ကမ္ဘာ့အချမ်းသာဆုံး ကစားသမားစာရင်းတွင် ရော်နယ်ဒို ထိပ်ဆုံးမှဦးဆောင်


ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုသည် ကမ္ဘာ့အချမ်းသာဆုံး ကစားသမား စာရင်းတွင် ထ်ပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း goal.com ၏ ဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၄အတွင်း ချန်ပီယံလိဂ်ဖလားနှင့် ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆုများ ရရှိခဲ့သော ရော်နယ်ဒိုသည် ဒုတိယနေရာမှ ပြိုင်ဘက် မက်ဆီနှင့် ကွာဟမှုကို ပိုမိုကြီးမားအောင် လုပ်ဆောင်နိုင် ခဲ့ကြောင်း သိရသည်။

goal.com ၏ ကြာသပတေးနေ့ ဖော်ပြချက်အရ ရော်နယ်ဒိုနှင့် မက်ဆီတို့ ၂ဦးမှာ အခြားပြိုင်ဘက် ကစားသမားများထက် ဝင်ငွေ သိသိသာသာ ကွာဟနေခြင်းလည်း ဖြစ်သည်။ ယင်းတို့၏ ဝင်ငွေတွင် စပွန်ဆာကြေးများ၊ လစာနှင့် ဆုကြေးများကို အခြေခံကာ တွက်ချက်ထားခြင်း ဖြစ်သည်။

ရော်နယ်ဒိုက ဝင်ငွေ ပေါင် ၁၅၂သန်းရှိပြီး မက်ဆီက ၁၄၅သန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်နေခြင်း ဖြစ်သည်။

ယင်း၂ဦး၏ နောက်တွင် ဘာစီလိုနာ တိုက်စစ်မှူး နေမာက ဝင်ငွေ ပေါင် ၉၇.၉သန်းဖြင့် တတိယနေရာတွင် ရပ်တည်လျက်ရှိကာ ပီအက်စ်ဂျီ တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ပေါင်၇၆.၁သန်းဖြင့် စတုတ္ထနေရာတွင် ရပ် တည်နေကာ မန်ယူတိုက်စစ်မှူး ရွန်နေးက ပေါင်၇၄.၆သန်းဖြင့် ပဉ္စမနေရာတွင် ရပ်တည်နေကာ အင်္ဂလန် ကစားသမားများထဲတွင် ဝင်ငွေအများဆုံး ကစားသမားလည်း ဖြစ်သည်။

မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးသို့ ပြောင်းရွှေ့ကစားမည့် ကာကာမှာ အဆင့်၆ နေရာတွင် ရပ်တည်နေ ပြီး သူ၏ နောက်တွင် အီတူး၊ ရာအူးလ်နှင့် ရော်နယ်ဒင်ဟိုနှင့် လမ်းပတ်တို့ အသီးသီး ရပ်တည်နေကြောင်း သိရသည်။

ကမ္ဘာ့အချမ်းသာဆုံး ကစားသမား၁၀ဦး
စဉ်  အမည် ဝင်ငွေ (ပေါင်သန်း)
၁။ ရော်နယ်ဒို ၁၅၂.၃
၂။ မက်ဆီ ၁၄၅
၃။ နေမာ ၉၇.၉
၎။ အီဗရာဟီမိုဗစ် ၇၆.၁
၅။ ရွန်နေး ၇၄.၆
၆။ ကာကာ ၆၉.၆
၇။ အီတူး ၆၃.၁
၈။ ရာအူးလ် ၆၁.၆
၉။ ရော်နယ်ဒင်ဟို ၆၀.၂
၁၀။ လမ်းပတ် ၅၈

အောင်ဆန်းမိုး | Planet Myanmar

မှတ်ချက်များ