မေတ္တာမစစ်မှန်ရင်


ဒါဟာ တကယ့်ဖြစ်ရပ်မှန်တစ်ခုပါ။ ဇနီးဖြစ်သူကို ကလေးနှစ်ယောက်နဲ့အတူ စွန့်ပစ်ထားခဲ့ပြီး ထောက်ပံ့မှု လည်း မရှိခဲ့တဲ့ ဖခင်ဟာ အခုချိန်မှာ အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော် သမီးအငယ် Adele ကို အလွန်အမင်း တွေ့ချင်နေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ Hello, Rolling in the Deep သီချင်းတွေနဲ့ အားလုံးရဲ့ရင်ထဲဝင်ရောက်ခဲ့တဲ့ အဆိုတော် Adele ဖြစ်ပါတယ်။ သမီးအငယ် ၂ နှစ်အရွယ်မှာပဲ မိသားစုကို စွန့်ပစ်ထားခဲ့တာမို့ မိခင်ဖြစ်သူဟာ ဒုက္ခပင်လယ်ဝေရင်း ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ပေးခဲ့ရပါတယ်။ သမီးတွေနဲ့ အဆက်အသွယ်တွေပြတ်သွားခဲ့ပြီဖြစ်တာကြောင့် သမီးမွေးထားတဲ့ မြေးလေးကို ဒီတစ်သက် ပွေ့ချီခွင့်ရပါ့မလားလို့တွေးရင်း ၀မ်းနည်းမိနေတယ်လို့ Adele (အဒဲလ်) ရဲ့ ဖခင် Evan ကပြောပြခဲ့ပါတယ်။ သူဟာ ဖခင်ကောင်းတစ်ယောက် မဟုတ်ခဲ့ပါဘူး၊ အခုချိန်မှာလည်း အရက်သမားဖြစ်နေပြီလို့ ဖွင့်ဟ၀န်ခံ ခဲ့ပါတယ်။

မိခင်တစ်ဦးတည်းရဲ့ စောင့်ရှောက်မှုနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ၀တုတ်မလေး Adele ဟာ အနုပညာမျိုးရိုးလည်း မရှိပဲ ဂီတနယ်ပယ်မှာ လျှမ်းလျှမ်းတောက်အောင်မြင်တဲ့ ကြယ်တစ်ပွင့်ဖြစ်လာခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့ ဖုန်းနဲ့ဆက်သွယ်လာမှုတွေကို ပြန်မပြောခဲ့တဲ့ Adele ဟာ မိခင်ကိုတော့ အရမ်းကို ချစ်ခင်ပြီး ဒေါ်လာ ၉၅၀,၀၀၀ တန်ဖိုးရှိတဲ့ အကောင်းစားတိုက်ခန်းကို အမည်ပေါက် ၀ယ်ပေးခဲ့ပါတယ်။ တစ်ယောက်တည်း ဘ၀ကိုရုန်းကန်ကာ အလုပ်နှစ်ခုကို တပြိုင်တည်းလုပ်ရင်း မိမိကို အဆိုတော်ဖြစ်လာအောင် အားပေးခဲ့တဲ့မိခင်ကို အရမ်းကို ကျေးဇူးတင်တယ်လို့ Adele က ဆိုပါတယ်။

အခုလို အဖြစ်အပျက်ကို ကြည့်ပြီး “ကိုယ်စိုက်ပျိုးခဲ့တဲ့အတိုင်းပဲ ကိုယ်ရိတ်သိမ်းရတယ်” ဆိုတဲ့ စကားပုံကို သတိရမိပါတယ်။ လူဆိုတာ မိမိပြုတဲ့အကျိုးအပြစ်ကို မိမိပဲ ခံစားရတာ မလွဲမသွေပါပဲ။

Ref – dailymail, wikipedia, bbc
စံဝန်းနီ(ရိုးရာလေး)

မှတ်ချက်များ