တရုတ္သိုင္းဇာတ္လမ္းၾကိဳက္ႏွစ္သက္သူ မိန္းကေလးတိုင္းနီးပါးရဲ႕ အခ်စ္ဦးျဖစ္ခဲ႔ဖူးတဲ႔ Alec Su (သို႔မဟုတ္) ကိုယ္ေတာ္ ၅


Zawgyiျဖင့္ဖတ္ရန္

လြန္ခဲ႔တဲ႔အႏွစ္ ၂၀ ပတ္၀န္းက်င္ေလာက္တုန္းက ည ၇ နာရီ (သို႔မဟုတ္) ၉ နာရီမွာ ျမ၀တီရုပ္ျမင္သံၾကားကေနျပခဲ႔တဲ႔ တရုတ္ဇာတ္လမ္းတြဲေတြကို ေစာင္႔ေမွ်ာ္ၾကည္႔ရွဳခဲ႔ၾကဖူုးသူတိုင္း အခုေဖာ္ျပေပးမယ္႔သူကို ေကာင္းေကာင္းၾကီးသိၾက၊ မွတ္မိၾကမွာပါ။ သူကေတာ႔ ဟြား၀ူခၽြဲဆိုတဲ႔ ဇာတ္ေကာင္ကို ျမန္မာပရိသတ္ေတြနဲ႔ စတင္မိတ္ဆက္ေပးခဲ႔တဲ႔သူျဖစ္ျပီး တခ်ိဳ႕ေတြကေတာ႔ သူ႕ကို လုအန္းခ်ီ၊ ကိုယ္ေတာ္ ၅၊ ၀ူက်ိ အစရွိတဲ႔ ဇာတ္ေကာင္ေတြနဲ႔ ရင္းႏွီးၾကပါတယ္။

သူကေတာ႔ မင္းသား Alec Su ပါပဲ။ Alec Su ဟာ "ငါးကေလး"၊ "ပင္လယ္ၾကီးေလာက္ခ်စ္တယ္"၊ "ေရႊမင္းသမီး"၊ "နဂါးႏုိင္ဓား"၊ "တရားရွင္"၊ "ခ်စ္သူရဲေကာင္း" အစရွိတဲ႔ ဇာတ္လမ္းတြဲေတြမ်ားစြာနဲ႔ ျမန္မာပရိသတ္ေတြအၾကားမွာ ရင္းႏွီးခဲ႔တဲ႔ မင္းသားတစ္လက္ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ႔ သူ႕ကို သရုပ္ေဆာင္အျဖစ္နဲ႔ စတင္သိရွိခဲ႔ေပမယ္႔လည္း တကယ္ေတာ႔ သူဟာ အဆိုေတာ္အျဖစ္နဲ႔ အနုပညာနယ္ပယ္ထဲကို စတင္၀င္ေရာက္ခဲ႔သူျဖစ္တယ္လုိ႔ သိရပါတယ္။

၁၉၇၃ ခုႏွစ္၊ စက္တင္ဘာလ ၁၁ ရက္ေန႔မွာ ေမြးဖြားခဲ႔တဲ႔ Alec Su ဟာ အခုဆိုရင္ အသက္ ၄၆ ႏွစ္အရြယ္ကိုေရာက္ရွိေနျပီျဖစ္ပါတယ္။ ထိုင္၀မ္ဂီတေလာကရဲ႕ ပထမဆံုးေသာ Idol အဆိုေတာ္အဖြဲ႕ျဖစ္တဲ႔ Little Tigers လို႔ အမည္ရတဲ႔ ၃ ေယာက္အဖြဲ႕မွာ စတင္ပါ၀င္ခဲ႔ခ်ိန္တုန္းကဆိုရင္ သူ႕အသက္ဟာ ၁၅ ႏွစ္မွ်သာရွိေသးတာျဖစ္ျပီး သူ႔ရဲ႕ အနုပညာတာထြက္ကေတာ႔ ေကာင္းခဲ႔တယ္လို႔ ဆိုလို႔ရပါတယ္။

