မြန်မာပြည်အစွန်က လာ့စ်ဗီးဂတ်စ်မြို့အသေးစား

မိုင်းလားမြို့လယ်တစ်နေရာကို ညနေပိုင်းကတွေ့ရစဉ်


မိုင်းလားမြို့အတွင်းရှိ တောရိုင်းတိရစ္ဆာန်များ၏အစိတ်အပိုင်းများကို ရောင်းချသည့် ဆိုင်တစ်ဆိုင်ကိုတွေ့ရစဉ်။ ၎င်းတို့၏အဓိကဖောက်သည်မှာ တရုတ်လူလတ်တန်းစားများဖြစ်သည်။/ဓာတ်ပုံ− nationalgeographic.com
ဝေးလံခေါင်သီပြီး တောကြီးမျက်မည်း နယ်မြေတွေနဲ့ ထိစပ်နေတဲ့ မိုင်းလားမြို့လေးဟာ မျိုးသုဉ်းလုနီးပါး ရှားပါးနေတဲ့ တိရစ္ဆာန်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို စုံစုံလင်လင်ရောင်းချနေတဲ့ ဈေးကွက်တစ်ခုဖြစ်ပါ တယ်။ ကာမအားတိုးဆေးအနေနဲ့ဖြစ်စေ၊ တိုင်းရင်းဆေးဝါးအနေနဲ့ဖြစ်စေ၊ ဟင်းလျာချက်ပြုတ်ဖို့အတွက်
ဖြစ်စေ ရည်ရွယ်ချက်မျိုးစုံနဲ့ အသုံးပြုဖို့ တိရစ္ဆာန်အစိတ်အပိုင်းအမျိုးမျိုးကို မိုင်းလားမြို့ထဲမှာ ဝယ်ယူနိုင်ပါ တယ်။

တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ဒေသက မြို့ငယ်လေးဟာ ကာမဂုဏ်နဲ့ လောဘစိတ်တို့ကိုထင် ဟပ်စေတဲ့ ကုန်စည်စာရင်းတွေကို စုံစုံလင်လင် ရှာတွေ့နိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။ မျိုးသုဉ်းလုနီးပါး ရှားပါးတိရစ္ဆာန်တွေကို တရားမဝင် အမဲလိုက်သတ်ဖြတ်ပြီး ဖော်စပ်ထားတဲ့ ကာမအားတိုးအရက်လိုမျိုး ပစ္စည်းတွေကို မိုင်းလားမှာ ဝယ်ယူလို့ရနေတယ်။

မြစ်ကမ်းဘေးက ဆိုင်လေးတစ်ခုကိုကြည့်ပါ။ ၁၂ ပေလောက်ရှည်တဲ့ မှန်ကန်ကြီးထဲမှာ ကျားကြီးတစ်
ကောင်ရဲ့ အရိုးစုရုပ်ကြွင်းကို ထည့်ပြထားတယ်။ အရောင်ရင့်ရင့် ဆေးအရက်ကန်ထဲ ထည့်စိမ်ထားတဲ့ ကျားကြီးရဲ့ ဦးခေါင်းရိုးက မျက်လုံးအိမ်နေရာ ဟောက်ပက်ကြီးကတော့ လမ်းသွားလမ်းလာတွေကို ရည်ရွယ်ချက်မဲ့ ငေးမောနေသလိုပါပဲ။ ဝါသနာပါသူတွေအတွက်ကတော့ ဒီသားရိုင်းကောင်ကြီးရဲ့ ခွန်အားကောင်းကောင်း ရှင်သန်မှု အသက်ဓာတ်ဟာ ကာမစွမ်းအားတွေကို မြှင့်တင်ပေးတဲ့ ဆေးစွမ်း
ကောင်းတစ်လက်လို့ ယူဆကြပါတယ်။

“ကျားရိုးထည့်စိမ်ထားတဲ့ ကျားဝိုင်အရက်ဟာ ယောက်ျားတွေအတွက်ရော၊ မိန်းမတွေအတွက်ပါ ကျန်း မာရေးကောင်းစေတယ်”လို့ မိုင်းလားမှာ ၁၀ နှစ်လောက်ကြာအောင် အခြေချနေ ထိုင်ခဲ့တဲ့ တရုတ်ကုန် သည်တစ်ယောက်က ဆိုပါတယ်။ သူက ကာယဗလပြသူ တစ်ယောက်လိုမျိုး သူ့ရဲ့လက်မောင်းသားတွေ ကို ဟန်ရေးပြလှုပ်ယမ်းရင်း ဆက်ပြောသေးတယ်။ “ကျားဝိုင်အရက်က အမျိုးသားတွေကို အိပ်ရာထဲမှာ အစွမ်းထက်စေတယ်လေ”တဲ့။

အဲဒီဝိုင်အရက်မှာ စပျစ်သီးလို တခြား အခြေခံပါဝင်ပစ္စည်းတွေအပြင် ကျားရိုးကိုပါ ထည့်စိမ်ထားရပါတယ်။ တစ်နှစ်လောက်ကြာအောင် စိမ်ထားပြီးတဲ့အခါ ကျားဝိုင်အရက်ကို လိင်အပျော်အပါးလိုက်စားတဲ့ ကမ္ဘာ လှည့်ခရီးသွားတွေဆီ တစ်ပုလင်း ယွမ်ငွေတစ်ထောင်လောက်နဲ့ ရောင်းလို့ရသွားပါပြီ။ တစ်နည်းအားဖြင့် ကျားဝိုင်အရက်တစ်ပုလင်းဟာ ၁၆၃ ဒေါ်လာလောက် ဈေးကောင်းရတဲ့သဘောပါပဲ။

