ဆွဲဆောင်မှုရှိတဲ့ ဂျပန်အလေးမမယ်


အမျိုးသမီးတွေအနေနဲ့ အလေးမအားကစားကို လိုက်စားမယ်ဆိုရင် အလှအပကိစ္စတွေကို လျှော့ချရလိမ့် မယ် လို့ ထင်တတ်ကြပါတယ်။ ဂျပန်နိုင်ငံက အလေးမမယ်တစ်ဦးဖြစ်တဲ့ တိုမိုကိုကန်ဒါကတော့ ဒီလိုအ ထင်ရှိမှုတွေ ကို ပြောင်းပြန်လှန်ပစ်နိုင်သူ ဖြစ်ပါတယ်။

အသက် ၄၈ နှစ်အရွယ် တိုမိုကိုဟာ သူမရဲ့ဘ၀ကို အလေးမအားကစားမှာ မြုပ်နှံထားသူ ဖြစ်ပေမယ့် တဖက်မှာလည်း အလှအပရေးရာကို ထိန်းသိမ်းနိုင်သူ ဖြစ်ပါတယ်။ “ ကျွန်မရဲ့ ကိုယ်လုံးအနေအထားက ၀လွယ်တဲ့ ပုံစံမျိုးပါ။ အသက် ၂၃ နှစ်လောက်မှာပဲ ကျွန်မ အတော်ဝနေခဲ့ပါတယ်။ စစ်သားတစ်ယောက်က ကိုယ်ရည်စစ်စေမယ့် အလေးမလေ့ကျင့်ခန်းတွေ လုပ်ဖို့ ကျွန်မကို အကြံပေးခဲ့ပါတယ်။

အလေးမလေ့ကျင့်ခန်း တွေကြောင့် ကိုယ်အလေးချိန်လျှော့ချနိုင်ခဲ့ပါတယ်” လို့ တိုမိုကိုက ဆိုပါတယ်။ သူမ အနေနဲ့ အလေးမလေ့ကျင့် ခန်းတွေ လုပ်ခဲ့ပေမယ့် ပြိုင်ပွဲတွေ ပါဝင်ယှဉ်ဖို့ စိတ်ကူးမရှိခဲ့ဘဲ ရင်းနှီးသူတွေရဲ့ အကြံပေးမှုကြောင့်သာ ဒီလိုလုပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၂ မှာ ပြိုင်ပွဲစတင်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၀၄ မှာ နောက်တစ်ကြိမ် ထပ်ပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။လေ့ကျင့်ခန်းတွေ အဆက်မပြတ်လုပ်ရင်း ၂၀၁၀က စလို့ နောက်ထပ်သုံးကြိမ်လောက် ယှဉ်ပြိုင်ခဲ့ပြီးဖြစ်ပါတယ်။ ပြိုင်ပွဲတွေ ပါဝင် ယှဉ်ပြိုင်လို့ ရရှိတဲ့ အကျိုးဆက်ကတော့ လူတွေရဲ့အာရုံစိုက်မှုကို ရရှိတာ ဖြစ်ပြီး ပြိုင်ပွဲတစ်ခုမှာ ပါဝင်
ပြီးတာနဲ့ နောက်တစ်ကြိမ် ထပ်ပြိုင်ချင်လာတယ်လို့လည်း တိုမိုကိုက သူမရဲ့ခံစားချက်ကို ပြောပြပါတယ်။

တိုမိုကိုရဲ့ တနေ့တာ လုပ်ငန်းစဉ်တွေမှာ စနစ်တကျ စားသောက်မှု၊ ကာယလေ့ကျင့်ရုံသွားတာ၊ အလှအပ
ရေးရာ ဂရုစိုက်တာမျိုးတွေ ပါဝင်ပါတယ်။ အလေးမမယ်တစ်ယောက်ရဲ့အနေအထားနဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အလှအပကိစ္စအာရုံစိုက်တာ နှစ်ခုကို ထိန်းညှိပေးတာက စနစ်တကျစားသောက်မှုပဲလို့ လည်း တိုမိုကိုက ယုံကြည်ထားပါတယ်။

တိုမိုကိုဟာ ကာယလေ့ကျင့်ရေးရုံ နေ့တိုင်းသွားပြီး ကိုယ်ကာယအလှအတွက် တနေ့ကို နှစ်နာရီကနေ သုံးနာရီ လောက် လေ့ကျင့်လေ့ရှိပါတယ်။ တနေ့တာရဲ့ လက်ကျန်အချိန်တွေကိုတော့ သေးငယ်တဲ့ ကြွက်သားတွေ သန်မာလာအောင် လေ့ကျင့်လေ့ ရှိပါတယ်။ တိုမိုကိုက သူမရဲ့ လက်မောင်းတွေကို ကြီးထွားအောင် လုပ်ဆောင်နေသလို ကိုယ်ကာယကို လုံးလုံးဝန်းဝန်းရှိစေပြီး သေးသွယ်တဲ့ခါးနဲ့ ကိုယ်ကာယကို အင်္ဂလိပ် အက္ခရာ S ပုံစံဖြစ်အောင် ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

တိုမိုကိုအတွက်တော့ အလေးမအားကစားဟာ ကျန်းမာရေးနဲ့ အလှအပရေးရာအတွက်တင်မကဘဲ ကိုယ်ကိုယ်ကိုယ် ယုံကြည်ချက် တိုးပွားစေတဲ့ အရာလည်း ဖြစ်ပါတယ်။

Planet

Ref - Vice japan

မှတ်ချက်များ