ဗန်းပြဆွေးနွေးပွဲမျိုး ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ


ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်သွင်းပြီး ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်တွင်အတည်
ပြုခဲ့သည့် ၁၂ ပွင့်ဆိုင်လို အများပါဝင်ဆွေးနွေးမည့် ဗန်းပြ ဆွေးနွေးပွဲမျိုး မလိုလားကြောင်း အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ယနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် နှစ်ရက်တာ စတင်ကျင်းပသည့် ပထမအကြိမ် ဗဟိုကော်မတီ စတုထ္တအကြိမ် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောဆိုသည်။

“ဒါပေမယ့် ထိရောက်တဲ့ ဆွေးနွေးပွဲတွေ မဖြစ်အောင်လို့ လမ်းလွှဲဖို့ လုပ်တဲ့ ခြေလှမ်းတွေကိုတော့ ကျမတို့ အနေနဲ့ လုံးဝ အားမပေးပါဘူး။ မထောက်ခံပါဘူး။ အရေးကြီးတာဟာ စစ်မှန်တဲ့ ဆွေးနွေးပွဲပါ။ ကျမတို့က ဗန်းပြဆွေးနွေးပွဲများကို လိုချင်တာမဟုတ်ပါဘူး” ဟု ပြောသည်။

ယင်းအစည်းအဝေး မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က “သိပ်ပြီးတော့ပါဝင်မယ့်သူများလို့ရှိရင်သဘော ထားတွေကို ရှင်းရှင်းလင်းလင်း နားလည်နိုင်တော့မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ကျမတို့က လက်တွေ့ကျ ကျ ကြည့်ပြီးတော့ တောင်းဆိုတာ ဖြစ်ပါတယ်။ ကန့်သတ်ချင်လို့ မဟုတ်ပါဘူး။အများပါဝင်တာကိုမလိုလား လို့ မဟုတ်ပါဘူး။ လက်တွေ့ကျကျထိရောက်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်စေချင်လို့ လေးပွင့်ဆိုင် တောင်းဆိုခြင်း
ဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခဲ့သည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံမှု အဆိုအား ဒေါ်အောင်ဆန်းစု ကြည်အနေနှင့် ထောက်ခံကြောင်း လွှတ်တော်နှင့် ၄င်း သဘောထား တူညီကြောင်းကိုလည်း ထည့်သွင်း
ပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည့် ယင်း ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူဦးရေ နည်း၍ လက်မခံနိုင်ကြောင်း ဆိုထားသည်။ သမ္မတ ဦးသိန်း စိန် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် အနေနှင့်လည်း ကနဦးက “လက်တွေ့အခြေအနေနှင့် ကိုက်ညီမှု မရှိ” ဟု ပယ်ချခဲ့ပြီး နောက်ပိုင်း သမ္မတရုံးက “စဉ်းစားသုံးသပ်”လျက်ရှိကြောင်း လေသံပြောင်းသွားခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်တွင် ” ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်း ပုံပြင်ဆင်ရေးအတွက် တောင်းဆိုထားသည့် ၆ပွင့်ဆိုင်တွေ့ဆုံမှုထက် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး စေ လိုကြောင်း” ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ကရင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က အရေးကြီး အဆို တင်သွင်းခဲ့ရာ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်တိုင်း လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ တွင် ထောက်ခံမဲ ၉၉ မဲ၊ ကန့်ကွက်မဲ ၉ မဲနှင့် ယင်းအဆိုကို အတည်ပြုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် လေးပွင့်ဆိုင် တွေ့ဆုံမှု လုပ်ဆောင်ရေးအတွက် ၂၀၁၃ ခုနှစ်ကတည်းက
တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ပါတီ တည်ထောင်စဉ်ကပင် မူဝါဒအဖြင့် ကျမှတ်ထားသည့် တရားဥပဒေစိုး မိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေး လမ်းစဉ်အတိုင်း ဆက်လက်လုပ်
ဆောင်သွားမည်ဟုလည်း တော်ဝင်နှင်းဆီ အစည်းအဝေးတွင် ပြောကြားသွားသည်။

ယခုကျင်းပသည့် အစည်းအဝေးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ဒေသ ကြီး ကိုယ်စားလှယ် ၁၁၂ ဦး တတ်ရောက်ခဲ့ပြီး နှစ်ရက်တာ ကျင်းပသည့် အစည်းအဝေးတွင် ကိုယ်စား လှယ်များမှ ဒေသအခြေအနေများနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို
ဆွေးနွေးသွားမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်များကိုလည်း ပါတီတွင်း အာဏာရဖို့ လုပ်ဆောင်မှုမျိုး မလုပ်ဆောင်ရန် သတိပေးပြောကြားခဲ့သေးသည်။

“ကျမတို့ရဲ့ အဖွဲ့ချုပ်ဝင်တွေကိုတော့ သတိပေးချင်ပါတယ်။ အဖွဲ့ချုပ် ထူထောင်ထားတာဟာ အဖွဲ့ဝင်များအ တွက် ထူထောင်ထားတာ မဟုတ်ပါဘူး။ နိုင်ငံအတွက် ထူထောင်ထားတယ် ဆိုတာကို သဘောပေါက်စေ ချင်ပါတယ်။ ပွင့်ပွင့် လင်းလင်း ပြောရမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ ပါဝင်လှုပ်ရှားခြင်း အားဖြင့် ကိုယ့်အတွက် အခွင့်အရေးတွေ ရနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ရှိတဲ့ ကျမတို့အဖွဲ့ဝင်တွေကိုတော့ စိတ်ထားပြောင်းဖို့ ပြောချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သူဇာ ၊ နန်းလွင်နှင်းပွင့် | ဧရာဝတီ

မှတ်ချက်များ