“ဧည့်သည်တော်တော်များများကတော့ တစ်ခွက်၊ ဒါမှမဟုတ် နှစ်ခွက်လောက် သောက်သွားကြတာပဲ”လို့ ကျားဝိုင်အရက်ရနိုင်တဲ့ စားသောက်ဆိုင်တစ်ဆိုင်က စားပွဲထိုးလေးတစ်ယောက်က တခစ်ခစ်ရယ်ရင်း ပြော
ပြပါတယ်။ ကျားဝိုင်အရက်ဟာ မြန်မာဘက်ခြမ်းက ဒုစရိုက်မြို့ငယ်လေးလို ဖြစ်နေတဲ့ မိုင်းလားကို တရုတ်နိုင်ငံသားတွေ နေ့တိုင်းလိုလို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာစေတဲ့ ဆွဲဆောင်မှုတွေထဲက တစ်ခုသာဖြစ်ပါတယ်။

မှောင်မည်းနေတဲ့ တောနက်ကြီးရဲ့နံဘေးက နီယွန်မီးတွေထွန်းထားတဲ့ တောင်ကြားမြို့လေးထဲ လိုက်ပို့တဲ့ တက္ကစီသမားက ကျွန်တော်တို့ကို ပြောပါတယ်။ “တကယ်တော့ မိုင်းလားမှာက ပြည့်တန်ဆာတွေ၊ လောင်း ကစားဝိုင်းတွေနဲ့ ရှားပါးတိရစ္ဆာန်တွေကလွဲရင် တခြားဘာမှသိပ်မရှိလှပါဘူး”တဲ့။

မိုင်းလားဟာ နည်းနည်းစည်းပျက်ကမ်းပျက်နိုင်တဲ့ လာ့စ်ဗီးဂတ်စ်မြို့အသေးစားလေးလည်း ဖြစ်ပြန် တယ်။ လောင်းကစားဝိုင်းတွေ ဟိုစုစု၊ ဒီစုစု တွေ့မြင်ရတယ်လေ။ ပြီးတော့ ရှားပါးတိရစ္ဆာန်တွေကို
မွေးမြူပြသထားဖို့မဟုတ်ဘဲ ချက်ပြုတ်စားသောက်တဲ့၊ ခြစားမှုတွေ ထူပြောနေတဲ့ နေရာလေးတစ်ခုပါ။

ခပ်ညံ့ညံ့အပြင်အဆင်နဲ့ ဈေးတန်းလေးတွေကအစ၊ အဆင့်မြင့်မွမ်းမံထားတဲ့ ဆိုင်တန်းကြီးတွေအဆုံး တိရစ္ဆာန်တွေရဲ့ သေခြင်းတရားနိမိတ်တွေဖုံးနေတဲ့ မြို့လေးထဲမှာ တရုတ်နိုင်ငံသားတွေကို စည်စည် ကားကား တွေ့နိုင်ပါတယ်။ အလှပြဘောင်သွင်းထားတဲ့ ကျားမြီးတစ်ချောင်းကို ယွမ်သုံးသောင်း (ဒေါ်လာ ၄၈၉၀ ဝန်းကျင်)၊ ကျားရေတစ်ချပ်ကို ယွမ်တစ်သိန်း (ဒေါ်လာ ၁၆၃၀၀ ဝန်းကျင်)လောက်နဲ့ ဝယ်ယူနိုင်ပါ တယ်။ အနာအဆာနည်းပါးတဲ့ ကြံ့ချိုတစ်ချောင်းကို ယွမ်နှစ်သိန်းရှစ်သောင်း (ဒေါ်လာ ၄၅၆၄၀ ဝန်းကျင်)လောက် ပေးရပါတယ်။

ဒီမြို့လေးဟာ တရားဥပဒေစိုးမိုးမှု တော်တော်လေးအလှမ်းကွာတဲ့ အထူးဇုန်အမှတ်(၄) ဒေသထဲက (၁၉၁၁) စတုရန်းကီလိုမီတာလောက် ကျယ်ပြောတဲ့ နေရာလေးတစ်ခုပါ။ အစွန်အဖျားကျပြီး တော
တောင်တွေနဲ့ ဆက်စပ်တည်ရှိပါတယ်။ နယ်စပ်မှာတည်ရှိပြီး မြန်မာအစိုးရရဲ့ တရားဥပဒေသက်ရောက်မှုနဲ့ အတော်လေးအလှမ်းကွာတဲ့ မြို့လေးမှာ ဒေသခံကုန်သည်တွေကတော့ ဥပဒေတွေကို သူတို့လိုချင်သ လို ပြောင်းလိုက်ပါတယ်။ ဒါကြောင့်လည်း ဒီနေရာလေးဟာ အရှေ့တောင်အာရှဒေသမှာ ရှားပါးတိရစ္ဆာန်
တွေ ရောင်းဝယ်တဲ့ အကြီးမားဆုံးဈေးကွက်တစ်ခု၊ တရားမဝင်အမဲလိုက်မုဆိုးတွေအတွက် ကောင်းကင် ဘုံလို ဖြစ်လာပါတယ်။

