဆုံးရှုံးထားသည့် လက်ပံတောင်းတောင်ဒေသခံများအရေး စသည့်ပြဿနာများမှာလည်း ဒေါက်တာမြင့်နိုင်အတွက် ကိုင်တွယ်ဖြေရှင်းရခက်ခဲသည့် ပြဿနာများဖြစ်လာနိုင်သည်ဟု မုံရွာဒေသခံ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။

ဒေါက်တာမြင့်နိုင်ကမူ လာဘ်ပေးလာဘ်ယူကင်းစင်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန်၊ တရားဥပဒေစိုးမိုးမှုရှိစေရန်၊ ဆင်းရဲမွဲတေမှုလျှော့ချနိုင်ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရန်တို့အတွက် အလေးထား လုပ်ဆောင်မည်ဟု ဆိုသည်။

သားသမီးသုံးဦးရှိပြီး လက်ရှိတွင် ဇနီးနှင့်အတူ ရွှေဘိုမြို့၌ ဘိုးဘွားရိပ်သာ ဖွင့်လှစ်ထားသည့် ဒေါက်တာမြင့်နိုင်သည် လွန်ခဲ့သည့် ၂၅ နှစ်ခန့်ကတည်းက မိသားစုဘဝကို စွန့်လွှတ်ကာ နိုင်ငံရေးလုပ်ခဲ့ပြီး အစိုးရအဖွဲ့အကြီးအကဲဖြစ်လာချိန်တွင်လည်း ဂုဏ်သိက္ခာအတွက် အလေးအနက်ထား လုပ်ဆောင်မည်ဟု ပြောကြားသည်။

‘‘ဂုဏ်သိက္ခာရအောင် ယူသွားသလို ဒီမိုကရေစီကျင့်စဉ်ကြီး အုတ်မြစ်တည်သွားအောင် လုပ်မယ်’’

မျိုးမင်းဦး / မောင်တာ - 7day

မှတ်ချက်များ