ပဲခူးမြို့တွင် စာသင်သား ကိုရင်တစ်ပါးမှ လူသတ်မှု ဖြစ်ပွား




ဇွန်လ ၁၉ရက်နေ့ ညနေ ၄နာရီ အချိန်ခန့်က ပဲခူးမြို့ အမှတ်(၃)နယ်မြေ ရဲစခန်းအပိုင်အတွင်းရှိ ဥဿာမြို့သစ်(၈)ရပ်ကွက် နယ်မြေ(၁)ရှိ ချမ်းမြေရိပ်မြိုင်ကျောင်းတွင် စာသင်သား ကိုရင်ဓမ္မဂေါသက(၁၆)နှစ်(၂)ဝါဖြစ်သူမှ ၎င်းကျောင်းအတွင်းရှိ သုဝဏ္ဏရံသီ အဆောင်ကြမ်းခင်းတွင် အိပ်ပျော်နေသော ကျောင်းမှ ကပ္ပိယဖြစ်သူဝကြီး(ခ) ဇွဲမင်းပိုင်(၃၀)နှစ်အား သစ်သားရိုးတပ် အရှည်၂ပေ ၄လက္မ အသွား ၇×၂ လက္မခွဲခန့်ရှိ ထင်းပေါက်သံပုဆိန်ဖြင့် ဦးခေါင်းအားထုနှက်ခြင်း ၊ အရိုးအသွား ၁၁လက္မခန့်ရှိ မီးဖိုချောင်သုံးဓါးမြှောင်ဖြင့် ဝမ်းဗိုက်နှင့် ချိုင်းအောက်တို့အား ထိုးခဲ့သဖြင့် ဒဏ်ရာများဖြင့် လဲကျနေကြောင်း သတင်းရရှိပါသည်။

အဆိုပါ သတင်းအရ ပဲခူးအမှတ်(၃)နယ်မြေ ရဲစခန်းမှ စခန်းမှူးရဲအုပ်ခင်ဇော် ၊ ဒုရဲအုပ်ဟိန်းကိုကိုနှင့် ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရာသို့ ရောက်ရှိစစ်ဆေးခဲ့ပြီး ဒဏ်ရာများဖြင့် လဲကျနေသူ ဝကြီး(ခ)ရဲမင်းပိုင်အား ရဲဆေးစာနှင့်အတူ ပဲခူးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့ပါသည်။

ကိုရင်ဓမ္မဂေါသကအား လုပ်ထုံးလုပ်နည်းဖြင့်အညီ လူဝတ်လဲဆောင်ရွက်ပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃၂၆ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ပြီး စစ်ဆေးမေးမြန်းခဲ့ရာ ဝကြီး(ခ)ရဲမင်းပိုင်မှ မိမိအား ဆဲဆိုခဲ့မှုအပေါ် မကျေနပ်သဖြင့် ထိုသို့ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ထွက်ဆိုမှုအရသိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်နေစဉ် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ကပ္ပိယဝကြီး(ခ)ရဲမင်းပိုင်မှာ သေဆုံးသွားကြောင်း သတင်းကြားသိရသဖြင့် မူလဖွင့်လှစ်ထားသော ပြစ်မှုပုဒ်မ ၃၂၆ မှ ၃၀၂ သို့ ပြောင်းလဲဖွင့်လှစ်ပြီး စခန်းမှူးရဲအုပ်ခင်ဇော်မှ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းကြားသိရပါသည် ။

Kha Yang
ပဲခူး မှုခင်းရှု့ထောင့်မီဒီယာ

မှတ်ချက်များ