“အရှေ့တောင်အာရှဒေသမှာ ရှားပါးတိရစ္ဆာန်တွေကို တရားမဝင်သတ်ဖြတ်မှု အတိုင်းအတာက မယုံနိုင်လောက်အောင် မြင့်တက်နေတာဗျ။ ဒီကဏ္ဍကို ကိုင်တွယ်ဖို့က ယိုပေါက်ကြီးတစ်ခု ဖြစ်နေ တယ်”လို့ TRAFFIC ရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ခရစ်ရှက်ပ်ဟတ်ဒ်က ဆိုပါ တယ်။ TRAFFIC ဟာ သားရိုင်းတိရစ္ဆာန်နဲ့ ရှားပါးအပင်တွေ ကုန်သွယ်ရောင်းဝယ်မှု ဈေးကွက်ကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတစ်ခုပါ။

ပြီးခဲ့တဲ့ အတိတ်ဆယ်စုနှစ်တချို့မှာ တရုတ်နိုင်ငံရဲ့ အာသာငမ်းငမ်းကြီးမားလှတဲ့ ဝယ်လိုအားကြောင့် သားရိုင်းတိရစ္ဆာန်အစိတ်အပိုင်းတွေ ရှာဖွေရောင်းချတဲ့ ဈေးကွက်ဟာ ပိုပြီးကျယ်ပြန့်လာတယ်။ တရုတ် လူမျိုးတွေဟာ ဆေးဝါးဖော်စပ်ဖို့ကိစ္စအပြင် ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်ကျက်သရေကို ပြသတဲ့ အဆောင်အ
ယောင်တွေအနေနဲ့ပါ ရှားပါးတိရစ္ဆာန်အစိတ်အပိုင်းတွေကို ရှာဖွေဝယ်ယူလာခဲ့ပါတယ်။ ဒီကနေ့ခေတ် တရုတ်လူလတ်တန်းစားအရေအတွက်ဟာ သန်း ၁၅၀ လောက် ရှိလာပါပြီ။

လူလတ်တန်းစားသတ်မှတ်ချက်အရ လူတစ်ယောက်ရဲ့ တစ်နေ့တာဝင်ငွေ ၁၀ ဒေါ်လာကနေ ဒေါ်လာ ၁၀၀ ကြားလောက် ရှိနေတာကို ဆိုလိုပါတယ်။ အခုဆို တရုတ်ရဲ့ လူလတ်တန်းစားအရေအတွက်ဟာ အမေရိကန်ပြည်ထောင်စုတစ်ခုလုံးက လူဦးရေထက်ဝက်ထက် နည်းနည်းပဲ လျော့ပါတော့တယ်။ လာမယ့် ဆယ်စုနှစ်ထဲမှာ ဒီအရေအတွက်ဟာ သုံးဆလောက်မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလူတန်း စားက မိုင်းလားမှာရှိနေတဲ့ ရှားပါးတိရစ္ဆာန်အစိတ်အပိုင်း အလှဆင်ပစ္စည်းတွေ၊ တိုင်းရင်းဆေးဝါးတွေကို
တောင်းဆိုမှု မြင့်တက်လာစေပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကျားရိုင်းအစိတ်အပိုင်း မှောင်ခိုရောင်းဝယ်မှုလမ်းကြောင်းအားလုံးရဲ့ သုံးပုံ တစ်ပုံဟာ မြန်မာနိုင်ငံကို ဖြတ်သန်းသွားတယ်လို့ ကမ္ဘာ့သားရိုင်းတိရစ္ဆာန်များရန်ပုံငွေအဖွဲ့ကြီး(WWF)ရဲ့ မဟာမဲခေါင်မျိုးစိတ်များ စီမံကိန်းမန်နေဂျာ သောမတ်စ်ဂရေးက ခန့်မှန်းပါတယ်။

“အကြီးစားနို့တိုက်သတ္တဝါတွေကို တရားမဝင် အမဲလိုက်သတ်ဖြတ်ပြီး မှောင်ခိုရောင်းဝယ်နေတာတွေက အာရှတိုက်မှာ မှန်းဆလို့ မလွယ်လောက်အောင် ကျယ်ပြန့်နေတုန်းပဲ။ ဒါက ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခု၊ ဒါမှမဟုတ် သုံးခုလောက်အတွင်းမှာ အရှိန်ကောင်းလာတာပါ။ အာဖရိကမှာလည်း လွန်ခဲ့တဲ့ဆယ်နှစ်
လောက်အတွင်းမှာ အဲဒီလိုပဲ အတိုင်းအတာ ကြီးမားလာပါတယ်”လို့ ဂရေးက ဆိုတယ်။ “အဓိကအကြောင်းရင်းကတော့ တိရစ္ဆာန်အစိတ်အပိုင်းတွေကို တောင်းဆိုမှုမြင့်မားတဲ့ လူလတ်တန်းစား တစ်ရပ် အာရှဒေသမှာ ကြီးထွားလာလို့ပါ။ အထူးသဖြင့် တရုတ်နိုင်ငံမှာပေါ့”လို့ သူကပြောပါတယ်။

