မိုဘိုင်း APPရေးသားသော Developer များ စီးပွားရေးအမြင်အားနည်း၍ အောင်မြင်မှု ရရန်ခက်ခဲ


ပြည်တွင်း၌ မိုဘိုင်းအက်ပလီကေးရှင်းရေးသားသောDeveloper များ နည်းပညာကျွမ်းကျင်ပြီး အကြံဉာဏ် (Idea) များ ကောင်းမွန်သော်လည်း စီးပွားရေး အမြင်အားနည်းနေသည့်အတွက် အောင်မြင်မှုနည်းပါးနေ
ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ဥက္ကဋ္ဌဦးခွန်ဦးက ပြောသည်။

‘‘မိုဘိုင်း App တွေရေးနေတဲ့ လူငယ်အများစုဟာ ဘယ်လိုပုံစံမျိုးနဲ့ App တွေကို ရေးမလဲဆိုတာကိုပဲ လေ့ လာခဲ့ကြတာ များတယ်။ အဲဒါပြီးရင် ဈေးကွက်ထဲမှာ ဘယ်လိုပုံစံနဲ့ ထိုးဖောက်မလဲဆိုတာကိုတော့ လေ့ လာမှုနည်းနေတဲ့အတွက် အောင်မြင်မှုနည်းပါးနေတာကို တွေ့ရပါတယ်’’ဟု ဦးခွန်ဦးက သုံးသပ်သည်။

မိုဘိုင်း App များမှ ၀င်ငွေရရှိနိုင်စေရန် ပြုလုပ်မည်ဆိုပါက လူသိများစေရန် ကြော်ငြာခြင်းများ ပြုလုပ်ခြင်းနှင့် ဈေးကွက် အတွင်း မည်သို့ ထိုးဖောက်မည်ကို လေ့လာခြင်းများမပြုလုပ်ပါက အောင်မြင်မှုနည်းပါးနေဦးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

‘‘ကမ္ဘာပေါ်မှာ အောင်မြင်မှု အရှိဆုံးဆိုတဲ့ iPhone တောင် သူတို့ရဲ့ နည်းပညာတွေကို လူသိများပြီး သုံး ချင်လာအောင်ကြော်ငြာရသေးတာပဲ။ မကြော်ငြာဘဲနဲ့ လူသုံးများပြီး အောင်မြင်တဲ့နည်းပညာ ထုတ်ကုန်က တော်တော်နည်းပါတယ်။ အဲဒီအတွက် ကိုယ့်ရဲ့ Appတွေကို လူပိုသိအောင် ဘယ်လိုပုံစံနဲ့ လုပ်မလဲဆိုတာ လေ့လာမှုတွေ ပြုလုပ်သင့်ပါတယ်’’ဟု ဦးခွန်ဦးက ပြောသည်။

ပြည်တွင်းရှိ Developer အများစုမှာ မိုဘိုင်း App တစ်ခုကိုစ၍ ရေးရာတွင် စီးပွားရေးရည် ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းထက် ၎င်းတို့၏ အကြံဉာဏ် (Idea) များ စမ်းသပ်အကောင်အထည်ဖော်ခြင်းကများသည့်အ တွက် စီးပွားရေးထည့်သွင်းစဉ်းစားမှုအားနည်းခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ၀င်ငွေမရရှိပါက ဆက်၍မလုပ်
နိုင်တော့သည့် အခြေအနေများကြုံတွေ့ရခြင်းဖြစ်ကြောင်း Zwenexsys ဆော့ဖ်ဝဲကုမ္ပဏီမန်နေဂျင်းဒါရိုက် တာ ကိုသာထက်ကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ဖွဲ့စည်းထားသည့် ဆော့ဖ်ဝဲလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီ (SIDC) မှတစ်ဆင့် Developer များအား မိုဘိုင်း App တစ်ခု အောင်မြင်စွာ ပြုလုပ်နိုင်စေရန် လို အပ်သော စီးပွားရေးဆိုင်ရာ အသိပညာများကို ပြန်လည်မျှဝေပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိ သည်။

နိုင်လင်းအောင် | 7day

မှတ်ချက်များ