အေၾကာင္းကေတာ႔ သူတို႔အဖြဲ႕ဟာ ထိုင္၀မ္မွာ စတင္ပြဲထြက္ခဲ႔ေပမယ္႔လည္း တရုတ္ျပည္မၾကီး၊ ေဟာင္ေကာင္၊ စင္ကာပူနဲ႔ တျခားေသာအာရွႏိုင္ငံေတြမွာပါ ေအာင္ျမင္မွုေတြကို မထင္မွတ္ပဲရရွိခဲ႔လို႔ပါပဲ။ ငယ္ရြယ္ႏုပ်ိဳျပီး သီခ်င္းဆိုေကာင္းတဲ႔သူဟာ ထိုအခ်ိန္ကတည္းက မိန္းကေလးပရိသတ္ေတြမ်ားစြာကို သိမ္းပိုက္ထားႏိုင္ခဲ႔သူဆိုရင္လည္း မမွားပါဘူး။


Alec Su ဟာ အဆိုေတာ္အျဖစ္နဲ႔လည္း ေအာင္ျမင္ခဲ႔တဲ႔အျပင္ ပညာအရာမွာလည္း ထူးခၽြန္တဲ႔သူတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။ ဘယ္ေလာက္ေတာင္မ်ား အသက္ငယ္ငယ္ေလးနဲ႔ ထူးခၽြန္ေအာင္ျမင္ခဲ႔သလဲဆိုရင္ အဲဒီအခ်ိန္တုန္းက အမ်ားျပည္သူရဲ႕ စံနမူနာထားအတုယူရတဲ႔ ေက်ာင္းသားအျဖစ္နဲ႔ေတာင္ သတ္မွတ္ခံခဲ႔ရတာျဖစ္ပါတယ္။ သူတက္ခဲ႔တဲ႔ေက်ာင္းကေတာ႔ ထိုင္၀မ္ရဲ႕ နံပါတ္ ၁ အထက္တန္းေက်ာင္းျဖစ္တဲ႔ Taipei Municipal Jianguo High School ျဖစ္ျပီး တကၠသိုလ္တင္ေရာက္တဲ႔အခါမွာလည္း ဂုဏ္သတင္းၾကီးမားတဲ႔ ထိုင္၀မ္အမ်ိုးသားတကၠသိုလ္မွာတက္ေရာက္ခဲ႔ကာ အထူးျပဳဘာသာရပ္ကိုေတာ႔ Mechanical Engineering ယူခဲ႔တာ ျဖစ္ပါတယ္။

Alec Su က သူျဖတ္သန္းခဲ႔ရတဲ႔ အထက္တန္းေက်ာင္းသားအေတြ႕အၾကံဳကို ေျပာျပရာမွာေတာ႔ အားလပ္ခ်ိန္မရွိတဲ႔ ေအာင္ျမင္တဲ႔အဆိုေတာ္ဘ၀ကို ျဖတ္သန္းခဲ႔ရင္းနဲ႔ ထိုင္၀မ္တကၠသိုလ္ကို ၀င္ခြင္႔ရဖို႔အတြက္ၾကိဳးစားခဲ႔ရတာေၾကာင္႔ အေတာ္ေလးကို ပင္ပန္းခဲ႔တယ္လို႔ သိရပါတယ္။ ဒီလိုမ်ိုး ငယ္ငယ္ရြယ္ရြယ္နဲ႔ ေအာင္ျမင္ခဲ႔တာေၾကာင္႔ သူ႕ရဲ႕ လူငယ္ဘ၀ လြတ္လပ္မွဳေတြဟာ ေပ်ာက္ဆံုးခဲ႔တယ္လို႔ ခံစားခဲ႔ရျပီး ထိုင္၀မ္တကၠသိုလ္က ဘြဲ႕မရခင္ ၁ ႏွစ္အလို သူ႕အသက္ ၂၁ ႏွစ္မွာေတာ႔ ေက်ာင္းကေနထြက္ကာ အဂၤလန္ႏိုင္ငံမွာပဲ ပညာဆက္လက္သင္ၾကားခဲ႔ပါတယ္။