ပွင့်ပွင့်လင်းလင်းပဲ ရောင်းချနေတဲ့ မိုင်းလားရဲ့ဈေးကွက်ထဲမှာ ကျားတွေအပြင် တခြားသောရှားပါးတိရစ္ဆာန်
တွေရဲ့ အစိတ်အပိုင်းတွေကိုပါ တွေ့မြင်နိုင်တယ်။ ဝက်ဝံသည်းခြေနဲ့ လက်သည်း၊ ဆင်သားရေ၊ ဆင်စွယ်၊ ကျားသစ်နဲ့ တောကြောင် အရေခွံတွေအပြင် လိပ်နဲ့ မျောက်အရှင်တွေကိုပါ ရောင်းချနေပါတယ်။

မိုင်းလားရဲ့ ဗဟိုဈေးကြီးထဲမှာတော့ ဆင်သားရေတွေကို ၄ လက်မပတ်လည် စတုရန်းပုံလေးတွေ စိတ် ပိုင်းပြီး အမျိုးသမီးတစ်ယောက်က ရောင်းချနေပါတယ်။ ဒဏ်ရာတွေပေါ်မှာ ဒီဆင်သားရေအပြားလေးတွေ ကို ကပ်ပေးရင် အနာကျက်တာမြန်တယ်လို့ အမျိုးသမီးက ရှင်းပြတယ်။ သူနဲ့စကားပြောနေချိန်မှာပဲ မျက်လုံးပြာပြာ လူထွားကြီးတစ်ယောက်က ဆိုင်ရှေ့က ဖြတ်သွားရင်း အမျိုးသမီးရဲ့ ရောင်းကုန်တွေကို ဝင်ကြည့်တယ်။ ပြီးတော့ တိုင်တစ်တိုင်မှာ ချည်ထားတဲ့ မျောက်လေးတစ်ကောင်ကို ရင်းနှီးယဉ်ပါးအောင် ကြိုးစားကြည့်နေတယ်။

“ကျွန်မရဲ့ ရောင်းကုန်အားလုံးကို တရုတ်ကမ္ဘာလှည့်ခရီးသည်တွေဆီပဲ ရောင်းလိုက်တာပါ”လို့ သူ့နာမည် ကို ထုတ်မပြောဖို့ တောင်းပန်ထားတဲ့ အမျိုးသမီးက ရှင်းပြပါတယ်။ မိုင်းလားမှာ ကျွန်တော်တို့ အင်တာဗျူး ကြည့်ခဲ့သူ အားလုံးလိုလိုပဲ နာမည်ကို ထုတ်မပြောချင်ပါဘူး။ တရားမဝင်ရောင်းဝယ်မှုတွေမှာ ပါဝင်နေ တာကို လူသိမခံချင်တာရယ်၊ ဒေသဆိုင်ရာအာဏာပိုင်တွေကို ကြောက်လန့်ရတာရယ်ကြောင့် ဖြစ်ပါတယ်။

အမျိုးသမီးရဲ့ဆိုင်မှာ အဆောင်လက်ဖွဲ့အနေနဲ့ ရောင်းချတဲ့ ကျားလက်သည်း၊ ကာမအားတိုးမှုအတွက် အထောက်အပံ့ဖြစ်စေတယ်ဆိုတဲ့ ကျားထီးလိင်အင်္ဂါအခြောက်တွေလည်း ရှိပါတယ်။ မိုင်းလားမြို့ထဲ မှာ လျှောက်ကြည့်ရင် လိပ်တွေ၊ ပုတ်သင်တွေ၊ သင်းခွေချပ်တွေ၊ တခြားအကောင်ပလောင် အစုံအလင်နဲ့ ကမ္ဘာပေါ်မှာ ရှားပါးလှပါတယ်ဆိုတဲ့ နို့တိုက်သတ္တဝါအမျိုးမျိုးကို မှောင်ခိုရောင်းချနေတာ တွေ့ရပါလိမ့်မယ်။

စားသောက်ဆိုင်တစ်ခုရှေ့မှာတော့ လှောင်အိမ်ထဲက သင်းခွေချပ်တွေဟာ ဟင်းအိုးထဲ ရောက်ရမယ့် အချိန်ကိုစောင့်နေကြရရှာပါတယ်။ ပုရွက်စားကောင်တွေကိုတော့ သံကြိုးနဲ့ချည်ထားတယ်။ အကြေး ခွံထူထူထဲထဲနဲ့ သင်းခွေချပ်တွေရဲ့အသားဟာ နူးညံ့ပြီး အရသာရှိတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့အကြေး ခွံတွေကိုတော့ တိုင်းရင်းဆေးဖော်စပ်ရာမှာ အသုံးပြုတယ်။ သင်းခွေချပ်အကြေးခွံဟာ အဖျားရောဂါ အမျိုး မျိုးကို ပျောက်ကင်းစေပြီး သွေးလည်ပတ်မှု အားနည်းညံ့ဖျင်းတာမျိုးကို ကုသရာမှာ အစွမ်းထက်တယ်လို့ ယုံကြည်ကြပါတယ်။ တရုတ်ရဲ့ဝယ်လိုအားကြောင့် သင်းခွေချပ် မှောင်ခိုရောင်းဝယ်မှု ဈေးကွက်ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း အာဖရိကတိုက်ကနေ အာရှတိုက်ဘက်ကို ယိမ်းယိုင်အားကောင်းလာကြောင်း သိရပါတယ်။

