နှစ် ၇၂၀ ပြည့် ချင်းမိုင်သင်္ကြန် ဘယ်လို ပြင်ဆင်နေလဲ
လာအို မြန်မာ ကမ္ဘောဒီးယား နိုင်ငံမှာ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း သင်္ကြန်ပွဲတော်ကို ဆင်ယင်ကျင်းပလေ့ရှိပါတယ်။ ထိုင်းမှာလည်း သင်္ကြန်ကို ဧပြီ ၁၃ ကနေ ၁၅ ရက်အထိ နှစ်စဉ်ကျင်းပပါတယ်။
ထိုင်းက ဒုတိယမြို့တော် ချင်းမိုင်မှာ သင်္ကြန်ပွဲကို ကျင်းပလာတာ ဒီနှစ်ဆိုရင် နှစ်ပေါင်း ၇၂၀ ပြည့်သွားပြီလို့ ဆိုပါတယ်။ ဒီအထိမ်းအမှတ်အဖြစ် သင်္ကြန်ပွဲအတွက် ပြင်ဆင်မှုတွေကို မြင်နေ ကြားနေရပြီ ဖြစ်ပါတယ်။
နိုင်ငံခြား ခရီးသွားတွေကို သင်္ကြန်တွင်း ဆွဲဆောင်မှုတခုအနေနဲ့ ဧပြီ ၁၃ ကနေ ၁၇ ရက်အတွင်းမှာ ထိုင်းနိုင်ငံက အေတီအမ် စက်တွေမှာ ဘယ်ဘဏ်စက်ကပဲ ငွေထုတ်ထုတ် ဘဏ်ကတ် အမျိုးအစားမတူပေမယ့် ငွေလွှဲခတွေ ၀န်ဆောင်မှုတွေ ဖြတ်မှာ မဟုတ်ဘူးလို့လည်း ထိုင်းဘဏ်လုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်ပါတယ်။
နှစ် ၇၂၀ ပြည့် အထိမ်းအမှတ်အဖြစ် အကသမား ၇၂၀ နဲ့ လမ်းနား ရိုးရာ ဖောင်လက် အကကို ချင်းမိုင် ဘုရင် ၃ ပါး ရုပ်ထုရှေ့မှာ ဧပြီ ၁၁ ရက်မှာ ကပြ ဖျော်ဖြေမှာ ဖြစ်ပါတယ်။
ဒီအကဟာ ထိုင်းဘုရင် ရာမ ၅ ရဲ့ မိဖုရား ဒါရာရက်မီက ဆီလျှော်အောင် ဖန်တီးပြုပြင်ထားတဲ့ အကလည်း ဖြစ်ပါတယ်။
ဒီအချိန်မှာတော့ ဘုရင် ၃ ပါး ရုပ်ထုရှေ့မှာ ရိုးရာဝတ်စုံဝတ်ထားတဲ့ ထိုင်းလှပျိုဖြူတွေ အကတိုက်နေတာတွေကို မြင် တွေ့ရပြီဖြစ်ပါတယ်။
ချင်းမိုင် ခရိုင် ၂၅ ခုက အစိုးရ ကိုယ်စားလှယ်တွေ၊ ကြည်းရေလေနဲ့ တော်ဝင်တပ်မတော် အဖွဲ့ဝင်တွေကလည်း ဒီအခမ်းအနားကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။
သင်္ကြန်တွင်း မတော်တဆ တားဆီးရေး လှုပ်ရှားမှု အနေနဲ့ ဘုရင် ၃ ပါးနားမှာ ပြခန်းတွေ အသိပညာပေးတဲ့အနေနဲ့ လှည့်လည်မှုတွေကိုလည်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။
ဒါအပြင် ဒီနှစ် ချင်းမိုင်မှာ ပြုလုပ်မယ့် ပွဲတော်နဲ့ အခမ်းအနား အစီအစဉ်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။
ဒီအထဲမှာ ဧပြီ ၁၀ ရက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အခမ်းအနား၊ ဧပြီ ၁၂ ရက် ချင်းမိုင် တက္ကသိုလ် အနုပညာ ဌာနရဲ့ လှည့်လည် ဖျော်ဖြေမှု၊ ဧပြီ ၁၃ ရက် မြို့တွင်းက ဗုဒ္ဓဆင်းတုတော်တွေကို ဆေးကြောသန့်စင် ရေသပ္ပာယ်မယ့်ပွဲတွေ ကျင်းပဖို့ရှိနေပါတယ်။
