မြန်မာပြည်မှာ အခြေချထားတဲ့ တရုတ်တို့ရဲ့ အကျိုးစီးပွားဟာ ရေနံလိုအပ်ချက်ကြောင့် မဟာဗျူဟာအရ အရေးပါနေသလို တရုတ် ရင်းနှီးမြှုပ်နှံသူအစိုးရ ကော်ပိုရေးရှင်းတွေ ကြောင့်လည်း အရေးပါနေပါတယ်။ ဒီ့အပြင် တရုတ်နိုင်ငံသားတစ်ဦးချင်းရဲ့ နေရာအရပ်ရပ်မှာ စီးပွားရေး အပြန့်ကျယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တွေကြောင့်လည်း အရေးပါနေတယ်လို့ သုံးသပ်လို့ရပါတယ်။
မဟာဗျူဟာအရ အရေးပါတဲ့အတွက် အိန္ဒိယ သမုဒ္ဒရာရဲ့ ထွက်ပေါက်အဖြစ် ရခိုင်နယ် တစ်ခုလုံးကို အပိုင် သိမ်းနိုင်ဖို့ ကြိုးစားလာတယ်လို့ သုံးသပ်လို့ရပါတယ်။ ဒါကတော့ အများသိဖြစ်ပါတယ်။ တစ်ဦးချင်း အကျိုးစီး ပွားကတော့ ချောင်းသာ၊ ငွေဆောင်နဲ့ ရခိုင်ကမ်းရိုးတန်း တွေကို တရုတ်နိုင်ငံသား တစ်ဦးချင်း မြေတွေ အပိုင်ဝယ်ထားတယ်ဆိုတာကို ပေါ်လွင်စေမှာပါ။ ထို့အတူ မြန်မာပြည်အနှံ့ မြေတွေ ယာတွေဝယ်၊ ငွေ မည်းတွေက ငွေဖြူပြောင်းတဲ့ မြို့သစ်စီမံကိန်း တွေမှာ နေရာလု၊ အိမ်ရာစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံ၊ ကချင်ပြည်နယ်ဘက်က သစ်ခိုးထုတ်မှု၊ မန္တလေး တရုတ်မြေသိမ်းပွဲ စတာတွေက တရုတ်တစ်ဦးချင်း အကျိုး စီးပွားနဲ့ ဆက်နွှယ်နေပါတယ်။
တရုတ်နိုင်ငံတစ်ခုလုံးရဲ့ မဟာဗျူဟာကတော့ ရခိုင်နဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် တရုတ် ရှောရှော ရှူရှူ ဖြစ်နေဖို့အတွက် တရုတ်က ဆုံးခန်းတိုင် အကောင်အထည်ဖော် ပြီးမြောက်ရေးပဲ ဖြစ်ပါတယ်။ ဒီအချက် ကို ပံ့ပိုးပေးမယ်ထင်တဲ့ အချက်ကတော့ အာဆီယံထိပ်သီးတုန်းက မြန်မာအစိုးရကို အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံနီးပါး ချေးပေးမယ်ဆိုတဲ့ ချွေးသိပ်တဲ့အရာနဲ့လည်း ဆက်စပ်တွေးတောပြီး ကောက်ချက်ချလို့ ရပါတယ်။
ရခိုင်ရေနံ မဟာဗျူဟာနှင့် ဖျက်မြင်း
မြန်မာပြည်မှာ အရင်အစိုးရခေတ်တုန်းက တိုးတိုးတိတ်တိတ် သဘောတူ အကောင်အထည် ဖော်ခဲ့ပြီး တဲ့နောက် အခုအစိုးရသစ် လက် ထက်မှ တစ်စွန်းတစ်စ ပြဿနာတက်တာက လွဲရင် အောင်မြင်တယ်လို့ပဲ ဆိုရမှာပါ။ ရခိုင်ဒေသတွင်း မြေယာပြဿနာ၊ အလုပ်သမားပြဿနာ၊ အတင်းအကျပ် ပြောင်းရွှေ့ခြင်းပြဿနာတွေ ဖြစ်နေပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာအရ လူထုရဲ့ စိတ်ဝင်စားမှု၊ မီဒီယာရဲ့ အသားပေးဖော်ပြမှု အားနည်းခဲ့တာကြောင့် တရုတ်တို့ဟာ ကျောက်ဖြူ ရေနံပိုက်လိုင်းကိစ္စကို အလျင်အမြန် ပြီးစီးအောင် ဆောင်ရွက်လိုတယ်ဆိုတာကို