ကျားသားရေ၊ ကျားနဲ့ဆက်စပ်ပစ္စည်းတွေ ဈေးကောင်းရနေချိန်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကျား
ကောင်ရေက တရိပ်ရိပ်ကျဆင်းနေပါပြီ။ အခုဆိုရင် ကမ္ဘာပေါ်မှာ သဘာဝအတိုင်းရှင်သန်နေတဲ့ ကျား
ကောင်ရေ ၃၀၀၀ နဲ့ ၄၀၀၀ ကြားလောက်သာ ရှိပါတော့တယ်။ ဒါဟာ ပြီးခဲ့တဲ့ရာစုနှစ်နဲ့ နှိုင်းယှဉ်ရင် ၅ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တဲ့ သဘောပါ။ ဂရေးက “ဒီတိရစ္ဆာန်မျိုးစိတ်တွေရဲ့ အနာဂတ်ကတော့ တကယ့်ကို ဒုက္ခများနေပါပြီဗျာ”လို့ သက်ပြင်းရှိုက်ရင်း ပြောပါတယ်။

ကျားတွေမှာ မျိုးကွဲကိုးခုရှိတဲ့အနက် သုံးခုဟာ လုံးဝမျိုးသုဉ်းသွားပြီလို့ ခန့်မှန်းရပါတယ်။ မြန်မာနိုင်ငံထဲ မှာတော့ စုစုပေါင်းကျားကောင်ရေ ၇၀ လောက်ပဲ ကျန်ပါတော့တယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာ
မြန်မာနိုင်ငံမှာလည်း ကျားအရေအတွက် သိသိသာသာ ကျဆင်းသွားပါတယ်။

၁၉၃၁ ခုနှစ်ထိ မြန်မာအစိုးရဟာ ကျားတွေကို သတ်ဖြတ်ဖို့ ခွင့်ပြုထားသလို ကျားသတ်နိုင်သူကို ဆုချီးမြှင့်လေ့ရှိပါတယ်။ ဒါကလည်း ကျားတွေက လူ့ပတ်ဝန်းကျင်ကို အန္တရာယ်ပေးနိုင်တယ်လို့ ရှုမြင်ထားတာကြောင့်ပါ။ အဲဒီအခြေအနေတွေက ကျားသတ်ဖြတ်မှုကို အမဲလိုက်အားကစားတစ်ခု လို ဖြစ်လာစေပြီး ကျားကောင်ရေကျဆင်းမှုနဲ့လည်း တိုက်ရိုက်ဆက်စပ်စေခဲ့ကြောင်း ၂၀၀၃ ခုနှစ်မှာ မြန် မာအစိုးရက ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

ပြီးတော့ ၁၉၄၀ ပြည့်လွန်နှစ်တွေကနေ ၂၀၀၀ ပြည့်နှစ်ထိ အတောအတွင်း မြန်မာနိုင်ငံမှာ သစ်တောမြေ စုစုပေါင်းရဲ့ လေးပုံတစ်ပုံလောက် ပျောက်ကွယ်သွားပါတယ်။ ဒီတော့ ကျားတွေရဲ့ စားကျက်မြေလည်း
လျော့သွားတယ်။ လက်ရှိ ထိန်းသိမ်းထားတဲ့ ဘေးမဲ့သစ်တောဧရိယာတွေကလည်း ကျားကောင်ရေ တိုးပွားမှုအတွက်ဆိုရင် သေးငယ်လွန်းနေပါတယ်။ ဒီ့အပြင် အလွန်အကျွံ အမဲလိုက်သတ်ဖြတ် မှုတွေကြောင့် သမင်နဲ့ တောင်ဆိတ်လို သဘာဝကျားစာတွေ လျော့နည်းကုန်ခြင်းကလည်း ကျားတွေရဲ့ ရှင်သန်နေထိုင်မှုကို ထပ်ဆင့်ထိခိုက်လာစေခဲ့ပါတယ်။

ဒါကြောင့်လည်း မိုင်းလားမြို့က ဈေးကွက်ထဲမှာ ကျားရေခွံ၊ ကျားရိုး၊ ကျားစွယ်၊ ကျားလက်သည်း အစရှိ တာတွေကို အတုပြုလုပ်ရောင်းချမှုတွေ ရှိလာပါတယ်။ တချို့ကတော့ ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်ဘက်က တင်သွင်းလာတာတွေ ဖြစ်တယ်လို့ ဂရေးကရှင်းပြတယ်။ လာဝယ်တဲ့ တရုတ်လူမျိုးတွေကတော့ သူတို့ အလိုရှိတဲ့ပစ္စည်းကို အစစ်အမှန်ဖြစ်ဖို့ အလေးအနက် စစ်ဆေးလေ့ရှိတယ်လို့လည်း သိရပါတယ်။

“ဒါက အတုမဟုတ်ဘူးဗျ”လို့ ဆိုင်ရှင်တစ်ယောက်က အချိုးမကျလှတဲ့ အင်္ဂလိပ်လေယူလေသိမ်းနဲ့ ကျွန်တော်တို့ကိုပြောပါတယ်။ သူပြတာက ဖြန့်ကြက်ခင်းကျင်းထားတဲ့ ကျားသစ်ရေတစ်ချပ်ပါ။ ယွမ်ငွေ တစ်သောင်းရှစ်ထောင် ဈေးနှုန်းကပ်ထားပါတယ်။ “မြန်မာတွေပဲ ဒါကိုယူလာတာပါ။ ဒါပေမဲ့ ဘယ်ကရလာ သလဲတော့မသိဘူး”လို့လည်း ဆိုင်ရှင်ကပြောပါတယ်။

