တာမွေတွင် ဈေးဝယ်သူတစ်ဦးထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ ဖမ်းမိ

တာမွေမြို့နယ် ကျောက်မြောင်း အထက်ရပ်ကွက်၊ သင်္ဂဟလမ်းတွင် စက်တင်ဘာလ ၁၂ ရက် ည ၉ နာရီခန့် က ကျပ်တစ်သောင်းတန် ငွေစက္ကူအတု များဖြင့် ဈေးဝယ်နေသော အသက် ၂၈ နှစ်အရွယ် ရှိ အမျိုးသားတစ် ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း ရန် ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် နေထိုင်သူ ဦးကြည်ဌေးသည် ယင်းနေ့ ညပိုင်းက သင်္ဂဟလမ်းထိပ်ရှိ ကွမ်းယာဆိုင်တွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုဖြင့် ဈေးဝယ်ခဲ့ပြီးနောက် ပြန်လည်ထွက်ခွာစဉ် ဆိုင်ရှင်က ငွေစက္ကူကို မသင်္ကာ၍ စစ်ဆေးရာမှ အတုဖြစ်ကြောင်း သိရှိခဲ့ပြီး အနီးရှိဈေးသည်များ၏ အကူအ ညီဖြင့် ဈေးဝယ်ခဲ့သူကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကျောက်မြောင်း အထက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ ဝင်တစ်ဦးက ပြောကြားသည်။

“ဈေးသည်တွေ ဝိုင်းဖမ်းပြီး ရဲစခန်းခေါ်သွားတာ။ တာမွေရဲစခန်းနား ရောက်တော့ ထွက်ပြေးတာကြောင့် ရဲတပ်ဖွဲ့ အကူအညီနဲ့ ထပ်ဖမ်းခဲ့ရတယ်။ သူ့ကို ရဲတွေ စစ်ဆေးတော့ တစ်သောင်းတန် အတု ရှစ်ရွက်ထပ်မိ တယ်” ဟု ၄င်းက ရှင်းပြသည်။

အဆိုပါ ဖမ်းဆီးရမိသော တစ်သောင်းကျပ်တန် ငွေစက္ကူအတု ရှစ်ရွက်၏ နံပါတ်မှာ ကခ ၆၀၅၄၇၈၅ ဖြစ်ပြီး
ငွေစက္ကူအတုဖြင့် ၄င်းဝယ်ယူထားသည့် အသုံးအဆောင်ပစ္စည်းများ နှင့်အတူ ငွေစက္ကူအစစ် (ရောရာ) ကျပ်
နှစ်သောင်းထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း တာမွေမြို့မရဲစခန်း ထံမှ သိရှိရသည်။

“လွန်ခဲ့တဲ့ နှစ်လကျော်က ရခိုင်ဘက်မှာ တစ်သောင်းတန် အတုတွေ မိခဲ့တယ်။ အခုဖမ်းမိသူက အဲဒီဘက် က ကွင်းဆက် ဟုတ်မဟုတ် စသုံးလုံးက စစ်ဆေးနေတယ်။ ရန်ကုန်မြို့မှာ ငွေစက္ကူအတုနဲ့ ဘယ်ဆိုင်တွေ မှာ ဝယ်ထားလဲ ဆိုတာ စစ်ဆေးနေပြီး ပြန်လည် သိမ်းဆည်းနိုင်ဖို့ ဆောင်ရွက်နေတယ်” ဟု အဆိုပါရဲစခန်း မှ ရဲအရာရှိက ရှင်းပြသည်။

ယင်းတစ်သောင်းကျပ်တန် ငွေစက္ကူ အတုများ လိမ်လည်သုံးစွဲသူ ဦးကြည်ဌေးကို တာမွေမြို့မ ရဲစခန်းက (ပ) ၅၄၀/၁၄၊ ၂၀၁၃ ခုနှစ် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

The Voice

မှတ်ချက်များ