ပိုပြီးတော့ တွေ့မြင် ကြားသိနေရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ ကျောက်ဖြူ ရေပိုင်နက် မိုင် ၂၀ အကွာမှာ ရေနံတင်သင်္ဘောဟာ တန်ချိန် တစ်သိန်းခွဲကျော်နဲ့ အဲဒီရေနံပိုက်လိုင်းကနေ တင်ပို့ဖို့ ရောက်ရှိနေပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က တရား ဝင်ဖွင့်ပွဲ အခမ်းအနားနဲ့ ဖွင့်လှစ်ပြီး အဲဒီရေနံ တင်ပို့တဲ့နေရာမှာ ပိုက်လိုင်းတစ်လျှောက် ယိုဖိတ်မှုမရှိအောင် တကယ်လို့ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုတွေ ရှိရင် တာဝန်ယူပေးမယ် ဆိုပြီးတော့ တရုတ်ကိုယ်စား မြန်မာစွမ်းအင် ဝန်ကြီးဌာနက အာမခံသွားတာကို သတင်းတွေမှာ တွေ့လိုက်ရပါတယ်။
ဒါကြောင့် ရေနံတင်သင်္ဘောကြီး တွေနဲ့ မလက္ကာ ရေလက်ကြားကနေ တရုတ်ရေနံ လိုအပ်ချက် ၂၀ ရာခိုင်နှုန်းကျော် တင်ပို့နေရတဲ့ အခက်အခဲဟာ မြန်မာအစိုးရရဲ့ စေတနာပါသော အာမခံချက်များဖြင့် တစ်စိတ်တစ်ပိုင်း ပြေလည်သွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အိန္ဒိယပင်လယ်ကနေ ရေနံသယ်ယူပို့ဆောင်ရေး ထွက်ပေါက်ကို အချိန်တိုတို အတွင်းမှာ ရရှိ သွားပါပြီ။ ရေနံသယ်ယူရေး အပြင် ရေနံတူးဖော်ရေး အပိုင်းမှာလည်း ရခိုင်ကမ်းလွန်ဒေသတွေမှာ တောင် တရုတ် ရေနံရှာဖွေရေး ကော်ပိုရေးရှင်းကြီးတွေ မြန်မာအစိုးရဆီက တင်ဒါရသွားလို့ ရေနံတူးဖော်ရေး စတင် လုပ်ဆောင်နေတာကိုလည်း ကြားသိထားပါတယ်။ အဲဒီတော့ မြန်မာ့ပင်လယ် ကမ်းလွန်ဒေသတွေ မှာ တရုတ်ရေနံရှာဖွေရေး ကော်ပိုရေးရှင်းတွေ ရှိနေမယ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းက ရေနံနဲ့ ဓာတုချက် စက်ရုံတွေ ရှိမယ်၊ အဲဒီကနေ ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းအတိုင်း ပို့လွှတ်မယ်ဆိုရင် တရုတ်တို့ရဲ့ စေ့စပ်သေချာတဲ့ ရေနံမဟာဗျူဟာလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွေ အားလုံးဟာလည်း တရုတ်ရင်း
နှီးမြှုပ်နှံမှု အများဆုံးနဲ့ စတင်မှာ ဖြစ်တယ်လို့ သိထားပါတယ်။ ဒါကြောင့်လည်း အခုဆိုရင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် တင်ဒါ အခုချိန်ထိ မထွက်နိုင်အောင် ဖြစ်နေတာပါ။
