အော်လန်ဒို ပစ်ခတ်မှုအတွင်း သေဆုံးသူ တစ်ဦးက နောက်ဆုံးအချိန်ထိ မိခင်ကို Messageပေးပို့ ဆက်သွယ်ခဲ့
အော်လန်ဒိုရှိ Gayနိုက်ကလပ် တစ်ခုတွင် ဖြစ်ပွားသော ပစ်ခတ်မှု၌ သေဆုံးခဲ့သူ တစ်ဦးသည် ၎င်း၏ နောက်ဆုံးအချိန်များတွင် မိခင်ထံ Message ပေးပို့ပြီး နှုတ်ဆက်သွားခဲ့ကြောင်း သိရသည်။
အသက် ၃၀ အရွယ် အက်ဒီဂျက်စတစ်သည် အကြမ်းဖက်သမား အိုမာ မာတင်း၏ လူမဆန်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း သေဆုံးခဲ့ကြောင်း အော်လန်ဒို ရဲတပ်ဖွဲ့က အတည်ပြု ကြေညာခဲ့သည်။ ၎င်းသည် ပစ်ခတ်မှု ဖြစ်ပွားနေချိန်အတွင်း နိုက်ကလပ် အိမ်သာထဲတွင် ပုန်းအောင်းနေရင်း မိခင်ဖြစ်သူ မီနာဂျက်စတစ်ကို Messageပေးပို့ ဆက်သွယ်နေခဲ့ခြင်း ဖြစ်သည်။
ဇွန် ၁၂ ရက် ပစ်ခတ်မှုတွင် အက်ဒီ အပါအဝင် လူပေါင်း ၅၀ အသက်ဆုံးရှုံးခဲ့သည်။ အက်ဒီသည် ပုန်းအောင်းနေချိန် အတောအတွင်း မိခင်ကို ဆက်သွယ်ခဲ့ရာ မြို့လယ်ရှိ Pulse ကလပ်ထဲတွင် မိမိ ပိတ်မိနေကြောင်းနှင့် အကူအညီများ ခေါ်ယူပေးရန် တောင်းဆိုခဲ့သည်။ “မေ့မေ့ကို သားချစ်ပါတယ်”ဟု ပထမဆုံး ပေးပို့သည့် စာတိုနှင့် မီနာက သေနတ်သမားသည် အိမ်သာထဲ ဝင်လာခြင်း ရှိမရှိ မေးမြန်းမှုကို အက်ဒီ ဖြေကြားခဲ့သည့် “သူက သိပ်ကြောက်ဖို့ကောင်းတယ်။ သူရှိနေတယ်”ဟု နောက်ဆုံးစာတိုကြားတွင် အချိန် ၄၄ မိနစ်မျှ ကြာမြင့်ခဲ့သည်။ ထိုနောက်ဆုံးစာသား မတိုင်မီတွင် အက်ဒီက “သူလာနေပြီ။ သားသေရတော့မယ်”ဆိုသော Messageကိုလည်း ပေးပို့သွားခဲ့သေးသည်။
ထို့နောက်တွင် မိခင်ဖြစ်သူက သားဖြစ်သူကို စိတ်ပူပန်စွာ ဖုန်းခေါ်သောလည်း ဖြေသူမရှိတော့ချေ။ မီနာသည် သားဖြစ်သူ ညကြီးအချိန်မတော် Messageပို့လာချိန်တွင် နိုးတစ်ဝက်ဖြင့် ထလာခဲ့ပြီး အပြန်အလှန် စာပို့ ပြောဆိုချိန်၌မူ မျက်လုံးကျယ်သွားပြီး အရေးပေါ် ဖုန်းနံပါတ် 911သို့ ချက်ချင်း ဆက်သွယ်ခဲ့သည်။ မီနာသည် သတင်းစောင့်နေသည့် တစ်ချိန်လုံး သားဖြစ်သူ မည်သို့သော အန္တရာယ် ကျရောက်နေသည်ကို တိတိကျကျ မသိရဘဲ တောက်လျှောက် စိတ်ပူနေခဲ့ရသည်။
အဆိုပါ အော်လန်ဒို ပစ်ခတ်မှုတွင် အဓိက တရားခံ အိုမာမာတင်းကို ရဲတပ်ဖွဲ့က အသေပစ်ခတ် သုတ်သင်ခဲ့ရသည်။ ယင်းအကြမ်းဖက်မှုသည် ခေတ်သစ် အမေရိကန် သမိုင်းတွင် အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ် သတ်ဖြတ်မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်းလည်း သိရသည်။
Ref: Telegraph
7day

မှတ်ချက်များ