ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံများ အိုးအိမ်စွန့် ထွက်ပြေး


နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့က ပြီးခဲ့တဲ့ ရက်သတ္တပတ် တွေအ တွင်း တိုက်ခိုက်မှုတွေ တိုးလုပ်လာတာကြောင့် ဒေသခံတွေ အိုးအိမ်စွန့် ထွက်ပြေး နေကြရပါတယ်။

ပြီးခဲ့တဲ့တပတ် အောက်တိုဘာလ ၂၉ ရက်နေ့က ဘိုကိုဟာရမ်းအကြမ်းဖက်တွေ မူဘီ မြို့ကို သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် မြို့ခံတွေ ပြည်နယ်မြို့တော်က ကယ်ဆယ်ရေးစခန်းတွေ ကို ပြောင်းရွှေ့နေကြပါတယ်။

ရာနဲ့ချီတဲ့ ဒေသခံတွေ ပျောက်ဆုံးနေကြတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဘိုကိုဟာရမ် အကြမ်းဖက်
တွေဟာ မူဘီမြို့က ဘဏ်တွေကို ဖောက်၊ ဈေးတွေကိုလည်း မီးရှို့ကြပြီး ဒေသခံတက္ကသိုလ် ဆရာတဦးနဲ့ မိသားစုအားလုံးကို သတ်ဖြတ်လိုက်တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။

ဒေသခံ တပ်ဖွဲ့ဝင်တွေလည်း လူအင်အား၊ လက်နက်အင်အား မမျှလို့ တပ်စွန့်ပြေးခဲ့ကြပါတယ်။ ကယ် ဆယ်ရေးစခန်းတွေဟာလည်း ရောက်လာတဲ့ဒုက္ခသည်တွေနဲ့ ပြည့်နေပြီး ရှိတဲ့နေရာနဲ့ လက်ခံရတဲ့ လူအင် အား မလုံမလောက်ဖြစ်နေတယ်လို့ ကြက်ခြေနီတပ်ဖွဲ့က ပြောပြပါတယ်။

အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားတယ်ဆိုတဲ့အချိန်မှာပဲ ဘိုကိုဟာရမ်အကြမ်းဖက်တွေ တိုက်ခိုက် သိမ်းပိုက်မှုတွေကို တိုးလုပ်လာတာလည်းဖြစ်ပါတယ်။

နိုင်ဂျီးရီးယားစစ်တပ်က အနည်းဆုံး မြို့တမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုတဲ့ အချိန်မှာ ဘိုကိုဟာရမ် အကြမ်းဖက်တွေက ဒေသတလုံးကို သိမ်းပိုက်မှာကို စိုးရိမ်နေရတာပါ။

အစိုးရတပ်နဲ့ ဘိုကိုဟာရမ်အဖွဲ့ ဘယ်သူကသိမ်းသိမ်း ဒုက္ခရောက်ရတာကတော့ ဒေသခံ နိုင်ဂျီးရီး ယား ပြည်သူတွေပဲဖြစ်ကြပါတယ်။

DVB



မှတ်ချက်များ