ရခိုင်ပြည်နယ်မြောက်ပိုင်း မုန်တိုင်းအဖျားခတ်မည်

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ နောက် ၄၈ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကို အဖျားခတ်ပြီး လေဒဏ်၊ လှိုင်းဒဏ်၊ မိုးဒဏ် တွေ့ကြုံရမယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က နှိုးဆော်ပါတယ်။

ဒီမနက် ၈ နာရီထုတ်ပြန်ချက်မှာ “မေ ၂၁ ရက်ညပိုင်း မုန်တိုင်းကမ်းကိုဖြတ်ကျော်စဉ် မုန်တိုင်းရဲ့ ဗဟိုချက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ၀င်ရောက်မှာဖြစ်ပေမယ့် အန္တရာယ်များတဲ့ မုန်တိုင်း ဟာ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းပေါ်မှာ ကျရောက်မှာဖြစ်တဲ့အတွက် လေဒဏ်၊ လှိုင်းဒဏ် မိုးဒဏ် တွေ့ကြုံရမှာဖြစ်ပါတယ်” လို့ ဦးထွန်းလွင်က ရေးသားထား ပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ လေပြင်း တနာရီ မိုင် (၄၀ -၅၀) ခန်နဲ့ လှိုင်းအမြင့် (၁၀-၁၄)ပေခန့် ရှိနိုင်တယ်။ မုန်တိုင်းဒီရေ (၁-၂)ပေခန့်သာ တက်နိုင်တယ်လို့ သူက ခန့်မှန်း ပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း အ၀ါရောင်အဆင့်ရှိမုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့်အခြေအနေမရှိကြောင်း ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒါပေမယ့် မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေကျရောက်ပြီး လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် လေတိုက်နှုန်းက တနာရီလျှင် ၄၅ မိုင်မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနဲ့ အတူ မြေပြိုခြင်းတွေ ဖြစ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှု အန္တရာယ်ကို သတိပြုကြဖိုနဲ့ မြစ်ရေရုတ်တရက်မြင့်တက်လာနိုင်ပြီး၊ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ် နိုင်တာကြောင့် မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ကြိုတင်သတိပြု နေထိုင်ကြဖို့၊ ပြည်တွင်း လေကြောင်းပျံသန်းမှုတွေနဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ သဘောင်္ာတွေအနေနဲ့ ကြိုတင် သတိပြုကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မေ ၁၉ ရက်ကနေ ၂၂ ရက်နေ့အတွင်းမှာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဒေသအလိုက် မိုးကြီးပြီး ကျန်တဲ့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

DVB

မှတ်ချက်များ