ရန်ကုန်နဲ့ ပဲခူးမှာ အင်အားပြင်းငလျင်အန္တရာယ်ကျရောက်လာနိုင်ဖွယ်ရှိ
Zawgyiဖြင့်ဖတ်ရန်
Credit:Duwun
Unicodeဖြင့်ဖတ်ရန်
ရန်ကုန်မြို့ငလျင်ဒဏ်ကြောင့် ရွှေတိဂုံဘုရားကြီးရဲ့ အရံစေတီ(၃)ဆူမှ စိန်ဖူးတော်များပဲ့ကျခဲ့ပြီး နောက်ထပ် ရန်ကုန်မှာအင်အားပြင်းငလျင် အန္တရာယ်ကို သတိပြုနေထိုင်ဖို့ကိုလည်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှတာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားထားပါတယ်။
နိုဝင်ဘာလ(၁၂)ရက်နေ့ ညပိုင်းက ရန်ကုန်မှာ အင်အား(၄.၁)အဆင့်ရှိ လှုပ်ခတ်ခဲ့တဲ့ငလျင်ဒဏ်ကို ပြည်သူတွေအနေနဲ့သိသိသာသာခံစားလိုက်ရပြီး နောက်ထပ် ငလျင်အန္တရာယ်နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းမှာနေထိုင်တဲ့သူတွေအနေနဲ့ အင်အားပြင်းငလျင်ဒဏ်ကို သတိပြုနေထိုင်ကြဖို့လိုအပ်တယ်သိရပါတယ်။
အင်အားပြင်းငလျင်လှုပ်ခတ်ပြီးတဲ့နေရာမှာ နှစ်ပေါင်း(၈၀)နဲ့(၁၀၀)ကြားမှာ ပထမလှုပ်ခတ်ခဲ့ဖူးတဲ့ အင်အားအဆင့်ရှိတဲ့ငလျင်ထပ်လှုပ်နိုင်တယ်လို့ ခန့်မှန်ထားကြပါတယ်။ 1930 ခုနစ်က ပဲခူးမှာ ၇.၃အဆင့်ရှိတဲ့ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တာကြောင့် အခုဆိုရင်နှစ်ပေါင်း(၉၀)ကြာပြီဖြစ်လို့ ပဲခူးနဲ့ ရန်ကုန်မှာက ငလျင်အန္တရာယ်ကိုခံစားနိုင်ရနိုင်ဖွယ်များနေတာလည်းဖြစ်ပါတယ်။
“ လှုပ်ခတ်ဖူးတဲ့ ငလျင်တွေကိုပြန်သုံးသပ်ကြည့်မယ်ဆိုရင် ဒုတိယအကြိမ်ပြန်လည်လှုပ်ခတ်ဖို့က မလှုပ်တဲ့အချိန်ကြာလေလေ အင်အားပိုပြင်းလေပဲ။ အခုလည်း (၁၉၃၀)မှာပဲခူးငလျင်လှုပ်ခဲ့တော့ ငလျင်ပြန်လှုပ်နိုင်ခြေက အရမ်းကိုမြင့်လာတယ်။ အင်အားပြင်းငလျင်လှုပ်နိုင်ခြေမြင့်လာလေလေ ရန်ကုန်မြို့ရဲ့ငလျင်အန္တရာယ်ကလည်း ပိုများလာတယ်။ ရန်ကုန်မြို့က လူနေထူထပ်တယ်။
တိုက်တာအဆောက်အဦများပြားသလို မြေသားကလည်းပျော့တော့ အင်အားပြင်းငလျင်ဒဏ်ကို ပိုပြီးသတိထားဖို့လိုအပ်တယ်။ ၁၉၃၀ တုန်းက ပဲခူးငလျင်တုန်းကဆို ပဲခူးမှာလည်းလူ(၅၀၀)လောက်သေတယ်၊ရန်ကုန်မှာလည်း လူ(၅၀)သေတယ်။ အဲဒီခေတ်တုန်းပေါ့နော်။ အခုရန်ကုန်မြို့ရဲ့အနေအထားအရဆိုရင် အဲဒီတုန်းကဆုံးရှုံးမှုထက်ပိုပြီးများပြားနိုင်တယ် လို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ဒုတိယဥက္ကဌ ဒေါက်တာမျိုးသန့်ကအကြံပြုပြောကြားခဲ့ပါတယ်။
မနေ့ညက ရန်ကုန်မှာလှုပ်ခတ်သွားတဲ့ ငလျင်ဟာ အင်အား(၄.၁)အဆင့်ရှိတဲ့ အင်အားအနည်းငယ်ငလျင်ဆိုပေမယ့် ရန်ကုန်ရဲ့တိုက်တာအဆောက်အဦးတချို့ထိခိုက်တာတွေနဲ့ ရွှေတိဂုံဘုရားကြီးရဲ့ မြေစိုက်စေတီအမှတ်(၂၆)နဲ့ အထက်ပစ္စရံက အရံစေတီ (၂)ဆူတို့မှာ စိန်ဖူးတော်များပဲ့ချခဲ့တယ်လို့ ဂေါပကအဖွဲ့ထံမှသိရပါတယ်။
“ ဘုရားကြီးရဲ့ မြေစိုက်စေတီအမှတ်(၂၆)က စိန်ဖူးတော်နဲ့ အခက်ပစ္စရံကအရံစေတီ (၃၂)နဲ့(၃၉)တို့က စိန်ဖူးတော်တွေပဲ့ကျတာ။ အခုတော့ အထက်ပစ္စရံက စေတီ(၂)ဆူရဲ့ စိန်ဖူးတော်တွေကိုတော့ ပြန်လည်တပ်ဆင်ပြီးသွားပြီ။ မြေစိုက်စေတီအမှတ်(၂၆)က ပေ(၅၀)လောက်မြင့်တော့ ချက်ချင်းမပြီးဘူး။ အခု ငြမ်းထိုးနေပြီ၊ ဒီနေ့တော့အပြီးဆောင်ရွက်သွားမှာပါ” လို့ ရွှေတိဂုံဘုရားဂေါပကအဖွဲ့တာဝန်ခံ ဦးအေးထွန်းက Duwun ကိုပြောပါတယ်။
နိုဝင်ဘာလ(၁၂)ရက်နေ့ညက လှုပ်ခတ်ခဲ့ငလျင်ဒဏ်ကြောင့် ရန်ကုန်မှာနေထိုင်တဲ့သူတွေအနေနဲ့ အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။ ထိခိုက်မှုရှိခဲ့တဲ့ အဆောက်အဦတချို့ကို တာဝန်ရှိသူတွေအနေနဲ့ ညတွင်းချင်းလိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသလို စေတီများပျက်စီးမှုတွေကိုလည်း ဂေါပကအဖွဲ့တာဝန်ရှိသူတွေအနေနဲ့ နေ့ချင်းအပြီးဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။
Credit:Duwun


မှတ်ချက်များ