လူလေလား… ငှက်လေလား


မိသားစုမောင်နှမတွေထဲမှာ တစ်ယောက်ယောက်ကတော့ အနစ်နာခံရလေ့ရှိတယ်…

တချို့မိသားစုတွေမှာ အကြီးဆုံးတွေက သိပ်တော်ကြတယ်။ကိုယ့်ပညာရေး၊ကိုယ့်အိပ်မက်တွေကိုစွန့်လွှတ် ပြီး မိဘအတွက်၊မောင်နှမအငယ်တွေအတွက် အလုပ်လုပ်၊ ငွေရှာပြီး ထောက်ပံ့အနစ်နာခံတာမျိုး…

တချို့မိသားစုတွေမှာတော့ အငယ်ဆုံးတွေက သိပ်တော်ကြတယ်။ အကြီးတွေက သူတို့အလုပ်၊ သူတို့မိ သားစု၊ သူတို့ဘ၀နဲ့ ပျော်မွှေ့နေကြတယ်။ မိဘကိုကော၊ ကျန်တဲ့အငယ်တွေအတွက်ကော ပြန်လှည့် မကြည့်တတ်ဘူး။ အငယ်ကသာ ကိုယ့်ပညာရေး၊ ကိုယ့်အိပ်မက်တွေကိုစွန့်လွှတ်ပြီး မိဘတာဝန်၊ မိသားစု တာဝန်ကို အကုန်ယူပြီး ခေါင်းခံဖြေရှင်းပေးတာမျိုး…

အကြီးပဲဖြစ်ဖြစ်၊ အလတ်ပဲဖြစ်ဖြစ်၊ အငယ်ပဲဖြစ်ဖြစ် အနစ်နာခံသူဆိုတာ ကိုယ့်အရေးမှန်သမျှ အကုန်
နောက်ပို့ထားခဲ့ရတာပါပဲ…

ဒါပေမဲ့ ဒီလိုအနစ်နာခံရသူတွေဟာ ကံထူးသူတွေပါ။ ကံ-ကံ၏အကျိုးပေးခြင်း သဘောတရားအရ အနစ် နာခံသူတွေရဲ့ ပေးဆပ်ခြင်းဟာ ဘယ်တော့မှအလဟဿ မဖြစ်ပါဘူး…

မိဘအတွက် ပြန်လည်ပြုစုလုပ်ကျွေးခွင့်ရခြင်း၊ မောင်နှမတွေအမြင့်ရောက်ဖို့ မြှင့်တင်ပေးနိုင်ခြင်းစတဲ့ ကုသိုလ်အခွင့်အရေးတွေဟာ လူတိုင်းမှမရနိုင်တာပဲ…

လောကနိယာမတရားအရ မေတ္တာပေးသူဟာ သူမမြင်နိုင်တဲ့ အခြားသူမြောက်မြားစွာဆီက မေတ္တာပေါင်း
မြောက်မြားစွာ စီးဆင်းသက်ရောက်မှုကို ပြန်လည်ရရှိစမြဲပါပဲ…

ဒီနေရာမှာ တစ်ကိုယ်ကောင်းဆန်စွာနဲ့ ကိုယ်လွတ်ရုန်းသွားတဲ့ မောင်နှမတွေကိုလည်း အားလုံးကိုယ်စား
မေးခွန်းလေးတစ်ခုမေးချင်မိတယ်…

အတောင်အလက်စုံလို့ မိဘရင်ခွင်ကနေ ပျံထွက်သွားတာပဲလို့ ပြောတတ်တဲ့ဆင်ခြေစကားအရဆို သူတို့ ကိုယ်တိုင်တွေက လူတွေမဟုတ်ဘဲ ငှက်လေးတွေများလားလို့…

နှိုင်းရင့်နွေ

မှတ်ချက်များ