ဒါအပြင် ဧပြီ ၁၄ ရက် သဲပုံစေတီ ပြိုင်ပွဲ၊ အမျိုးသား အမျိုးသမီး လန်းနာ အလှမောင်မယ် ပြိုင်ပွဲနဲ့ ဧပြီ ၁၅ ရက် ချင်းမိုင်မြို့တော်ဝန်နဲ့ အရာရှိတွေ တက်ရောက်မယ့် သက်ကြီး ပူဇော်ပွဲတွေလည်း ထပ်ဖယ်ဂိတ်မှာ ကျင်းပမယ့် အစီအစဉ်တွေမှာ ပါဝင်နေပါတယ်။
အလှပြကားတွေနဲ့ ရိုးရာဝတ်စုံတွေ ၀တ်ဆင်ပြီး မြို့တပတ်ပတ်ကာ အလှပြကားတွေ ယှဉ်ပြိုင်တဲ့ ပွဲကလည်း ရှိပါသေးတယ်။
ရိုးရာ အမွေအနှစ်ကိုထိန်းသိမ်းထားသလို ခေတ်ပေါ် ဖျော်ဖြေရေး စင်မြင့်တွေကလည်း ကျူံးအနီးတ၀ိုက်နဲ့ ကဆွန်ကောက် ဈေးဝယ်ဆင်တာ အနီးမှာ ရှိနေပါတယ်။
ချင်းမိုင်သင်္ကြန်မှာ အဓိက စည်ကားတဲ့နေရာက ကျူံးနဲ့ မြို့အနီးက ဟွေ့သင်းထောက် ရေကန်ပဲ ဖြစ်ပါတယ်။
ပါဝင်ဆင်နွဲသူတွေက နေလယ်ပိုင်းမှာ ဟွေ့သင်းထောက် ရေကန်ကို သွားရောက် စားသောက် အပူခိုကြပြီး ညနေပိုင်းမှာ ကျူံးတ၀ိုက်ကို သွားရောက်ပြီး သင်္ကြန်ပွဲကို ဆင်နွှဲကြပါတယ်။
မြို့ရဲ့ တခြားနေရာတွေမှာတော့ ရေပက်သူက ဟိုတပြောက် ဒီတပြောက်နဲ့ အနည်းငယ်သာ ရှိပါတယ်။
ဒါအပြင် သင်္ကြန်အတွင်း ရေကစားမှုတွေနဲ့ ပတ်သက်လို့ ပြင်ဆင်မှုတွေကိုလည်း စတင်လုပ်ဆောင်နေပါတယ်။
ဒီအထဲမှာတော့ ချင်းမိုင်ခရိုင် ရေပေးဝေမှု အဖွဲ့က သင်္ကြန်တွင်းမှာ တနေ့လုံး နိုင်ငံခြားသားတွေနဲ့ ဒေသခံတွေ အဆင်ပြေပြေ ရေရရှိနိုင်ဖို့ အတွက် ငွေထည့်ပြီး ရေဖြည့်လို့ရတဲ့ ရေဘုံဘိုင်ခေါင်းတွေကို လိုက်လံ တပ်ဆင်နေပါတယ်။
ချင်းမိုင်က နိုင်ငံခြားသားတွေနဲ့ စည်ကားတဲ့ ထပ်ဖယ်ဂိတ် တ၀ိုက်မှာ ၄ ခု ဘုရင် ၃ ပါး ရုပ်တုနားမှာ ၁ ခု ထပ်ဆင်နေပါတယ်။
ကျူံးထဲမှာလည်း သင်္ကြန်တွင်း ရေဆင်းကူးတဲ့သူတွေ ရှိတဲ့ အတွက် ရေနက်တဲ့နေရာတွေမှာ ရေကြောင်းပြ ဗော်ယာတွေ တပ်ဆင်ထားပါတယ်။
ရေပြွတ်သေနတ်တွေရောင်းတဲ့ ၀ါရိုရုတ်ဈေးနဲ့ ကပ်တုန်လန်းယိုင်တွေကို ချင်းမိုင် လက်ထောက်မြို့တော်ဝန်က သွားရောက်ပြီး ရေပြွတ်တွေ ဈေးပိုမရောင်းဖို့နဲ့ ပြင်းအားမြင့် ရေပြွတ်တွေ မရောင်းဖို့ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
ချင်းမိုင်သင်္ကြန်မှာ လူအသေအပျောက်တွေ ရှိတတ်တာကြောင့် အသေအပျောက်တွေ နည်းနိုင်သမျှနည်းဖို့ သင်္ကြန်နဲ့ပတ်သက်ပြီး လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။
