ပါကစ္စတန်မှာရှိတဲ့ ဒီညီအစ်ကို နှစ်ယောက်ကို မိဘတွေက နေကရတဲ့ စွမ်းအင်နဲ့မှ ရှင်သန်နိုင်တယ်လို့ ယူဆပြီး နေစွမ်းအင်သုံး ကလေးများလို့တောင် ခေါ်ဝေါ်နေကြပါတယ်။ ဒီလို လက္ခဏာတွေက ဘာကြောင့် ဖြစ်စေလဲဆိုတာကို ဆရာဝန်တွေလည်း အဖြေရှာမရနိုင်သေးဘူး ဖြစ်နေပါတယ်။ သူတို့ကို ကုသပေးနေတဲ့ ပါကစ္စတန် ဆေးသိပ္ပံပညာ တက္ကသိုလ်မှ ပါမောက္ခက ဒီကိစ္စက စိန်ခေါ်မှုတစ်ခု ဖြစ်နေကြောင်း၊ ဒီကလေးတွေက နေရောင်ရှိတဲ့ အချိန်မှာ တက်ကြွ လှုပ်ရှားနိုင်ပေမဲ့ နေဝင်သွားတာနဲ့ မျက်စိမဖွင့်နိုင်၊ စကားမပြောနိုင်၊ မစားမသောက်နိုင်တော့တာက ဘာအတွက်ကြောင့်လဲဆိုတာ သိနိုင်ဖို့ ဆေးပညာဆိုင်ရာ စစ်ဆေးမှုတွေ အများကြီးလုပ်နေပါတယ်လို့ ဆိုပါတယ်။
သူတို့မိသားစုက ဆင်းရဲတဲ့အတွက် အစိုးရက ဆေးကုသစရိတ်ကို ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ ဆက်လက်စစ်ဆေးမှုတွေ လုပ်နိုင်ဖို့အတွက် သူတို့ရဲ့ သွေးနမူနာတွေကို နိုင်ငံခြားက ကျွမ်းကျင်ပညာရှင်တွေဆီကို ပို့ထားပါတယ်။ နောက်ပြီး သိပ္ပံပညာရှင်တွေက သူတို့အိမ်နားက မြေကြီးနဲ့ လေနမူနာတွေကို ဓာတ်ခွဲစမ်းသပ်ကြည့်ခဲ့ကြပါတယ်။
ညီအစ်ကို နှစ်ယောက်ရဲ့ အဖေနဲ့ အမေက မောင်နှမ တစ်ဝမ်းကွဲတော်ပြီး သားသမီး ၆ ယောက်မှာ ၂ ယောက်က မွေးကင်းစမှာ ဆုံးခဲ့ပါတယ်။ ကျန်တဲ့ နှစ်ယောက်မှာတော့ ထူးခြားတဲ့ လက္ခဏာမတွေ့ရပါဘူး။ ကလေးနှစ်ယောက်ကို နေ့ဘက်ဖြစ်ပေမဲ့ အလင်းရောင် မရှိတဲ့ အမှောင်ခန်းထဲမှာ ထားပြီး စမ်းသပ်တဲ့အခါမှာ လမ်းလျှောက်နိုင်တာကို တွေ့ရတဲ့အတွက် နေရောင်ခြည်စွမ်းအင်ကြောင့် ဖြစ်ရတယ်ဆိုတာကို ဆရာဝန်တွေက လက်မခံတော့ပါဘူး။
ညီအကို နှစ်ယောက်က ထူးဆန်းတဲ့ ရောဂါ ဖြစ်နေတာကလွဲရင် သာမန်ကလေးတွေလိုပဲ ပျော်ရွှင်ပြီး တက်ကြွနေကြတဲ့ ကလေးတွေ ဖြစ်ပါတယ်။
Ref:dailymail.co.uk
ခင်သူဇာ - Trend Myanmar



မှတ်ချက်များ