ရဲတပ်ဖွဲ့ဝင်တွေအားလုံး အလေးပြုရတဲ့ ခွေးကလေး Judge ရဲ့နောက်ဆုံးခရီး


တရားခံတွေများစွာကို ဖမ်းပေးခဲ့တဲ့ နယူးဂျာစီရဲတပ်ဖွဲ့က ခွေးကလေး Judge ရဲ့အဖြစ်ဟာ ရဲတပ်ဖွဲ့တောင် မျက်ရည်မထိန်းနိုင်ပဲ ဖြစ်ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့မှာ ၆ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် အခုအခါမှာ နေမကောင်းဖြစ်နေတာကြောင့် ဆေးထိုးပြီးအသက်ထွက်စေမယ့် နည်းလမ်းကို ရဲတပ်ဖွဲ့က ရွေးချယ်လိုက် ရတာ ကြောင့်ဖြစ်ပါတယ်။

Judge ကိုဆေးထိုးသတ်ပေးမယ့်တိရိစ္ဆာန်ဆေးရုံကို မသွားခင် Judge လျှောက်လာတဲ့လမ်းမှာ ရဲတပ်ဖွဲ့ဝင် များစွာကသတိဆွဲပြီး အလေးပြုကြတဲ့မြင်ကွင်းဟာ အားလုံးကိုဝမ်းနည်းစေတဲ့ မြင်ကွင်းဖြစ်ခဲ့ပါတယ်။ ဂျာမန်သိုးထိန်းခွေးမျိုး ဖြစ်တဲ့ Judge ဟာနယူးဂျာစီက ရဲတပ်ဖွဲ့မှာ ၂၀၀၇ ခုနှစ်ကစပြီး တာဝန်ထမ်းဆောင် ခဲ့တာဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်စဉ်အတွင်းမှာ တရားခံ ၁၅၂ ဦးကို ဖမ်းဆီးပေးနိုင်ခဲ့ပြီး၊ လမ်းတွေထဲ မှာဖွက်ထားတဲ့ သေနတ်သုံးလက်ကိုလည်း ရှာပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ မူးယစ်ဆေးတွေကို လည်းရှာဖွေ
ဖော်ထုတ်နိုင်ခဲ့တဲ့ အရာရှိခွေးဖြစ်ပြီး သူ့ရဲ့ဖမ်းဆီးပေးမှုကြောင့် ငွေသားအဖြစ် ဒေါ်လာ ၄၇,၀၀၀ ကိုလည်း ပြည်သူပိုင်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ပါတယ်။

အမှုလိုက်ခွေးကလေး Judge ကိုဆေးထိုးပြီး အဆုံးစီရင်မယ့်နေ့က သူလာရာလမ်းမှာ ရဲတပ်ဖွဲ့ဝင်တွေက သတိဆွဲပြီး အလေးပြုခဲ့ကြသလို ဆေးရုံက ဝန်ထမ်းတွေလည်း မတ်တပ်ရပ်တန်းစီကြပြီး ဂုဏ်ပြုခဲ့ကြပါ တယ်။ ခွေးကလေး Judge ဟာသူ့ရဲ့နောက်ဆုံးခရီးကို သူအရာရှိဖြစ်ခဲ့တုန်းက လေ့ကျင့်ခဲ့တဲ့ ရာဘာပြွန် ကိုက်ပြီး လမ်းလျှောက်လာတဲ့ ပုံစံက မြင်ရသူအားလုံးကို စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် သွားတွေမကောင်းတော့တာကြောင့် ၂၀၁၃ မှာ တာဝန်ကအနားပေး ခံခဲ့ရပြီး ဆေးဝါးကုသမှု ခံယူခဲ့ရသူဖြစ်ပါတယ်။

၂၀၁၄ နှစ်ကုန်ခါနီးမှာ Judge ရဲ့ကျန်းမာရေးအခြေအနေက ပိုဆိုးလာခဲ့ပြီး သူ့မှာ အသည်းကြီးတဲ့ ရောဂါဖြစ်နေသလို အူကျတဲ့ဝေဒနာလည်း ခံစားနေရတာ ဆရာဝန်တွေက သိလိုက်ပါတယ်။ အဲဒီနောက် မှာတော့ Judge ကိုဆေးထိုးပြီး အသက်ထွက်စေမယ့် နည်းလမ်းကို အသုံးပြုဖို့ အားလုံးသဘော တူညီ လိုက်ကြတာဖြစ်ပါတယ်။ နာမကျန်းဖြစ်နေတဲ့ ခွေးတကောင်ကို ပုံမှန်ဆေးကုတာဟာ တစ်နှစ်ကို အနည်း ဆုံး ဒေါ်လာ ၃၀၀ လောက်ကုန်ပြီး Judge ကိုဆေးကုခြင်းကနေ ဒေါ်လာ တစ်သောင်းလောက် ကုန်ကျခဲ့ပါ တယ်။ St.Francis ဆိုတဲ့တိရိစ္ဆာန်ဆေးရုံက Judge ကိုအခမဲ့ ဆေးကုပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း သူ့ရဲ့အသည်းဝေဒနာဟာ ပိုဆိုးလာခဲ့ပြီး အစာအိမ်ကလည်း အစာတောင် စားဖို့ မလွယ်တော့တာကြောင့် အခုလို အဆုံးစီရင်ပေးမယ့် နည်းလမ်းကို ရွေးချယ်လိုက်ကြတာဖြစ်ပါတယ်။

Planet

မှတ်ချက်များ