ဒီအထဲမှာတော့ သင့်တော်တဲ့ အ၀တ်အစားတွေ ၀တ်ဆင်ဖို့၊ ရဟန်းသံဃာတွေကို လေးစားဖို့ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့နဲ့ အရက်သေစာမသောက်စားဖို့တို့ ပါဝင်ပါတယ်။
ဒါအပြင် ကားပေါ်မှာ ရေတိုင်ကီတွေမတင်ဖို့နဲ့ ပြင်းအားမြင့် ရေပြွတ်တွေကို မရောင်းချမသုံးကြဖို့လည်း တားမြစ်ထားပါတယ်။
ကျူံးပတ်ဝန်းကျင်နဲ့ အဓိကကျတဲ့ ဟွေ့ကယောက်လမ်းတွေမှာ အရက်မရောင်းဖို့ ရဲတွေက စစ်ဆေးမှာလို့ ထုတ်ပြန်ထားပါတယ်။ ဒါအပြင် ချင်းမိုင်က ဈေးဝယ်ဆင်တာတွေကိုလည်း အရက် ကင်းစင်ရေး နယ်မြေအဖြစ် ပြဌာန်းထားပါတယ်။ ဒီအတွက် ဒီနေရာတွေကို သွားရင် အရက်တွေ ယူဆောင်သွားလို့မရဘူးလို့ ဆိုပါတယ်။
အသက် ၂၀ အောက်တွေကို အရက်မရောင်းချဖို့ တားမြစ်ထားသလို အရက်ရောင်းရမယ့် အချိန်ကတော့ နဂိုသတ်မှတ်ထားတဲ့ ၁၁ နာရီကနေ နေလယ် ၂ နာရီ၊ ညနေ ၅ နာရီကနေ ည ၁၂ နာရီအထိ ဖြစ်ပါတယ်။
လိုင်စင်ရှိတဲ့ ဆိုင်တွေကတော့ အရက်ရောင်းလို့ ရပေမယ့်လည်း ရဲတွေရဲ့ ရှောင်တခင် စစ်ဆေးမှုတွေကို ရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။
တချို့ကတော့ အရက်နဲ့ ပတ်သက်တဲ့ တားမြစ်ချက်ကတော့ သင်္ကြန်တွင်း ကန့်သတ်လို့ မရတဲ့ တားမြစ်ချက်တခု ဖြစ်သလို အရမ်းတင်းကြပ်ရင်တော့ သင်္ကြန်ဟာ သိပ်စည်မှာ မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေက ထိုင်းသင်္ကြန်အတွင်း ဘန်ကောက်မှာ အမျိုးသမီးငယ်လေးတွေ မူးယစ်ပြီး အပေါ်ပိုင်းဗလာကျင်းနဲ့ လူအများအလယ်မှာ ကပြတဲ့ ဖြစ်ရပ်ကလည်း ထိုင်းသင်္ကြန် ပုံရိပ်ကို ထိခိုက်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ သူတို့ လုပ်ရပ်အတွက် ဒီအမျိုးသမီးငယ်လေးတွေဟာ ရုပ်သံကနေ တဆင့် ပြန်လည်တောင်းပန်ခဲ့ရပါတယ်။
အရင်နှစ်က ထိုင်းသင်္ကြန်မှာ ပါဝင်ဆင်နွှဲတဲ့ အမျိုးသမီးတွေရဲ့ တ၀က်ကျော်ဟာ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခံရတယ်လို့ ပျော်ရွှင်ဖွယ်ရာ သင်္ကြန်လှုပ်ရှားမှုအတွက် ကောက်ခံခဲ့တဲ့စစ်တမ်းက ဖော်ပြနေပါတယ်။
ဒီလိုဖြစ်ရပ်တွေနဲ့ လူအသေအပျောက်နှုန်းတွေ သင်္ကြန်တွင်းမှာ ရှိခဲ့တာကြောင့် စည်းကမ်းတွေ ထုတ်ပြန်ပြီး နိုင်ငံခြားသားတွေအကြား ချင်းမိုင်သင်္ကြန်ရဲ့ ပုံရိပ်ကို မြင့်တက်အောင် ကြိုးပမ်းနေပါတယ်။
DVB

မှတ်ချက်များ