ဘာသာရေးအငြင်းပွားစရာများ ရေးသားသည့် ဘင်္ဂလားဒေ့ရှ် ကျောင်းသားတစ်ဦး မြို့လယ်ခေါင်တွင် အသတ်ခံရ
ဘာသာရေးအရအငြင်းပွားစရာအမြင်များ အွန်လိုင်းပေါ်တွင် ရေးသားလွှင့်တင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် တက္ကသိုလ်ကျောင်းသားတစ်ဦး လူစည်ကားရာ မြို့လယ်ခေါင်တွင် အသတ်ခံခဲ့ရကြောင်း သိရသည်။
ဧပြီ ၆ ရက်က ဒါကာမြို့တော်၏ လူစည်ကားရာ လမ်းဆုံလမ်းခွတစ်နေရာတွင် အသက် ၂၈ နှစ်အရွယ် ဥပဒေကျောင်းသား နာဇင်မွတ်ဒင် ဆာမတ် တိုက်ခိုက်သတ်ဖြတ်ခြင်းခံရကြောင်း မြို့တော်ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။
လမ်းဆုံလမ်းခွနေရာကို ဆာမတ်ဖြတ်ကူးနေစဉ် မော်တော်ဆိုင်ကယ်စီးလာသူ သုံးဦးက ကိုင်းခုတ်ဓားများဖြင့် ၎င်းကို ဝိုင်းခုတ်ကြပြီး သေနတ်ဖြင့်ပါပစ်သွားခြင်းဟု သိရသည်။ ဆာမတ်သည် Ganajagran Manch ခေါ် လော်ကီရေးရာ အယူဝါဒလှုပ်ရှားမှုအဖွဲ့တစ်ခုကို တည်ထောင်ရန် အွန်လိုင်းပေါ်တွင် ဆော်ဩလှုပ်ရှားနေသူ ဖြစ်သည်။ ၎င်းက မိမိကိုယ်ကို ဘာသာမဲ့တစ်ဦးအဖြစ်ခံယူကြောင်း ကြေညာထားသည်။
ဘင်္ဂလားဒေ့ရှ်တွင် ပြီးခဲ့သည့်နှစ်မှစတင်ကာ ဘာသာရေး၊ လောကီရေးရာရေးသားသည့် Blogger များကို ဘာသာရေး အစွန်းရောက်ဝါဒီများက တိုက်ခိုက်မှု၊ သတ်ဖြတ်မှုများ ပိုမိုထူပြောလာသည်။ ဆာမတ်က ဘာသာရေးလွှမ်းမိုးမှု လုံးဝကင်းကွာသည့် လောကီရေးရာ လူ့အဖွဲ့အစည်းကို တည်ထောင်သင့်ကြောင်း ရေးသားဝါဒဖြန့်နေသူတစ်ဦးဖြစ်သည်။
၎င်းသည် ဂျာဂန်နတ်သ်တက္ကသိုလ်တွင် ဥပဒေပညာသင်ကြားနေသည့် ကျောင်းသားတစ်ဦးဖြစ်ပြီး Facebook ပေါ်တွင် ဘာသာရေးအစွန်းရောက်မှုများကို ဆန့်ကျင်သည့်စာများ ပုံမှန်ရေးသားလေ့ ရှိသည်။ ၎င်းကို တိုက်ခိုက်သူများကို စုံစမ်းနေဆဲဖြစ်ပြီး ဘာသာရေး လှုံ့ဆော်မှုကြောင့် ဟုတ်မဟုတ် အတည်မပြုနိုင်သေးဟု ရဲတပ်ဖွဲ့က ပြောကြားထားသည်။
7day
Ref: BBC

မှတ်ချက်များ