ရန်ကုန်လွှတ်တော်မှာ အုန်းရည်ကို အရက်အဖြစ် သတ်မှတ်ပြီ

တနင်္လာနေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အ စည်းအဝေးတွင် အတည်ပြု ပြဋ္ဌာန်းလိုက်သော ယစ် မျိုးခွန်ဥပဒေတွင် အုန်းရည်ကိုလည်း ယမကာ စာရင်း ထဲတွင် ထည့်သွင်းထားသည်။ယစ်မျိုးခွန်ဥပဒေကို မွမ်းမံ ပြင်ဆင်ခြင်း ဖြစ်သော်လည်း အုန်းရည်ကို အရက်ဥပဒေမှ ထုတ်ပယ်ခြင်း မရှိဟု ဆိုသည်။

“ဒီမှာ လိုင်စင်အမျိုးအစားတွေထဲမှာ ထန်းရည်ဆိုတာ ပါတယ်။ ဒါကအနက်ဖွင့်တော့ ထန်း၊ ဒနိ၊ အုန်း၊ ပေက ထွက်တဲ့အရည်လို့ပါတယ်။ဒီတော့ အုန်းရည်ပါ ပါနေ တာက မသင့်ဘူး။

အုန်းရည်ရောင်းတဲ့သူတွေက ဝင်ငွေနည်းလူတန်းစားတွေ ဖြစ်တယ်။ ဒါကိုပါ ဒီအခွန်နှုန်းနဲ့ကောက်ရင် ပြည် သူတွေ နစ်နာနိုင်တယ်။
ဒါပေမယ့် မူရင်းမှာထဲက ပါတယ်ဆိုပြီး လက် မခံဘူး။ အဆိုရှုံးတော့ အတည်ဖြစ်သွားတယ်” ဟု ဆိပ်ကမ်း မြို့နယ်မဲဆန္ဒရှင် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်က ပြောသည်.။

ယခုကောက်ခံမည့်နှုန်းထား နှင့် အတည်ပြုပြဋ္ဌာန်းသည့် ဥပဒေအရ ထန်းရည်ဆိုင်၊ အုန်းရည်ရောင်းချသူ များပါ အဆိုပါအခွန်ကို ထမ်းဆောင်ရမည်ဖြစ်ပြီး လုပ်ငန်း အကြီးအသေးလိုက် ၁သိန်းမှ ၁၀ သိန်း အထိ ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။

ဥပဒေသစ်ကို လွှတ်တော်က အတည်ပြုခြင်းမှာ ယမကာလုလင်၊ ယမကာလုံမေတို့အတွက် သတင်းဆိုး ဟူသော ခေါင်းစဉ်ဖြင့် ဤဘလော့စာမျက်နှာတွင် ယနေ့ နံနက်ပိုင်းက ဖော်ပြခဲ့ပြီး ဖြစ်သည်။

ဥပဒေကို လာမည့်နှစ်များတွင် ထပ်မံပြင်ဆင်မည် ဆိုပါက အုန်းပင်မှထွက်သောအရည်၊ အုန်းသီးအတွင်းမှ အရည် စသဖြင့် ဝေါဟာရ အပြောင်းအလဲ ပြုလုပ်ရန် အဆိုပြုမှုလည်း ရှိနိုင်သည်။

ဥပဒေပြဋ္ဌာန်းချက်က သရေပင်ကဲ့သို့ ဖြစ်နေပါက အုန်းသီးရောင်းသူတို့လည်း ယစ်မျိုးဥပဒေနှင့် ငြိစွန်းမည် ကို စိုးရိမ်ကောင်း စိုးရိမ်ဖွယ် ရှိမည်။

သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စသည့် နိုင်ငံများတွင် အုန်းအရက် ထုတ်လုပ်သော်လည်း မြန်မာပြည် တွင်မူ စီးပွားဖြစ် ထုတ်လုပ်သည့်သတင်း မကြားရသေးပေ။

ဤအတောအတွင်း ဥပဒေတွင် ပါဝင်သည့် အုန်းရည်နှင့် ပတ်သက်ပြီး ရန်ကုန် အခြေစိုက် လုပ်ငန်းရှင်များ ဘက်မှ အသံ မထွက်သေးသော်လည်း ဥပဒေတွင် ပါဝင်သည့် အခွန်နှင့် ပတ်သက်ပြီး ဝေဖန် ပြောဆိုမှု
တော့ ရှိနေသည်။

တာမွေမြို့နယ် အရက်၊ ဘီယာရောင်းချနေသည့် စားသောက်ဆိုင်ပိုင်ရှင် တဦးဖြစ်သူ ကိုထွန်းကိုက “အခွန်ကောက်တာ ကောက်ပါ။ ဒါပေမယ့် တခုက ဘယ်လိုသတ်မှတ်ချက်ကို လုပ်ငန်းအသေးလဲအ လတ်လည်း အကြီးလည်း ဆိုတာသေချာဖော်ပြသင့်တယ်။နောက်တခုက ကောက်တာတွေတော့ဟုတ်ပြီ အောက်ခြေက လူတွေကကော အမှန်တိုင်း တင်မှာလား။ ပေါင်းလုပ်နေတာအများကြီး” ဟု ပြောသည်။

“ကျနော်တို့ဆိုင်ဆို လုပ်ငန်းအလတ်လို့ပြောတယ်။ တကယ်ကောက်တော့ အကြီးစားလုပ်ငန်းလို့ပြတယ်။ ဒါတွေရှိတယ်။ တချို့ကျတော့ လုပ်ငန်းအသေးလို့ပြတယ်။တကယ်က အကြီးစားကိုရောင်းတာ။ ဒါတွေဘယ် လို စစ်မလဲ သိချင်တယ်” ဟု သူက ဆက်ပြောသည်။

မြန်မာပြည်မြို့နယ်ပေါင်း ၃၃၀ ရှိ အရက် ဆိုင်၊ စက်ရုံအရေအတွက်

လက်လီ/ လက်ကား အရက်ဆိုင်ပေါင်း – ၄၁,၂၁၀ ခန့်
သိပ္ပံနည်းကျထုတ်လုပ်သည့် စက်ရုံ – ၇၃
ဘီယာစက်ရုံ – ၎
ဝိုင်ထုတ်လုပ်သည့်စက်ရုံ – ၄၀
တောအရက်ချက်လုပ်ငန်း – ၄၁၀
အရက် ပြန်လည်ပြုပြင်ဖြန့်ဖြူးသည့်ဆိုင် - ၂၂၈

ကိုးကား – ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အခွန်ဌာန၏ ထုတ်ပြန်ချက်

၂၀၁၂ခုနှစ်မှ ၂၀၁၄ ခုနှစ် သုံးနှစ်အတွင်း ရန်ကုန်တိုင်းဒေသ ကြီးတွင် တရားမ၀င် ဖွင့်လှစ် လုပ်ကိုင်နေ သည့် အရက်၊ ဘီယာ၊ ဘီယာဆိုင်များ အရေးယူမှု မြင့်တက်လာခဲ့ပြီး ၂၀၁၄ခုနှစ်အတွင်း (ဧပြီအထိ) တရားမ၀င် အရက်၊ ဘီယာဆိုင် ၂,ဝဝဝ ကျော် အရေးယူခဲ့ကြောင်းပြီးခဲ့သည့် ဧပြီလအတွင်းကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တိုင်းဒေသ ကြီးလူမှုရေး ၀န်ကြီး ဒေါက်တာမြင့်သိန်း ပြောကြားချက် အရ သိရသည်။

မေခ

မှတ်ချက်များ