ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြည်လမ်းရှိ မဏ္ဍပ်များရှေ့ ယာဉ်ကြောရှင်းလင်းဆောင်ရွက်နေစဉ် ခြေထောက်အား ကားတက်ကြိတ်မှုကြောင့် အရိုးအက်ဒဏ်ရာရ

ကားတက်ကြိတ်မှုကြောင်း ဒဏ်ရာရရှိသွားသော ရဲတပ်သားအား တွေ့ရစဉ် (Photo : Myo Thet Swe Facebook)
ကမာရွတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြည်လမ်းရှိ MPT မဏ္ဍပ်ရှေ့တွင် ယာဉ်ကြောရှင်းလင်းရေး ဆောင်ရွက်နေစဉ် ခြေထောက်ကို ကားတတ်ကြိတ်မှု သင်္ကြန်အကျနေ့(ဧပြီ ၁၃) ရက်၊ ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး အရိုးအက်သည့် ဒဏ်ရာ ရရှိခဲ့ကြောင်း ကမာရွတ်မြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဟန်က ပြောကြားသည်။

''ခြေထောက်ဒဏ်ရာကို ကျောက်ပတ်တီး စည်းထားပါတယ်။ အရိုးအက်သွားတဲ့ ဒဏ်ရာကြောင့် ခြေထောက်က ကိုက်ခဲနေတော့ မနက်ဖြန် (ဧပြီ ၁၆) ကျရင် ဆေးရုံနောက်တစ်ခါ သွားရမယ် '' ဟု ကမာရွတ်မြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဟန်က ဧပြီ ၁၅ ရက် ညပိုင်းတွင် ပြောကြားသည်။ အဆိုပါ ရဲတပ်ဖွဲ့ဝင်၏ အမည်မှာ ရဲတပ်သား ဇေယျာဖြိုး ဆိုသူဖြစ်ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်ကာလတွင် ရန်ကုန်တိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များသည် မဏ္ဍပ်အများစုရှိရာ ပြည်လမ်း၊ တခြား မဏ္ဍပ်များရှိသည့် ရန်ကုန်မြို့တွင်းတို့တွင် ယခင်နှစ်များထက် လုံခြုံရေးနှင့် သင်္ကြန်ကာလ တည်ငြိမ်းရေးတို့ကို ပိုမိုဆောက်ရွက်ခဲ့ကြကြောင်းနှင့် လူမှုကွန်ယက် Facebook တွင်လည်း ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများ၌ ၄င်းတို့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ပြည်သူများက ၀ိုင်းဝန်းချီးကျူးခဲ့သည်ကို တွေ့ရှိရသည်။

အထူးသဖြင့် မဏ္ဍပ်အများစုရှိသည့် ပြည်လမ်း၊ အင်လျားကန်ဘောင်တွင် အရက်သောက်သုံးတတ်သော ပြည်သူများ၏ အရက်ပုလင်းများကို ပလတ်စတစ်အိတ်များဖြင့် လှဲလှယ်ဆောင်ရွက်ခြင်း၊ အန္တရယ်ဖြစ်စေနိုင်သည့် တုတ်၊ဓါး အစရှိသည့် ပစ္စည်းများ
အား ရှာဖွေသိမ်းဆည်းခြင်း၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၏ ယာဉ်ကြောရှင်းလင်းရာတွင် ပါဝင်ခြင်း စသည့် ၄င်းတို့၏ တာဝန်များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြည်နိုင် / eleven news

မှတ်ချက်များ