အရှေ့အလယ်ပိုင်း ဒေသကနေ ရေနံတင်သင်္ဘောတွေ သယ်ယူရာ လမ်းကြောင်းဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာ ကို အမေရိကန်ရေတပ်က စီးမိုးထားတော့ ပထဝီနိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်လာရင် ဒါဟာ တရုတ် ရေနံသယ်ယူပို့ဆောင်ရေး အတွက် စိန်ခေါ်မှုဖြစ်လာနိုင်တာကို ပထဝီနိုင်ငံရေး လေ့လာသူအားလုံး သိပြီး သားပါ။ အိန္ဒိယသမုဒ္ဒရာကို တရုတ်ရေတပ်က အင်ပါယာချဲ့ပေမယ့် လက်တွေ့မှာတော့ မအောင်မြင်နိုင် ပါဘူး။ တရုတ်ရဲ့ မဟာမိတ်အဆင့်တောင် မရှိသေးတဲ့ သီရိလင်္ကာလို နိုင်ငံမျိုးမှာ ရေတပ်စခန်း ရေနက်ဆိပ် ကမ်းတွေ တည်ဆောက်ဖို့ သီရိလင်္ကာအစိုးရနဲ့ လက်မှတ်ရေးထိုးခဲ့တာ ရှိပေမယ့် အစိုးရ ပြောင်းလဲသွား တာနဲ့အမျှ မဟာမိတ်စာချုပ်တွေဟာ အပြောင်းအလဲ ဖြစ်နိုင်တာကို နှစ်နိုင်ငံစလုံး သိရှိထားပြီး ဖြစ်ပါတယ်။
အိန္ဒိယသမုဒ္ဒရာဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အမေရိကန်ရေတပ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေခဲ့တာ ကြာခဲ့ပါပြီ။ တောင်တရုတ်ပင်လယ် အရေးမှာ အမေရိကန်ရေတပ်နဲ့ ထိပ်တိုက် မတွေ့နိုင်ပေ မယ့် အိန္ဒိယသမုဒ္ဒရာမှာတော့ တွေ့နိုင်ပါတယ်။ ဒါကတော့ ရေတပ်ပိုင်းဆိုင်ရာ စစ်ရေးအားပြိုင်မှုဖြစ်ပေ မယ့် တရုတ်တို့ရဲ့ ပထမဦးစားပေးကဏ္ဍ ကတော့ ရေနံဖြစ်တဲ့အတွက် မြန်မာပိုင်နက် အတွင်းမှာ ရေနံ တူးဖော်ရေး လုပ်ငန်းတွေ လုပ်နိုင်ခဲ့တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေနက်ဆိပ်ကမ်းက ရေနံ ချက်စက်ရုံတွေ ရေနံပို့လွှတ်ဖို့ အခွင့်အရေးရသွားတာတွေဟာ အလွန်ကို တန်ဖိုးကြီးမားတဲ့ ရလဒ်၊ ကြီးမား တဲ့ အခွင့်အလမ်းကြီး ဖြစ်သွားတာပါ။
တရုတ်တို့ အခြေချထားတဲ့၊ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ လူမျိုးရေးပဋိပက္ခ ဖြစ်ပွားမှုကို ဝင်ရှုပ်ဖို့အ တွက် အမေရိကန်နဲ့ အနောက် ဝင်လာဟန်တူပါတယ်။ အမေရိကန်ဟာ လူ့အခွင့်အရေး အကြောင်းပြချက်၊ ဘင်္ဂါလီအရေး အကြောင်းပြချက်နဲ့ ရခိုင်ပြည်နယ်အရေးကို တိုက်ရိုက် ဝင်နေတယ်လို့ ထင်ပါတယ်။ အမေရိကန်တစ်ခုတည်း ဆိုရင် အကြောင်းပြချက် မပြည်စုံလို့ ကုလသမဂ္ဂကိုပါ ဆွဲထည့်လာဟန် တူပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ လူ့အခွင့်အရေး ကော်မရှင်နာအသစ် မစ္စယန်ဟီးလီ မြန်မာပြည်လာတုန်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာဟာ ရခိုင်အရေးကို ပိုပြီး ဦးစားပေးဖော်ပြ ထားတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ပါလာပြီဆိုတော့ နိုင်ငံတကာကိုယ်စားပြုမှုဆိုတဲ့ ခေါင်းစဉ်အောက်ကို အလိုလို ရောက်ရှိသွားတာပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကအစ အနောက်သံတမန်တွေ အဆုံး ရခိုင်အရေးကို ပိုပြီး ဦးစားပေးကြပါတယ်။ နိုင်ငံတကာ အမ်ဂျီအိုတွေကလည်း အဲဒီဘက်ကို ခြေ ချမယ်ဆိုရင် နိုင်ငံတကာ ထောက်ပံ့ငွေ မြိုးမြိုးမြက်မြက် ရနိုင်တာကြောင့် ပိုပြီးအာရုံ စိုက်နေတယ်လို့ပဲ ယူဆပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက ဆိုရင် အဲဒီလူမျိုးရေး ခေါင်းစဉ်အောက်ကနေ မြန်မာလူငယ်တချို့ အမေရိကန်သွားပြီး လေ့လာရေး သုံးသပ်စာတမ်းဖတ်တဲ့ ခရီးစဉ်တချို့ကိုတောင် ကြားသိခဲ့ရပါတယ်။ ရခိုင်အကျပ်အတည်းဟာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်း၊ ရခိုင်ကမ်းလွန် ရေနံရှာဖွေရေး စတဲ့ ရခိုင်မှာ အမြစ်တွယ်ထားတဲ့ တရုတ်အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်နိုင်တာမို့ ပထဝီ နိုင်ငံရေးဟာ တော်တော် စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ တရုတ်အကျိုးစီးပွား အခြေစိုက်ထားတဲ့ ရခိုင်ပြည်နယ်မှာ အနောက်အနေနှင့် တစ်နည်း မဟုတ်တစ်နည်း ပါဝင်ပတ်သက်နေမှာ ဖြစ်ပါတယ်။
ဒါဟာ တရုတ်တို့ရဲ့ ဈေးကွက်ကြီးစိုးမှုရဲ့ ရခိုင်ပြည်နယ်အပေါ်မှာ တရုတ်တို့ လက်ဝါးကြီးအုပ်မှုကို ဟန့် တားနိုင်မှာ၊ နှောင့်နှေးနိုင်မှာ ဖြစ်သလို မြန်မာဘက်ကလည်း တရုတ်တို့ရဲ့ ပါဝင်ပတ်သက်မှု ရေချိန်ကို လည်း လျှော့ချသင့်ပါတယ်။ ဒီလို တရုတ်နဲ့ အမေရိကန်တို့ရဲ့ အကျိုးစီးပွား တိုက်ပွဲတွေကြားထဲမှာ ကြားထဲ က ကစားတဲ့ ပွန်းတွေလို အခြေပြုတဲ့ဖြစ်ရပ်တွေ ကမ္ဘာ့နေရာအနှံ့မှာလည်း ဖြစ်ခဲ့ပြီးပါပြီ။
တစ်ဖက်လှည့် ပြကွက်အချို့
အခု မြန်မာအစိုးရမှာ တန်ဖိုးနည်းအိမ်ရာ အပါအဝင် အစိုးရ ဘတ်ဂျက်အသုံးစရိတ်ကို ဖြည့်တင်းတဲ့နေရာ မှာ ငွေကြေးအခက်အခဲ ရှိနေတဲ့ အတွက် တစ်ပိုင်းစဉ်းစားလို့ရတယ်။ ရခိုင်တစ်ခုလုံးကို တရုတ်အခြေချနေ တဲ့ အကွက်ကို အီးယူနဲ့အမေရိကန်က မြွေမြွေချင်းမို့ ခြေမြင်တယ် ဆိုပေမယ့် အစိုးရဘတ်ဂျက်လိုငွေနဲ့ ပတ်သက်ပြီး ငွေကြေးပိုင်းကျတော့ တရုတ်က လက်သွက်ပုံရပါတယ်။ အမေရိကန်နဲ့ အနောက်ကတော့ အကျင့်ပျက် ခြစားမှု၊ ကြိုးနီစနစ်တွေကြောင့် အစိုးရနဲ့ ဘဏ္ဍာရေးဆက်စပ်မှုတွေကို ခပ်ကင်းကင်း နေလို ဟန်တူပါတယ်။
နိုင်ငံတကာ အခင်းအကျင်းမှာလည်း အပေါ်စီးကသာ နေလိုတာမို့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံတွေရဲ့ စီးပွားရေး ဂယ်ပေါက်ကို အလေးအနက်မထားတာလည်း ပါပါတယ်။ ဒါကြောင့် အနောက်က လူ့အခွင့်အရေး အကြောင်းပြချက်နဲ့ ဘင်္ဂါလီအရေးကို ၀င်စွက်လာတာ ဖြစ်ပုံရတယ်။ အဲဒီအရေးဟာ နိုင်ငံသား၊ ဘင်္ဂါလီ လူ့အခွင့်အရေး စတဲ့ အကြောင်းပြချက်တွေကြောင့် ရခိုင်ပြည်နယ် တစ်စုံတစ်ခုဖြစ်ခဲ့ရင် အဖြစ်နိုင်ဆုံး ထိခိုက်နစ်နာမှု အများဆုံးက တရုတ်ရင်းနှီးမြှုပ်နှံမှုတွေပဲ။