မိုင်းလားမှာ ခင်းကျင်းရောင်းချနေတဲ့ တိရစ္ဆာန်အစိတ်အပိုင်းတွေဟာ ဘယ်နေရာ၊ ဘယ်ဒေသတွေက
ရောက်လာတယ်ဆိုတာ မှန်းဆရခက်လွန်းပါတယ်။ National Geographic အနေနဲ့ ဆိုင်တော်တော်များ များကို မေးခဲ့ပေမယ့် မြန်မာနိုင်ငံဘက်က ဝင်ရောက်လာတဲ့ ကုန်စည်တွေပါလို့ပဲ ဖြေကြတယ်။ ဒါပေမဲ့ ဘယ်ဒေသကလဲဆိုတာကို မသိကြဘူး။ တခြားနိုင်ငံတစ်ခုခုက မှောင်ခိုတင်သွင်းလာတာလည်း ဖြစ်
ကောင်းဖြစ်နိုင်ပါတယ်။

ဒေသခံအများစုကတော့ ရှမ်းပြည်နယ်မှာ ထူထူထပ်ထပ်တည်ရှိနေတဲ့ သစ်တောတွေဆီပဲ လက်ညှိုးထိုးပြ ကြပါတယ်။ “အရင်တုန်းက ဘိန်းဖြူနဲ့ မူးယစ်ဆေးတွေကို ရောင်းဝယ်တာတွေ ရှိခဲ့တယ်။ အခုတော့ အဓိ ကကုန်သွယ်နေတာ တိရစ္ဆာန်တွေပေါ့။ အများအားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းမှာပါ”လို့ အသက်(၈၈)နှစ် ရှိပြီဖြစ်တဲ့ ခရစ်ယာန်ဘုန်းတော်ကြီး ဦးအေဘရာဟင်မ်သန်းက ပြောပြပါတယ်။ ဒေသထွက် ဝိုင်တစ်ခွက်နဲ့ ဧည့်ခံရင်း ၁၉၆၉ ခုနှစ်၊ ဒီဒေသကို သူစရောက်ကတည်းက မိုင်းလားရဲ့ ကံကြမ္မာပြောင်းလဲလာပုံတွေကို လည်း ဦးအေဘရာဟင်မ်သန်းကပြောပြပါသေးတယ်။

“အဲဒီတုန်းက ဒီမှာ ဘာအဆောက်အအုံမှမရှိဘူး။ တောသက်သက်ပဲ”လို့ သူကဆိုပါတယ်။ ပြီးတော့ အဲဒီကာလတွေမှာ လက်နက်ကိုင်သူပုန်တပ်ဖွဲ့တွေက ရှမ်းပြည်နယ်အနှံ့အပြားကို အဓိကထိန်းချုပ် ထားတယ်လို့ ပြောပြပါတယ်။ ၁၉၈၉ မှာတော့ မြန်မာ့တပ်မတော်က မိုင်းလားအနီးတစ်ဝိုက်မှာ အခြေစိုက် တဲ့ NDAA (National Democratic Alliance Army) အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ တပ်ဖွဲ့ဝင် ၃၀၀၀ လောက်ရှိတဲ့ NDAA ကပဲ ဒီဒေသကို အဓိကထိန်းချုပ်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီဒေသမှာ ဘိန်းမှောင်ခိုရောင်းချမှုနဲ့ပတ်သက်ပြီး ရှုပ်ထွေးတဲ့ အခြေအနေတချို့ ဖြစ်ပေါ်ခဲ့ဖူးပါသေးတယ်။

မိုင်းလားဟာ လိင်ကုန်ကူးမှု၊ လောင်းကစားမှုနဲ့ရှားပါးတိရစ္ဆာန်တွေ မှောင်ခိုရောင်းချမှုတွေကြောင့်
တောချည်းသက်သက် နယ်မြေကနေ မြို့တစ်ခုအသွင် လျင်လျင်မြန်မြန် ကူးပြောင်းလာပါတယ်။ “တိတိကျကျ သတ်မှတ်ထားတာမျိုး မဟုတ်ပေမယ့် အခြေခံအရတော့ အထူးဇုန်(၄)ဒေသမှာ ဘိန်း စိုက်တာကလွဲရင် အားလုံးလွတ်လွတ်လပ်လပ်လုပ်လို့ရနေတဲ့ သဘောပဲ”လို့ ရန်ကုန်အခြေစိုက် မူဝါဒရေးရာ လေ့လာရေးပညာရှင်တစ်ယောက်ဖြစ်တဲ့ ရစ်ချတ်ဟော်ဆေးကဆိုပါတယ်။

အခုတော့ လိင်နဲ့ငွေကြေးတို့ဟာ မိုင်းလားကို တရုတ်ဘက်က ကုန်သည်တွေ၊ ဈေးဝယ်သူတွေ ရောက် လာအောင် ဖြားယောင်းခေါ်ငင်နေပါပြီ။ ကျားရိုးစိမ်ထားတဲ့ ကျားဝိုင်အရက်ကို သောက်ပြီးရင် ဈေးတစ်ဖက်
ခြမ်း က ဒေါက်မြင့်ဖိနပ်စီးထားတဲ့ အမျိုးသမီးတွေဆီ သွားကြတဲ့သူတွေ အများကြီးပါ။ ပြီးတော့ ပြည့်တန် ဆာဂေဟာတွေလည်း တော်တော်များများ ရှိပါတယ်။

