ပြင်သစ် လေယာဉ်တင်သင်္ဘော ချားလ်စ်ဒီဂေါလ် ISIS တပ်များကို စတင်တိုက်ခိုက်
အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့ကို အမေရိကန်နှင့်အတူ ပူးပေါင်းတိုက်ခိုက်ရန် ပါရှန်း ပင်လယ်ကွေ့ထဲ ရောက်ရှိလာသည့် ပြင်သစ် လေယာဉ်တင်သင်္ဘော ချားလ်ဒီဂေါလ်သည် စစ်ဆင်ရေး လုပ်ငန်းစဉ်များကို စတင်နေပြီဟု သတင်းရရှိသည်။
ဖေဖော်ဝါရီ ၂၃ ရက်တွင် ချားလ်စ်ဒီဂေါလ် သင်္ဘောကြီးပေါ်မှ ပထမဆုံးအသုတ် တိုက်လေယာဉ်များ ပျံတက်ပြီး အီရတ်ရှိ အိုင်အက်စ် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ချားလ်စ်ဒီဂေါလ်သည် ပါရှန်းပင်လယ်ကွေ့အတွင်း သီတင်းပတ် အနည်းငယ် ရပ်နားထားပြီး လေကြောင်း စစ်ဆင်ရေးများတွင် မဟာမိတ် နိုင်ငံများကို ပံ့ပိုးသွားမည် ဖြစ်သည်။
ချားလ်စ်ဒီဂေါလ်ပေါ်မှ ရာဖာလီ တိုက်လေယာဉ် တစ်စီးသည် ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက အီရတ်
လေပိုင်နက်ထဲ ဝင်ရောက်ပျံသန်းပြီး တိုက်ခိုက်ရေး လုပ်ငန်းစဉ်ကို အစပြုခဲ့သည်။ ပြင်သစ်ရေတပ်၏ ဂုဏ် အယူရဆုံး အလံဆောင် သင်္ဘောကြီးသည် ဘာရိန်းကမ်းခြေ မြောက်ပိုင်းတွင် အခြေစိုက်ကာ အီရတ် ဘက်သို့ ဦးတည်ရပ်တန့်ထားမည် ဖြစ်သည်။
ချားလ်စ်ဒီဂေါလ် သင်္ဘောကြီး ပါရှန်းပင်လယ်ကွေ့ထဲ ရောက်ရှိနေခြင်းဖြင့် အာရပ်စော်ဘွားများ နိုင်ငံအ တွင်းရှိ အခြေစိုက် စခန်းမှ စတင်ပျံတက်လာသည့် တိုက်လေယာဉ်များ၏ ပျံသန်းမှု ခရီးစဉ် အကွာအဝေးကို ထက်ဝက် လျော့ကျသွားစေမည် ဖြစ်သည်။ “လေယာဉ်တင် သင်္ဘောကြီးနဲ့ အမှုထမ်းတွေဟာ အီရတ်မှာ ဆင်နွှဲနေတဲ့ ချမ်မဲလ် စစ်ဆင်ရေးမှာ တရားဝင် စတင်ပါဝင်နေပြီ ဖြစ်ပါတယ်”ဟု ပြင်သစ်ရေတပ်မှာ ထိပ် တန်း အရာရှိ တစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်တင် သင်္ဘောကြီးသည် ဒုတိယ ကမ္ဘာစစ်အတွင်းက နိုင်ငံ့ခေါင်းဆောင်ကြီး၏ အမည်ကို အစွဲပြု မှည့်ခေါ်ထားခြင်းဖြစ်သည်။ လက်ရှိ ပြင်သစ်သမ္မတ ဖရန်ကွိုက်စ် ဟော်လန်းက ပဲရစ်တွင် အစ္စလာမ် မစ် အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများ ပေါ်ပေါက်လာခဲ့သည့် ဖြစ်ရပ်အပြီးတွင် ချားလ်စ်ဒီဂေါလ်ကို ပါရှန်း ပင်လယ်ကွေ့သို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
တန်ချိန် (၄၂၀၀၀)ရှိ နျူကလီးယား စွမ်းအင်သုံး သင်္ဘောကြီးကို တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စီး၊ ဖရီး ဂိတ်သင်္ဘော အချို့၊ ဗြိတိသျှ ရေတပ်မှ ရေငုပ်သင်္ဘောဖျက် ဖရီးဂိတ် သင်္ဘောတစ်စီးနှင့် ဆီဖြည့်သင်္ဘော တစ်စီးတို့က ခြံရံ လိုက်ပါမည် ဖြစ်သည်။ ချားလ်ဒီဂေါလ် သင်္ဘောပေါ်တွင် ရာဖာလီ ဗုံးကြဲတိုက်လေယာဉ် တစ်ဒါဇင်၊ စူပါအီတန်ဒတ် တိုက်လေယာဉ် ကိုးစင်း၊ ရေတပ် ကင်းလှည့်လေယာဉ်တစ်စင်းနှင့် ဆီဖြည့်လေ ယာဉ် တစ်စင်းတို့လည်း တင်ဆောင်လာသည်။ ပြင်သစ်သည် ဂျော်ဒန်ရှိ စစ်အခြေစိုက် စခန်းတစ်ခုမှနေ၍ မီရာ့ဂ်ျ ဂျက်တိုက်လေယာဉ် ခြောက်စီးကိုလည်း တိုက်ခိုက်ရေး ကဏ္ဍအတွက် အသုံးပြုထားသည်။
ချားလ်စ်ဒီဂေါလ် သင်္ဘောကြီးများပေါ်မှ အမှုထမ်းများ အပါအဝင် အိုင်အက်စ် တပ်များကို တိုက်ခိုက်သည့် စစ်ဆင်ရေးတွင် ပြင်သစ်စစ်မှုထမ်း သုံးထောင်ကျော်ထိ ပါဝင် တာဝန်ထမ်းဆောင်နေကြောင်းလည်း သိရှိရသည်။
7day

မှတ်ချက်များ