အရည်အချင်းပြည့်ဝသော ဆရာဆရာမ များ


ဒီရက်ပိုင်းမှာ ဆရာဆရာမများခေါ်ယူခန့်အပ်ဖို့ နိုင်ငံခြားတိုင်းပြည်ကို ရောက်ရှိနေတာက တစ်ကြောင်း၊ မြန်မာပြည်မှာ ပညာရေး နဲ့ ပတ်သက်လို့ ပူပူနွေးနွေးဖြစ်နေတာ တစ်ကြောင်းမို့ ကျွန်တော် ဆရာဆရာမများအကြောင်းတွေကို တော်တော်စဉ်းစားဖြစ်ပါတယ်။
ကျွန်တော် တင်ပြထားတဲ့ အချက်အလက်များဟာ စာဖတ်မှတ်စုထဲမှ ကူးယူထားတာ အဓိကပါဝင်ပါတယ်။ သူများနိုင်ငံမှာ ရှိတဲ့ နံမည်ကြီး ကျောင်းတွေကို လေ့လာထားထာလည်းပါပါတယ်။

ကိုယ်ပိုင်စဉ်းစားထားသာလည်း အထိုက်အလျောက်ပါပါတယ်။ သင်ပြခြင်း အယူအဆဟာ အလွန်ကျယ်ပြန့်တာမို့ အငြင်းပွားစရာတွေလည်းပါနိုင်ပါတယ်။ လုံးဝမှန်ကန်တဲ့အချက်များလို့ မဆိုလိုပါ။ ပညာရေးကို ၀ါသနာပါကြသူများ၊ ပညာရေးကိုလုပ်ကိုင်နေသူများ၊ ဆရာဆရာမများ အတွက် အသုံးဝင်ကောင်းဝင်နိုင်ပါလိမ့်မယ်လို့ ယူဆမိပြီး တင်ပြ ဝေငှ လိုက်ရပါတယ်။

ဆရာဆရာမအားလုံးကို “ဆရာ”လို့သာသုံးနူန်းထားပြီး ကျောင်းသူကျောင်းသားများကို “ကျောင်းသား”ဟု သာ သုံးနူန်းထားပါတယ်။ ပုံမှန်အားဖြင့် ဆရာဆရာမ ၀င်လုပ်မှတော့ စေသနာရှိတဲ့သူများဖြစ်ကြပါတယ်။ ကျောင်းသားများကို တတ်စေတော်စေချင်တဲ့ လူများဖြစ်ကြပါတယ်။ အတွေးခေါ် အယူအဆ နဲ့ နည်း လမ်းသာကွာခြားနိုင်ပါတယ်။ အားလုံးကောင်းကြပါတယ်။ ဒီနေရာမှာ အားကောင်းတဲ့ ဆရာနဲ့ အားပျော့တဲ့ ဆရာ ဆိုတဲ့စကားလုံးများသုံးထားခြင်းဟာ အယူအဆတစ်ခုကို သိသာပေါ်လွင်စေရန်သာ ရည်ရွယ် ထားခြင်းဖြစ်ပါတယ်။

အားကောင်းတဲ့ဆရာများ နဲ့ အားပျော့တဲ့ဆရာများ၏ ကွာခြားချက်များ
----

၁။ အားကောင်းတဲ့ ဆရာများဟာ အခြေခံအားဖြင့် ကျောင်းသားများကို စိတ်ဝင်စားလာအောင် ပျော်ရွှင်လာအောင် သင်ပြတတ်ပါတယ်။ အားပျော့တဲ့ ဆရာများ ဟာ ပြီးဆုံးအောင်သာ အာရုံပြုတတ်ကြပါတယ်။

၂။ အားကောင်းတဲ့ဆရာများဟာ ရူတ်တဲ့သင်ရိုးကို ရှင်းအောင်သင်နိုင်တယ်။ ခက်တာကို လွယ်အောင်သင်နိုင်တယ်။ အားပျော့တဲ့ဆရာများကျတော့ ရှင်းနေတဲ့သင်ရိုးကို ရူတ်အောင်သင်တယ်။ လွယ်တာကို ခက်အောင်သင်သလို ဖြစ်သွားတတ်တယ်။

၃။ အားကောင်းတဲ့ ဆရာများဟာ စာသင်ခန်းထဲမှာ ကျောင်းသားများရဲ့ခံစားချက်နောက်ကို တကောက်ကောက် ပါအောင်လိုက်သွားတတ်ပါတယ်။ အားပျော့တဲ့ ဆရာများကျတော့ ကျောင်းသားများကို ကိုယ့်နောက်ပါအောင် လိုက်ခိုင်းတတ်ပါတယ်။

၎။ အားကောင်းတဲ့ ဆရာများဟာ စာသင်ချိန်မှာ ကိုယ်ကအေးအေးဆေးဆေး နေပြီး ကျောင်းသားများကို အလုပ်များနေစေ တတ်ပါတယ်။ အားပျော့တဲ့ဆရာများကျတော့ ကိုယ်က တစ်ယောက်တည်း ရူတ်နေပြီး ကျောင်းသားများ အားနေတတ်တယ်။

