ဓာတ်ကြိုးပြတ်ကျ၍ နှစ်ဦးဒဏ်ရာရပြန်
ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် မောင်းမကန်လမ်းနှင့်လှော်ကားလမ်းထောင့်ရှိ လျှပ်စစ်ဓာတ်တိုင်မှ ဓာတ်ကြိုးပြတ်ကျရာ လူနှစ်ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၆ ရက် ည ၇ နာရီဝန်းကျင်တွင် မောင်းမကန်လမ်းနှင့် လှော်ကားလမ်းထောင့်ရှိ လျှပ်စစ် ဓာတ်တိုင်မှ ဗို့အား ၆၆၀၀ ရှိ ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဓာတ်တိုင်အနီးရှိ ဆိုင်ကယ်သမားတစ်ဦးနှင့် အမျိုး သမီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။
အဆိုပါနှစ်ဦးကို သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသနေကြောင်း သတင်းရရှိသည်။
‘‘ဓာတ်ကြိုးပြတ်ကျလို့ ဆိုင်ကယ်သမားတစ်ဦးကို ထိမိရာ သူက ဒဏ်ရာရသွားတယ်။ နောက်အမျိုးသမီး တစ်ဦးကလည်း ဓာတ်ကြိုးနဲ့ အနည်းငယ်ထိပြီးတော့ သတိမေ့သွားတယ်။ နှစ်ဦးလုံး သက်သာပါတယ်’’ ဟု တောင်ဒဂုံ မြို့နယ် မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်ယခုနှစ်အတွင်း ဓာတ်ကြိုးပြတ်ကျမှုကြောင့် သေဆုံးသူ ၁၂ဦး ထိရှိခဲ့သည်။
7day

မှတ်ချက်များ