သရုပ္ေဆာင္ေလာကထဲကိုေတာ႔ ၁၉၉၇ ခုႏွစ္မွာ My Fair Princess (ေရႊမင္းသမီး) ဇာတ္လမ္းတြဲနဲ႔ စတင္၀င္ေရာက္ခဲ႔တာျဖစ္ျပီး အဲဒီအခ်ိန္တုန္းကေတာ႔ သူ႕ရဲ႕အသက္ဟာ ၂၄ ႏွစ္ ျဖစ္ေနပါျပီ။ အသက္ ၂၄ ႏွစ္အရြယ္ေရာက္မွ သရုပ္ေဆာင္စလုပ္ျဖစ္ေပမယ္႔လည္း Alec Su ဟာ သရုပ္ေဆာင္နယ္ပယ္မွာလည္း တာထြက္ေကာင္းခဲ႔ျပန္ပါတယ္။ သူ သရုပ္ေဆာင္အျဖစ္နဲ႔ ပြဲထြက္ခဲ႔တဲ႔ ေရႊမင္းသမီး ဇာတ္လမ္းတြဲက ဘယ္ေလာက္ေတာင္ေအာင္ျမင္ခဲ႔သလဲဆိုတာကေတာ႔ ဒီေန႔အခ်ိန္ထိ တရုတ္ဇာတ္လမ္းတြဲၾကိဳက္ပရိသတ္ေတြအေနနဲ႔ ဒီဇာတ္လမ္းတြဲကို မွတ္မိေနဆဲ၊ သတိရေနဆဲျဖစ္တာေတြက သက္ေသပါပဲ။

အဲဒီေနာက္ပိုင္းဆက္တိုက္ ရိုက္ကူးခဲ႔တဲ႔ ဇာတ္ကားေတြတိုင္းဟာလည္း ပရိသတ္ေတြရဲ႕ အၾကိဳက္နဲ႔ ထပ္တူညီခဲ႔ျပီး သူ႕ကို ေအာင္ျမင္တဲ႔သရုပ္ေဆာင္မင္းသားတစ္လက္အျဖစ္နဲ႔ ရပ္တည္ေစခဲ႔ပါတယ္။ အဆိုေတာ္အေနနဲ႔ အနုပညာနယ္ပယ္ထဲကို စတင္၀င္ေရာက္ခဲ႔တဲ႔ Alec Su ရဲ႕ အနုပညာသက္တမ္းက အခုဆိုရင္ ၃၁ ႏွစ္ပတ္၀န္းက်င္ရွိလို႔ေနျပီျဖစ္ျပီး သူကိုယ္တိုင္ဟာလည္း အဆိုေတာ္၊ သရုပ္ေဆာင္အျဖစ္နဲ႔သာမကပဲ ထုတ္လုပ္သူ၊ ဒါရိုက္တာတစ္ေယာက္အျဖစ္နဲ႔ပါ ရပ္တည္လို႔ေနတာ ျဖစ္ပါတယ္။

လက္ရွိမွာ တရုတ္ႏုိင္ငံေဖ်ာ္ေျဖေရးေလာကရဲ႕ တကယ္႔၀ါရင္႔သမာၻရင္႔ၾကီးတစ္ေယာက္အျဖစ္နဲ႔ သတ္မွတ္ခံထားရတဲ႔ Alec Su ကို တစ္ခ်ိန္တုန္းက အသည္းအသန္ေၾကြခဲ႔ၾကရတဲ႔ ပရိသတ္ေတြမ်ားရွိၾကရဲ႕လား။

Ref : Wiki

Credit:momolay

Unicodeဖြင့်ဖတ်ရန်

တရုတ်သိုင်းဇာတ်လမ်းကြိုက်နှစ်သက်သူ မိန်းကလေးတိုင်းနီးပါးရဲ့ အချစ်ဦးဖြစ်ခဲ့ဖူးတဲ့ Alec Su (သို့မဟုတ်) ကိုယ်တော် ၅

လွန်ခဲ့တဲ့အနှစ် ၂၀ ပတ်ဝန်းကျင်လောက်တုန်းက ည ၇ နာရီ (သို့မဟုတ်) ၉ နာရီမှာ မြဝတီရုပ်မြင်သံကြားကနေပြခဲ့တဲ့ တရုတ်ဇာတ်လမ်းတွဲတွေကို စောင့်မျှော်ကြည့်ရှုခဲ့ကြဖူုးသူတိုင်း အခုဖော်ပြပေးမယ့်သူကို ကောင်းကောင်းကြီးသိကြ၊ မှတ်မိကြမှာပါ။ သူကတော့ ဟွားဝူချွဲဆိုတဲ့ ဇာတ်ကောင်ကို မြန်မာပရိသတ်တွေနဲ့ စတင်မိတ်ဆက်ပေးခဲ့တဲ့သူဖြစ်ပြီး တချို့တွေကတော့ သူ့ကို လုအန်းချီ၊ ကိုယ်တော် ၅၊ ဝူကျိ အစရှိတဲ့ ဇာတ်ကောင်တွေနဲ့ ရင်းနှီးကြပါတယ်။

