နေပြည်တော်တွင် မီးရှို့ခံထားရသော အမျိုးသမီးတစ်ဦး အလောင်း တွေ့ရှိ


နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း၌ မီးရှို့ခံထားရသော အမျိုးသမီးငယ်တစ်ဦး အလောင်း တွေ့ရှိ ရသဖြင့် မသင်္ကာသူများကို စစ်ဆေးနေကြောင်း ဥတ္တရသီရိ မြို့မရဲစခန်းမှ သတင်းရရှိသည်။

နေပြည်တော်မှ မကွေးတိုင်းဒေသကြီး၊ ကံပြားမြို့သို့သွားသော ကားလမ်းဘေးတွင် အသက်(၂၀)
နှစ်အရွယ်၊ အရပ်၅ပေ၂ လက်မခန့်ရှိ အမျိုးသမီးတစ်ဦး၏ မီးရှို့ခံထားရသည့် အလောင်း တစ်လောင်း ကို ဖေဖော်ဝါရီ ၁၈ ရက် နံနက်၌တွေ့ပြီး အလောင်းဘေးတွင် ၉မမ မစ္စတိုသေနတ် ကျည်ဆန်ခွံတစ်ခု ကို တွေ့ထားကြောင်း ဥတ္တရသီရိမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောသည်။

‘‘ကျွန်တော်တို့ကို ရွာသား တစ်ယောက်က လာပြောလို့ သွားကြည့်တဲ့အခါမှာ မီးရှို့သတ်ထားတာတွေ့ရပါ တယ်။ မနက် ၈ နာရီ၄၀ လောက်က သိရပါတယ်။ ဖြစ်စဉ်အသေးစိတ်ကိုတော့ စစ်ဆေးနေတုန်းပါ’’ဟု တက်ရှိန်းရဲစခန်း မှ မှုခင်းစာရေးတပ်ကြပ်ကြီး လေးမြင့်ကပြောသည်။

ကားလမ်းအရှေ့ဘက် ပေ၄၀ ခန့်အကွာ ကိုင်းတောစပ်များအနီး မြေကြီးပေါ်တွင် ပက်လက်အနေအထား
ဖြင့် အလောင်းကို မီးရှို့ထားခြင်းဖြစ်သည်ဟု သတင်းရရှိသည်။

အလောင်းတွေ့ခဲ့သည့် နေရာသည် ဥတ္တရသီရိမြို့နယ် တက်ရှိန်းရဲစ ခန်းအပိုင်ဖြစ်၍ တက်ရှိန်းရဲစခန်းက လူသတ်မှု၊ သက်သေခံအလောင်း ဖျောက်ဖျက်မှုဖြင့် အမှုဖွင့်ထားသည်။

‘‘အလောင်းက ဘယ်သူ ဘယ်ဝါဆိုတာ မသိရသေးဘူး။ စုံစမ်းနေဆဲပဲ။ အမှုကို လူသတ်မှု နဲ့ သက်သေ ခံပစ္စည်း ဖျောက်ဖျက်မှုနဲ့ ဖွင့်ထားတယ်။ အလောင်းဘေးမှာ တွေ့ရတဲ့ ကျည်ဆန်ခွံကတော့ နိုင်းမီလီမီတာ ပစ္စတို သေနတ်ကျည်ဆန်ခွံပါ’’ ဟု ဥတ္တ ရသီရိမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

‘‘အခုက မသင်္ကာတဲ့ အနီးအနားက လူတွေကို စစ်ဆေးဖို့ စခန်းမှူးရော မြို့နယ်မှူးပါ သွားနေတယ်။ ဒါကြောင့် သေတဲ့သူရော သတ်တဲ့သူပါ မသိရသေးဘူး။ ဘာလို့သတ်မှန်းလည်း မသိသေးဘူး။ သေတဲ့ သူရဲ့ မီးလောင်နေတဲ့ အလောင်းအောက်က အင်္ကျီစတွေနဲ့ မီးမလောင်သေးတဲ့ မျက်နှာကို မှန်းဆပြီး ကာယကံရှင်ဘယ်သူဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားနေတယ်’’ ဟု ဥတ္တရသီရိ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ် ဦး ကပြောသည်။

ယင်းအလောင်းကို နေပြည်တော် ခုတင်၁၀၀၀ ဆေးရုံသို့ပို့ကာ သေဆုံးသူဝတ်ဆင်ထားသော အ၀တ်နှင့် ပစ္စည်းအချို့ကို ရဲတပ်ဖွဲ့မှ သိမ်းဆည်းထားသည်။ သေဆုံးသူ၏ ပစ္စည်းများမှာ မီးကျွမ်းနေသော ရေကူး  ၀တ်စုံ၊ဘယက်နှင့် ဟန်းချိန်းဖန်စီပစ္စည်းများဖြစ်ပြီး သေဆုံးသူနှင့် လူသတ်အလောင်းဖျောက်သူကို သိရှိနိုင် ရန် ၎င်းတို့ရဲစခန်းမှ စုံစမ်းနေဆဲ ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။

အဆိုပါ အလောင်းကို အနီးအနားရှိ တပ်မတော်သားများက လာရောက်ကြည့်ရှုခဲ့ပြီး ကျည် ဆန်ခွံနှင့်ပတ် သက်၍ ပိုင်ရှင်ကို စုံစမ်းနေကာ အလောင်းစတင် တွေ့ရှိခဲ့သော တဲမှလူများကိုလည်း စစ်ဆေးနေကြောင်း သိရသည်။

လွန်ခဲ့သော (၁၅) နှစ်ကလည်း ယခုအမှုဖြစ်ပွားသော ရဲစ ခန်းပိုင်နယ်မြေတွင် အလားတူ အမျိုးသားတစ်ဦး အားသတ်ဖြတ်ပြီး အလောင်းကို မီးရှို့ဖျောက်ဖျက်ခဲ့သည့် ဖြစ်စဉ်တစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြီး ရှစ်လကျော် မှ ပြစ်မှု ကျူးလွန်သူများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သန်းဌေး ၊ နန်းအောင် | 7Day

မှတ်ချက်များ