ခပ်ဝါးဝါးမီးရောင်အောက်မှာ အမျိုးသမီးတွေဟာ အဆင်ပြေမယ့်ဖိတ်ခေါ်သူကိုစိတ်ရှည်ရှည် စောင့်မျှော်နေ ပါ တယ်။ တချို့အမျိုးသားတွေက ဖြတ်လျှောက်သွားရင်း စိတ်မပါသလိုလို သာမန်ကာလျှံကာ ကြည့်သွား တယ်။ လူတစ်ယောက်ကတော့ ကားထဲကနေ ခေါင်းထွက်ပြီး လူသားဈေးတန်းမှာ သူ့စိတ်ကြိုက်အနေအ ထားရှိမယ့်သူကို ပြူးတူးပြဲတဲ လိုက်ရှာနေပါတယ်။ ကျွန်တော်က စပ်စပ်စုစုလှမ်းကြည့်နေတာနဲ့ မျက်လုံး ချင်းဆုံတော့ ကားကို ခပ်မြန်မြန် မောင်းထွက်သွားပါတယ်။

“ကျွန်မတို့မှာ တရုတ်ဖောက်သည်တွေ ပိုများတယ်။ မြန်မာတွေက ဈေးသိပ်မတတ်နိုင်တာကြောင့်ပါ”လို့ သူ့ကိုယ်သူ ညိုချောလို့ညွှန်းဆိုတဲ့ လိင်လုပ်သား ခပ်ငယ်ငယ်မိန်းကလေးက ပြောပြပါတယ်။ ညိုချောဆို တာ “အသားညိုညိုနဲ့ ချောမောလှပတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ လိင်လုပ်သားမိန်းကလေးတွေရဲ့ ဝန်ဆောင်မှုဈေးနှုန်းက ယွမ်တစ်ရာ (၁၆ ဒေါ်လာ)ကနေ ယွမ်ငါးရာ (၈၂ ဒေါ်လာ)လောက်ထိ ရှိတတ် တယ်လို့ ညိုချောကပြောပြပါတယ်။ ဒါက သိပ်များတဲ့ဈေးတော့ မဟုတ်ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံက
နေရာတော်တော်များများက လုပ်ခမျိုးနဲ့ယှဉ်ရင် များပြားတယ်လို့ သူကရှင်းပြပါတယ်။

“ဒီမှာက ငွေရှာရလွယ်တယ်လေ။ ဒါကြောင့် ဒီကို ကျွန်မရောက်လာတာပေါ့။ ကျွန်မရဲ့မိဘတွေက ဆင်း ရဲကြတယ်”လို့ ညိုချောကပြောပါတယ်။ ရေခြားမြေခြားမှာ အန္တရာယ်များတယ်ဆိုပေမယ့် ငွေကြေးက မက်လောက်စရာဖြစ်နေလို့ စွန့်စားခဲ့တယ်လို့ သူကဆိုပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ၊ လောင်းကစားသ မားတွေအတွက်လည်း ဒီဒေသက စွန့်စားရတာပါပဲ။

မြစ်လက်တက်တချို့က မြို့ကို ခွဲဖြာစီးဆင်းသွားပါတယ်။ မြို့ရဲ့နေရာအနှံ့အပြားမှာ တစ်ဝက်တစ်ပျက်နဲ့ ဆက်မဆောက်ဖြစ်တော့တဲ့ ဟိုတယ်တွေ၊ စွန့်ပစ်သွားပြီဖြစ်တဲ့ ဟိုတယ်တွေကို တွေ့ရပါတယ်။ ဒါက ပိုင် ရှင်တွေရဲ့ကံကြမ္မာကို ညွှန်ပြသလိုလည်း ဖြစ်နေတယ်။

“ဒီမှာက မြန်မြန်ချမ်းသာလာနိုင်တယ်။ ဒါပေမဲ့ မြန်မြန်ဆန်ဆန် ဒုက္ခလည်းရောက်သွားနိုင်တယ်”လို့ ဟို တယ်ဧည့်ကြိုတစ်ယောက်က ပြောပါတယ်။ “လူတွေက ငွေချေးပြီး လောင်းကစားလုပ်ကြတယ်။ ပြီးတော့ ရှုံးတယ်။ ဒီတော့ ဒုက္ခရောက်ရော။ ကျွန်တော်တို့ဟိုတယ်မှာတင် လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားဖူးတယ်”လို့ သူကရှင်းပြတယ်။

မြို့ပြင်ကို မိနစ် ၃၀ စာလောက်သွားလိုက်ရင် တရုတ်လူမျိုးတွေ ပြည့်နှက်နေတဲ့ လောင်းကစားဝိုင်းတွေ ကို မြင်နိုင်ပါတယ်။ တချို့ကလည်း မြန်နှုန်းအင်မတန်မြင့်တဲ့ အင်တာနက်ချိတ်ဆက်မှုကို အသုံးပြုပြီး အဝေးကနေ လောင်းကြေးထပ်ကြတယ်။