သူကတော့ မင်းသား Alec Su ပါပဲ။ Alec Su ဟာ "ငါးကလေး"၊ "ပင်လယ်ကြီးလောက်ချစ်တယ်"၊ "ရွှေမင်းသမီး"၊ "နဂါးနိုင်ဓား"၊ "တရားရှင်"၊ "ချစ်သူရဲကောင်း" အစရှိတဲ့ ဇာတ်လမ်းတွဲတွေများစွာနဲ့ မြန်မာပရိသတ်တွေအကြားမှာ ရင်းနှီးခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူ့ကို သရုပ်ဆောင်အဖြစ်နဲ့ စတင်သိရှိခဲ့ပေမယ့်လည်း တကယ်တော့ သူဟာ အဆိုတော်အဖြစ်နဲ့ အနုပညာနယ်ပယ်ထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

၁၉၇၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Alec Su ဟာ အခုဆိုရင် အသက် ၄၆ နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ထိုင်ဝမ်ဂီတလောကရဲ့ ပထမဆုံးသော Idol အဆိုတော်အဖွဲ့ဖြစ်တဲ့ Little Tigers လို့ အမည်ရတဲ့ ၃ ယောက်အဖွဲ့မှာ စတင်ပါဝင်ခဲ့ချိန်တုန်းကဆိုရင် သူ့အသက်ဟာ ၁၅ နှစ်မျှသာရှိသေးတာဖြစ်ပြီး သူ့ရဲ့ အနုပညာတာထွက်ကတော့ ကောင်းခဲ့တယ်လို့ ဆိုလို့ရပါတယ်။

အကြောင်းကတော့ သူတို့အဖွဲ့ဟာ ထိုင်ဝမ်မှာ စတင်ပွဲထွက်ခဲ့ပေမယ့်လည်း တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ စင်ကာပူနဲ့ တခြားသောအာရှနိုင်ငံတွေမှာပါ အောင်မြင်မှုတွေကို မထင်မှတ်ပဲရရှိခဲ့လို့ပါပဲ။ ငယ်ရွယ်နုပျိုပြီး သီချင်းဆိုကောင်းတဲ့သူဟာ ထိုအချိန်ကတည်းက မိန်းကလေးပရိသတ်တွေများစွာကို သိမ်းပိုက်ထားနိုင်ခဲ့သူဆိုရင်လည်း မမှားပါဘူး။


Alec Su ဟာ အဆိုတော်အဖြစ်နဲ့လည်း အောင်မြင်ခဲ့တဲ့အပြင် ပညာအရာမှာလည်း ထူးချွန်တဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လောက်တောင်များ အသက်ငယ်ငယ်လေးနဲ့ ထူးချွန်အောင်မြင်ခဲ့သလဲဆိုရင် အဲဒီအချိန်တုန်းက အများပြည်သူရဲ့ စံနမူနာထားအတုယူရတဲ့ ကျောင်းသားအဖြစ်နဲ့တောင် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ သူတက်ခဲ့တဲ့ကျောင်းကတော့ ထိုင်ဝမ်ရဲ့ နံပါတ် ၁ အထက်တန်းကျောင်းဖြစ်တဲ့ Taipei Municipal Jianguo High School ဖြစ်ပြီး တက္ကသိုလ်တင်ရောက်တဲ့အခါမှာလည်း ဂုဏ်သတင်းကြီးမားတဲ့ ထိုင်ဝမ်အမျိုးသားတက္ကသိုလ်မှာတက်ရောက်ခဲ့ကာ အထူးပြုဘာသာရပ်ကိုတော့ Mechanical Engineering ယူခဲ့တာ ဖြစ်ပါတယ်။

