ကိုရီယား ၀က်သားကင်အိမ်မှာ ကိုယ်တိုင်ကင်စားချင်သူများအတွက် ကင်နည်း


ကိုရီယား စတိုင် ၀က်သားကင် လေးပါ။ ကိုရီယား ရုပ်ရှင်ကားတွေမှာ ဆလတ်ရွက်ထဲ ၀က်သားကင်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ ထည့်၊ ဆလတ်ရွက်လေးနဲ့ ထုပ်ပြီ စားတာ မြင်ပြီကတည်းက စားချင်နေတာ။ ခုမှ လုပ်စားဖြစ်တော့တယ်။ မိသားစု နဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်း တွေနဲ့ပဲဖြစ်ဖြစ် အတူလုပ်စားမယ်ဆိုရင် အရမ်း
ကောင်းတဲ့ ၀က်သားကင်လေးပါ။ ချက်နည်းလေး ကြည့်ရအောင်

ပါဝင်ပစ္စည်းများ

ဝက်သား သုံးထပ်သား – ၃၀၀ ဂရမ် (ခပ်ပါးပါးလှီးပေးပါ)
ဆလတ်ရွက် – ၁စည်း (ရေစင်အောင် ဆေးထားပါ)
ငရုတ်သီးစိမ်း တောင့်ရှည် – ၁ခု (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၄ခု ( အရှည်ပါးပါးလှီးပါ)

နုပ်ထားရန် ပါဝင်ပစ္စည်းများ

သစ်တော်သီး – ၁လုံး (ပါးပါးလှီးထားပါ)
ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ပျားရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ငရုတ်ကောင်းမှုန့် – အနည်းငယ်
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ကိုရီယား ငရုတ်သီးအနှစ် – စားပွဲတင်ဇွန်း ၃ဇွန်း

ကင်နည်း

၁။ နုပ်ရန် ပါဝင်ပစ္စည်းများဖြစ်သော (သစ်တော်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ)တို့ကို ကြိတ်စက်(blender) ဖြင့် ကြေညက်အောက် ကြိတ်ပေးပါ။

၂။ ပြီနောက် ဇလုံတစ်ခုထဲ (၀က်သား၊ ကြိတ်ထားသော သစ်တော်သီး၊ ငရုတ်သီးနှစ်၊ သကြား၊ ပျားရည်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊ ကြက်သွန်မြိတ်) တို့ကို ထည့်လိုက်ပါ။

၃။ နုပ်ရန်ပါဝင်ပစ္စည်း အားလုံးကို သမအောင် ရောနုယ်ပြီ ရေခဲသေတ္တာအောက်ထပ်တွင် အနည်းဆုံး နာရီဝက်ခန့် နုပ်ထားပေးပါ။

၎။ ပြီမှ မီးကင်ပြားကို ဆီအနည်းငယ်သုတ်ပြီ ၀က်သားများကို ကျက်သည်အထိ တဖက် ၅-၆ မိနစ်နှုန်းဖြင့် ကင်ပေးပါ။

၅။ ၀က်သားကင်များရပြီဆိုလျှင် ဆလတ်ရွက်ထဲ ၀က်သားကင်၊ ငရုတ်သီးတောင့်ရှည်၊ ကြက်သွန်ဖြူ ထည့်၍ ထုပ်ပြီ သုံးဆောင်လို့ရပါပြီ…

Wutyee Food House

မှတ်ချက်များ