၅။ အားကောင်းတဲ့ဆရာများဟာ ကျောင်းသားများရဲ့ အမြင်နှဲ့သဘောထားကို သိချင်တယ်။ သဘောထားကွဲလွဲရင်လည်း ငြိနိုင်းယူတတ်ပါတယ်။ အားပျော့တဲ့ တဲ့ဆရာများကျတော့ ကျောင်းသားများရဲ့အဖြေဟာ ကိုယ်ထင်ထားတဲ့အဖြေ နဲ့မကိုက်ညီမှာ အရမ်း စိုးရိမ်တတ်ကြပါတယ်။

၆။ အားကောင်းတဲ့ဆရာများဟာ ကျောင်းသားရဲ့ အမှားဖြေဆိုမူကို မစိုးရိမ်တတ်ပါဘူး၊ အားပျော့တဲ့ဆရာများကျတော့ ကျောင်းသားများ မှားပြီးဖြေဆိုမိမှာကို အရမ်းစိုးရိမ်တတ်တယ်။

ရ။ အားကောင်းတဲ့ဆရာများ ဒီလိုမေးလေ့ရှိတယ်။ “မင်းဘယ်လိုနားလည်သလဲ၊ ရှင်းပြကြည့်ပါလား” ၊ အားပျော့တဲ့ဆရာများကျတော့ ဒီလိုမေးတတ်ပြန်တယ်။ “ဘယ်သူဖြေမလဲ”

၈။ အားကောင်းတဲ့ဆရာများဟာ သင်ခန်းစာများကို ကိုယ်တိုင်ဖတ်ရူ့စေပြီး အနှစ်ချုပ်ကို ကျောင်းသားများ ကိုယ်တိုင်ထုတ်နူတ်စေခိုင်းတတ်တယ်။ အားပျော့တဲ့ဆရာများကျတော့ ကိုယ်ထုတ်နူတ်ထားတဲ့ အနှစ်ချုပ်အဖြေကို တိုက်ရိုက်သင်ပေးလိုက်တယ်။

၉။ အားကောင်းတဲ့ဆရာများရဲ့ စိတ်ထဲမှာကျောင်းသားများအကြောင်းကို အမြဲစဉ်းစားတယ်။ ဘယ်ကျောင်းသားကိုတော့ ဘယ်လိုဆွေးနွေးရင် ပိုမြန်တယ် စသည်ဖြင့်ပေါ.၊ အားပျော့တဲ့ဆရာများကျတော့ သင်ခန်းစာအကြောင်းကို အမြဲစဉ်းစားတယ်။

၁၀။ အားကောင်းတဲ့ဆရာများဟာ ကျောင်းသားများအတွက် အတတ်နိုင်ဆုံးအချိန်ချန်လပ်ပေးတယ်။ အားပျော့တဲ့ဆရာများကျတော့ ကိုယ်တစ်ယောက်ထဲ ဆက်တိုက်ရှင်းပြနေတတ်တယ်။

၁၁။ အားကောင်းတဲ့ဆရာများဟာ သင်ခန်းစာနဲ့ပတ်သက်လို့ ကျောင်းသားများရဲ့ သံသယမေးခွန်းများကို လုံးဝကြိုဆိုနေတတ်တယ်။ အားပျော့တဲ့ဆရာများကျတော့ ဒါသက်သက် ပြဿ
နာရှာတာပဲလို့ ထင်မြင်တတ်ပါတယ်။

၁၂။ အားကောင်းတဲ့ဆရာများဟာ ကျောင်းသားများရဲ့ စဉ်းစားတွေးခေါ်တဲ့လမ်းကြောင်းနဲ့ စဉ်းစားတွေးခေါ်တဲ့ပုံစံကို အဓိကထားလေ့လာတယ်။ အားပျော့တဲ့ဆရာများကျတော့ ကျောင်းသားများရဲ့ နားလည်မူကို ပိုအလေးပေးတတ်တယ်။

၁၃။ အားကောင်းတဲ့ဆရာများဟာ ကျောင်းသားများရဲ့ ရှိပြီးသော မူလအရည်အချင်းကို တန်ဖိုးထားတယ်။ အားပျော့တဲ့ဆရာများကျတော့ ကျောင်းသားများ ဘာမှနားမလည်သေးသော သူများလို့ ယူဆတတ်တယ်။

၁၄။ အားကောင်းတဲ့ဆရာများဟာ သင်ပြီးတိုင်း ကျောင်းသားများပြန်စဉ်းစားခိုင်းတဲ့ အပိုင်းကို အလေးထားတယ်။ အားပျော့တဲ့ ဆရာများကျတော့ သင်ပြီးရင်ပြီးပြီ လို့ယူဆတတ်တယ်။

၁၅။ အားကောင်းတဲ့ဆရာများဟာ မှားပြီးတစ်ခုခု သင်မိရင်တောင်မှ ကျောင်းသားများကို ထောက်ပြစေတယ်။ ပြန်လည်ဆွေးနွေးပြီး အဖြေထုတ်ကြတယ်။ အားပျော့တဲ့ဆရာများကျတော့ ကိုယ့်အမှားကို ချက်ချင်း (သို့) တိတ်တိတ်လေး ဖျောက်ပစ်လိုက်တယ်။