Alec Su က သူဖြတ်သန်းခဲ့ရတဲ့ အထက်တန်းကျောင်းသားအတွေ့အကြုံကို ပြောပြရာမှာတော့ အားလပ်ချိန်မရှိတဲ့ အောင်မြင်တဲ့အဆိုတော်ဘဝကို ဖြတ်သန်းခဲ့ရင်းနဲ့ ထိုင်ဝမ်တက္ကသိုလ်ကို ဝင်ခွင့်ရဖို့အတွက်ကြိုးစားခဲ့ရတာကြောင့် အတော်လေးကို ပင်ပန်းခဲ့တယ်လို့ သိရပါတယ်။ ဒီလိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ခဲ့တာကြောင့် သူ့ရဲ့ လူငယ်ဘ၀ လွတ်လပ်မှုတွေဟာ ပျောက်ဆုံးခဲ့တယ်လို့ ခံစားခဲ့ရပြီး ထိုင်ဝမ်တက္ကသိုလ်က ဘွဲ့မရခင် ၁ နှစ်အလို သူ့အသက် ၂၁ နှစ်မှာတော့ ကျောင်းကနေထွက်ကာ အင်္ဂလန်နိုင်ငံမှာပဲ ပညာဆက်လက်သင်ကြားခဲ့ပါတယ်။

သရုပ်ဆောင်လောကထဲကိုတော့ ၁၉၉၇ ခုနှစ်မှာ My Fair Princess (ရွှေမင်းသမီး) ဇာတ်လမ်းတွဲနဲ့ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ သူ့ရဲ့အသက်ဟာ ၂၄ နှစ် ဖြစ်နေပါပြီ။ အသက် ၂၄ နှစ်အရွယ်ရောက်မှ သရုပ်ဆောင်စလုပ်ဖြစ်ပေမယ့်လည်း Alec Su ဟာ သရုပ်ဆောင်နယ်ပယ်မှာလည်း တာထွက်ကောင်းခဲ့ပြန်ပါတယ်။ သူ သရုပ်ဆောင်အဖြစ်နဲ့ ပွဲထွက်ခဲ့တဲ့ ရွှေမင်းသမီး ဇာတ်လမ်းတွဲက ဘယ်လောက်တောင်အောင်မြင်ခဲ့သလဲဆိုတာကတော့ ဒီနေ့အချိန်ထိ တရုတ်ဇာတ်လမ်းတွဲကြိုက်ပရိသတ်တွေအနေနဲ့ ဒီဇာတ်လမ်းတွဲကို မှတ်မိနေဆဲ၊ သတိရနေဆဲဖြစ်တာတွေက သက်သေပါပဲ။

အဲဒီနောက်ပိုင်းဆက်တိုက် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေတိုင်းဟာလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူညီခဲ့ပြီး သူ့ကို အောင်မြင်တဲ့သရုပ်ဆောင်မင်းသားတစ်လက်အဖြစ်နဲ့ ရပ်တည်စေခဲ့ပါတယ်။ အဆိုတော်အနေနဲ့ အနုပညာနယ်ပယ်ထဲကို စတင်ဝင်ရောက်ခဲ့တဲ့ Alec Su ရဲ့ အနုပညာသက်တမ်းက အခုဆိုရင် ၃၁ နှစ်ပတ်ဝန်းကျင်ရှိလို့နေပြီဖြစ်ပြီး သူကိုယ်တိုင်ဟာလည်း အဆိုတော်၊ သရုပ်ဆောင်အဖြစ်နဲ့သာမကပဲ ထုတ်လုပ်သူ၊ ဒါရိုက်တာတစ်ယောက်အဖြစ်နဲ့ပါ ရပ်တည်လို့နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံဖျော်ဖြေရေးလောကရဲ့ တကယ့်ဝါရင့်သမ္ဘာရင့်ကြီးတစ်ယောက်အဖြစ်နဲ့ သတ်မှတ်ခံထားရတဲ့ Alec Su ကို တစ်ချိန်တုန်းက အသည်းအသန်ကြွေခဲ့ကြရတဲ့ ပရိသတ်တွေများရှိကြရဲ့လား။

Ref : Wiki

Credit:momolay

မှတ်ချက်များ