ကမာရွတ်မြို့နယ်ရှိ ဆောက်လုပ်ဆဲ Time City အိမ်ရာ ၁၇ ထပ်မှ ကွန်ကရစ်ဖျော်ရည်များ လျှံကျမှုကြောင့် စီမံကိန်းဝန်းကျင်အနီးရှိ မော်တော်ယာဉ် သုံးစီးနှင့် ဈေးဆိုင်အချို့ပျက်စီး

Junction Square အရှေ့ရှိ Time City အိမ်ရာ ၁၇ ထပ်မှ ကွန်ကရစ်ဖျော်ရည်များ လျှံကျမှုကြောင့်
ပျက်စီးသွားသော ကားတစ်စီးကို တွေ့ရစဉ်
ကမာရွတ်မြို့နယ် နာနတ်တောလမ်း ရှိ Time City အိမ်ရာ ၁၇ ထပ်မှ ကွန်ကရစ်ဖျော်ရည်များ လျှံကျမှုကြောင့် စီမံကိန်းဝန်းကျင်အနီးရှိ မော်တော်ယာဉ်သုံးစီး၊ ကွမ်းယာဆိုင် တစ်ဆိုင်နှင့် ထမင်းဆိုင် တစ်ဆိုင် ပျက်စီးမှု ဇွန် ၂၁ ရက် ည ၉ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်က Time City အိမ်ရာအောက်မှာ ထမင်းရောင်းတာပါ၊ ဖြစ်သွားတဲ့အချိန်က ည ၈ နာရီ ၄၅ မိနစ်မှာ ဖြစ်သွားတာ၊ ကျွန်တော့်ရဲ့ ထမင်းဆိုင်ပေါ်ကို ကျသွားတယ်။ ကျွန်တော့် ဘေးနားက ကွမ်းယာဆိုင်ပေါ်ကိုလည်း ကျတယ်။ ကွမ်းယာရောင်းတဲ့ ကောင်လေးတော့ ခေါင်းပေါက်သွားတယ်။ အရမ်းတော့ မပြင်းထန်ဘူး။ လူတွေဘာမှ မဖြစ်တာဘဲ တော်သေးတယ်ပြောရမယ်။ အခုဖြစ်သွားတဲ့ကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးစေချင်ပါတယ်” ဟု ကွန်ကရစ်ဖျော်ရည်များ လျှံကျမှုကြောင့် ထမင်းဆိုင်ပျက်စီးသွားသည့် ဆိုင်ပိုင်ရှင် ဦးမင်းမင်းခိုင်က ဆိုသည်။

“ဘိလပ်မြေတွေ လျှံပြီးတော့ အောက်ကို ပြုတ်ကျလာတယ်။ အဲဒါတွေက လမ်းတစ်ဝက်လောက်ကို ရောက်သွားတယ်။ စီမံကိန်းက တာဝန်ရှိသူတွေက ခေတ္တသိမ်းထားမယ်လို့ ပြောတယ်။ စီမံကိန်းမှာ တာဝန်ကျနေတဲ့ တာဝန်မှူးပြောတာကတော့ သူတို့ရဲ့သူဌေး အဆင့်ဆင့်ကို တင်ပြပြီးတော့ စိတ်ကျေနပ်အောင် လုပ်ပေးမယ်လို့ပြောတယ်။ ထိသွားတဲ့ ကားတွေက လေးငါးစီးလောက် ရှိတယ်။ အခုလို လမ်းနှုတ်ခမ်းမှာ ဆောက်တဲ့ တိုက်တွေက စံချိန်စံညွှန်းမီ ကောင်းကောင်း ဆောက်သင့်တယ်လို့ ထင်တယ်။ ဒါ နည်းနည်းလေး ပြိုကျလို့၊ အထပ်လိုက် ပြိုကျလို့ကတော့ ဒီနားမှာရှိတဲ့သူတွေ သေသွားနိုင်တယ်။ ဖြစ်တဲ့အချိန်မှာ ကားထဲမှာရှိနေရင် ကျွန်တော်လည်း ထိခိုက်ဒဏ်ရာ ရနိုင်တယ်” ဟု ကွန်ကရစ်ဖျော်ရည်များ ပြုတ်ကျမှုကြောင့် ကားထိခိုက် ပျက်စီးသွားသည့် ယာဉ်ပိုင်ရှင် ဦးထွန်းထွန်းက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးကာ စီမံကိန်းကြီးကြပ်သည့် အင်ဂျင်နီယာများအား သတိပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ အင်ဂျင်နီယာမှူး ဦးရဲဝင်းက ပြောကြားသည်။

“အခုဖြစ်တာက ဘိလပ်မြေလောင်းတဲ့ ကျောက်ပုံး ပြုတ်ကျတယ်လို့ သိရတယ်။ အဲဒီစီမံကိန်းက ကြီးကြပ်တဲ့ အင်ဂျင်နီယာတွေကို သတိပေးမှတ်တမ်း ရေးထိုးခိုင်းတာတွေ လုပ်သွားမယ်” ဟု ၎င်းက ပြောကြားသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ကမာရွတ်မြို့နယ်အတွင်းရှိ Junction Square စင်တာအနီးတွင် ဆောက်လုပ်ဆဲ Junction Crystal အဆောက်အအုံအပေါ်မှ နှစ်ပေခန့် ရှည်သော သံချောင်းတစ်ချောင်းသည် ရပ်နားထားသည့် ယာဉ်တစ်စီးပေါ်သို့ ပြုတ်ကျမှု ဖြစ်ပွားခဲ့သည်။

ဆန်းထူးအောင် - Eleven News

မှတ်ချက်များ