၁၆။ အားကောင်းတဲ့ဆရာများဟာ ကျောင်းသားများ ကိုယ့်ကိုကို ဖေါ်ပြနိုင်စေဖို့ ကိုယ့်အရည်အချင်း ပြသနိုင်ဖို့ အခွင့်အရေးဖန်တီးပေးတယ်။ အားပျော့တဲ့ဆရာများကျတော့ ကျောင်းသားများကိုယ့်ကို ပူးပေါင်းစေပြီး နောက်လိုက်တဲ့သဘောနဲ့ စေခိုင်းတတ်တယ်။

၁၇။ အားကောင်းတဲ့ဆရာများဟာ စာသင်ခန်းထဲမှာ လိုအပ်လာရင် မသိသလိုလို ဟန်ဆောင်ပြီး ကျောင်းသားများကို အဖြေထုတ်ခိုင်းတတ်ပါတယ်။ အားပျော့တဲ့ဆရာများကျတော့ ကိုယ်တကယ်မသိတဲ့ အရာတောင်မှ နားလည်သလိုလို ဟန်ဆောင်တတ်ပါတယ်။

၁၈။ အားကောင်းတဲ့ဆရာများဟာ အရေးကြီးတဲ့ ပွိုင့် နဲ့ အနှစ်သာရ ကို ရှင်းလင်းမြင်သာအောင် သင်ပေးတတ်တယ်။ အားပျော့တဲ့ဆရာများကျတော့ ပြည့်စုံမူနဲ့ ပြီးဆုံးအောင်သင်ကြားမူကို ပိုအလေးထားတတ်တယ်။

၁၉။ အားကောင်းတဲ့ဆရာများဟာ နည်းလမ်းနဲ့ စဉ်းစားမူပုံစံ ကို အဓိက အရေးပေးတယ်။ အားပျော့တဲ့ ဆရာများကတော့ ဗဟုသုတ နဲ့ အဖြေ ကိုပိုအရေးပေးတတ်ပါတယ်။

၂၀။ အားကောင်းတဲ့ဆရာများရဲ့ သင်ခန်းစာအပေါ်စဉ်းစားတွေးခေါ်မူဟာ ရိုးရှင်းပြတ်သားနေတတ်ပြီး အားပျော့တဲ့ ဆရာများကျတော့ စာသင်တဲ့အခါမှာ ကျောင်းသားများကို ၀င်္ကံပါ ထဲ ခေါ်ဆောင်သွားသလိုပါပဲ။

၂၁။ အားကောင်းတဲ့ဆရာများဟာ ကျောင်းသားများစာဖတ်နေတဲ့အချိန်၊ တစ်ခုခု ဆွေးနွေးနေတဲ့အချိန်တို့ကို အလေးပေး ဂရုထားတတ်ပြီး ထိုးဖေါက်ရှင်းပြနိုင်တဲ့ အခွင့်အရေးကို စောင့်ဆိုင်းနေတတ်တယ်။ အားပျော့တဲ့ဆရာများကျတော့ ကျောင်းသားများစာဖတ်ချိန်နဲ့ စကားပြောနေတဲ့အချိန်မှာ အခြားတစ်ခုခုကို အာရုံပြောင်းလုပ်နေတတ်တယ်။

၂၂။ အားကောင်းတဲ့ဆရာများဟာ ကျောင်းသားများရဲ့ ဖန်တီးမူအတွေးခေါ်( Creative thinking ) ကို ချက်ချင်းရှာဖွေတွေ့ရှိနိုင်ပြီး အဲဒီအခွင့်အရေးကို အပြည့်အ၀ အသုံးချကာ ကျောင်းသားများကို ဥာဏ်ရည်ပွင့်အောင် လမ်းဖွင့်ပေးတတ်ပါတယ်။ အားပျော့တဲ့ဆရာများကျတော့ ကျောင်းသားများရဲ့ဖြေဆိုမူ ပြည့်စုံမူရှိမရှိ ဆိုတာကို ပိုအလေးပေးတတ်ပါတယ်။

၂၃။ အားကောင်းတဲ့ဆရာများဟာ ကျောင်းသားများကို ဒီလိုပြောလေ့ရှိတယ်။ “ဟုတ်တယ်။ ဒီပုစ္စာနည်းနည်းခက်တယ်။ ဒါပေမဲ့ မစိုးရိမ်နဲ့ သေသေချာချာပြန်ဖတ်ကြည့်၊ နောက်ဆုံးလုံးဝ မရရင်တော့ ဆရာတို့ အားလုံးပေါင်းရှင်းတာပေါ့ ” အားပျော့တဲ့ဆရာများကျတော့ “ မင်းတို့ အဲလောက် “အ” ရ သလား၊ ဒါလေးတောင်ရအောင် မလုပ်နိုင်ဖူးလား” စသည်ဖြင့် ပြောတတ်ကြတယ်။

Ref: Wechat

မှတ်ချက်များ