တရုတ်အစိုးရကတော့ တောကြိုအုံကြားက လောင်းကစားဗိမာန်လေးကို မျက်နှာလွှဲထားလေ့ ရှိပါတယ်။ ရံဖန်ရံခါမှာတော့ ဝင်စွက်ဖက်မှုတွေ ရှိတတ်တယ်။ ၂၀၀၃ ခုနှစ်မှာတော့ တရုတ်စစ်သားတွေဟာ နယ်စပ် ကို ဖြတ်ကျော်လာပြီး မိုင်းလားက တရုတ်ပိုင်လောင်းကစားရုံငါးခုကို ပိတ်ခဲ့ဖူးပါတယ်။

အဲဒီဖြစ်ရပ်က တရုတ်အစိုးရထိပ်တန်းအရာရှိတစ်ဦးရဲ့ သမီးဟာ မိုင်းလားက လောင်းကစားရုံတစ်ခုမှာ ယွမ်(၁.၄)သန်းလောက် ရှုံးခဲ့တာနဲ့ ဆက်စပ်နေတယ်လို့ Asia Times Online က ဖော်ပြဖူးပါတယ်။
နောက်တော့ တရုတ်နယ်စပ်နဲ့ ဝေးတဲ့နေရာမှာ ကာစီနိုရုံတွေ ပြန်ဆောက်တယ်။ မိုင်းလားလည်း ဦးပြန်မော့လာပါတယ်။ ပြီးခဲ့တဲ့လပိုင်းတုန်းကတော့ ဝမျိုးနွယ်စုနဲ့ ဆက်စပ်သူတစ်ယောက်ကို ဓားနဲ့ထိုး မှုအတွက် တရုတ်လောင်းကစားဒိုင် လော်ပန်တစ်ယောက်ကို တရုတ်အာဏာပိုင်တွေက ဝင်ရောက်ဖမ်း ဆီးခဲ့သေးတယ်လို့လည်း အဖမ်းခံရသူနဲ့ နီးစပ်သူတွေက ပြောပြကြပါတယ်။ ဘာပဲဖြစ်ဖြစ် မိုင်းလားရဲ့
လောင်းကစားဝိုင်းတွေမှာတော့ ပန်းရောင်ယွမ်ငွေတစ်ရာတန် ငွေစက္ကူတွေကတော့ တစ်ရက်မှာ ၂၄ နာရီ၊ တစ်ပတ်မှာ ၇ ရက်လည်ပတ်နေတုန်းပါပဲ။

မိုင်းလားမှာ စိတ်ဝင်စားစရာတစ်ခုက ဝက်ဝံမွေးမြူရေးခြံဆိုတာပါ။ ရော်ဘာစိုက်ခင်းတစ်ခုနားမှာ ပုန်းလျှိုး ကွယ်လျှိုးထားရှိတဲ့ နေရာလေးတစ်ခုပါ။ အမှတ်အသားဘာမှမပါတဲ့ ထရပ်ကားတစ်စီးနဲ့ တစ်နာရီလောက်
မောင်းသွားပြီးတဲ့နောက် ခြံပိုင်ရှင်က ကျွန်တော်တို့ကို လက်ခံတွေ့ဆုံပါတယ်။ မိနစ်ပိုင်းလောက် ခြံထဲမှာ
လျှောက်ကြည့်ခွင့်ရတယ်။

မွေးမြူရေးအဆောင်ကြီးကိုးခုထဲမှာ အာရှဝက်ဝံနဲ့ လဝက်ဝံအကောင် ၆၀ လောက် မွေးထားတာပါ။ ဝက်ဝံတွေကို မျိုးဖောက်မွေးမြူပြီး ရည်ရွယ်ချက်ကတော့ သူတို့ရဲ့ သည်းခြေရည်ကို ရယူဖို့ဖြစ်ပါတယ်။ ဝက်ဝံသည်းခြေဟာ ကင်ဆာနဲ့ အရက်နာကျတာတွေကို ကုစားရာမှာ အစွမ်းထက်တယ်လို့ ယူဆကြပါ တယ်။

အထဲမှာတော့ ဝက်ဝံတွေက ဆူဆူညံညံ အော်မြည်နေပါတယ်။ တချို့ကလည်း မာန်ဖီနေတယ်။ သူတို့ဟာ သေးငယ်တဲ့ လှောင်အိမ်လေးတွေထဲမှာ အကျဉ်းသားတွေလို တစ်ဘဝလုံး နေထိုင်ကြရမှာ ဖြစ် ပါတယ်။ သူတို့ရဲ့ အစာခြေရည်ကို စစ်ထုတ်ရယူတဲ့ အချိန်မျိုးမှာသာ ဒီအကျဉ်းခန်းလေးတွေကနေ ခဏ တာ လွတ်မြောက်ခွင့်ရပါတယ်။

WWF ရဲ့ အဆိုအရတော့ ဒီသတ္တဝါတွေဟာ သဘာဝအတိုင်း လွတ်လွတ်လပ်လပ် ရှင်သန်နေရင် နှစ်ပေါင်း ၃၀ လောက် အသက်ရှည်ကြပါတယ်။ မွေးမြူရေးခြံထဲမှာတော့ တစ်နှစ်ထက်ပိုပြီး အသက်ရှည်တဲ့ ဝက်ဝံမျိုးမရှိသလောက်ပဲ ဖြစ်ပါတယ်။

(National Geographic မှ ဆောင်းပါးကို ဇွဲရဲဝင့် ဘာသာပြန်သည်) | 7day




မှတ်ချက်များ