ဒါကို အမေရိကန်သိသလို တရုတ်တို့ကလည်း အဖြစ်နိုင်ဆုံး ရှောင်ချင်နေတာ အမှန်ပဲ။ အရင်က သီတာ
ထွေးအမှုနဲ့ စဖြစ်တဲ့အရာမှာ တစ်ဖက်က တရုတ်ပိုက်လိုင်းကို အပြီးဖော်နိုင်ခဲ့တာက ငြင်းလို့မရဘူး။ ဒါကြောင့် အစိုးရ ငွေလိုအပ်နေတဲ့အတွက် ဘဏ္ဍာရေးဆက်စပ်မှု ချိုင့်ခွက်ထဲကို တရုတ်အစိုးရ ဝင်လာပုံရ ပါတယ်။
လေးနှစ်တာကာလအတွင်း အမေရိကန်နဲ့ အီးယူတို့ရဲ့ ထောက်ပံ့မှုတွေဟာ သေသေချာချာ စိစစ်ရင် လူသားချင်းစာနာမှု၊ လူ့အခွင့်အရေး အကြောင်းပြချက်တွေ အပေါ်မှာ အမေရိကန်ဒေါ်လာတွေ အများကြီး သုံးခဲ့ပေမယ့် ထိရောက်တဲ့ရလဒ် မထွက်ဘူးလို့ မြင်တယ်။ ကုလသမဂ္ဂ ကိုပါ ရခိုင်အရေးကို ဆွဲသွင်းပါ ဝင်စေပြီး နိုင်ငံတကာစင်မြင့်ကို ပို့ချင်နေတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ပုဂ္ဂိုလ်ရဲ့ အစီရင်ခံစာပေါ်မှာလည်း သုံးသပ်လို့ရတယ်။

မြန်မာနိုင်ငံမှာ တခြားပြဿနာတွေ အများကြီး၊ ကူညီထောက်ပံ့ပေးရမယ့် Sector တွေ အများကြီး၊ တိုင်းဒေ သကြီးအလိုက် တခြားဒေသတွေအတွက် ကျောထောက်နောက်ခံဆိုင်ရာ ပံ့ပိုးမှုတွေ လုပ်ပေးရမယ့်အ ရာတွေ အများကြီး ရှိရဲ့သားနဲ့ ဘာကြောင့် ရခိုင်ရဲ့ဘင်္ဂါလီအရေးမှာ ပိုပြီးအာရုံစိုက်သလဲ ဆိုတာကို စဉ်းစားလိုက်ရင် အသိသာကြီးလို့မြင်တယ်။ ရခိုင်ဟာ တရုတ်နဲ့ ချိတ်ဆက်နေလို့ပဲဖြစ်တယ်။ ကောက် ချက်က ရခိုင်ကို နယ်ရုပ်လို့သဘော ထားပြီး အမေရိကန်နှင့်တရုတ် ခွက်စောင်းခုတ်နေတယ်လို့ မြင်တယ်။
မြန်မာအစိုးရမှာ ဘတ်ဂျက်ပြဿနာရယ် နိုင်ငံရေးအရ ရွေးကောက်ပွဲမှာ အသာစီးရဖို့ ရွေးကောက်ပွဲပေါ်လစီ တစ်ခုခု ရွေးချယ်တဲ့နေရာမှာ နိုင်ငံသားတွေကို တိုက်ရိုက် အကျိုးပြုပေးရမယ့် ဖော်မြူလာတစ်ခု လိုနေတယ်။ ဆင်းရဲသားတွေအတွက် ချေးငွေ ဖန်တီးပေးရေးနှင့် မြို့ပြအိမ်ရာ ကျပ်တည်းနေတဲ့ လူသားတွေအတွက် တန်ဖိုးနည်းအိမ်ရာ ဖြေရှင်းရေးဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပေါ်လစီတစ်ရပ် ဖြစ်သွားနိုင်ပါ တယ်။ ဒီအတွက် လိုအပ်တဲ့ ထောက်ပံ့ငွေတွေ ဘယ်ကရနိုင်မလဲ ဆိုတာလည်း မေးခွန်းတစ်ခုဖြစ်လာပါ တယ်။
သမဝါယမ ဝန်ကြီးဌာနရဲ့ တရုတ်ချေးငွေနဲ့ အရင်းအနှီးမရှိတဲ့ နိုင်ငံသားတွေအတွက် ပျားရည်နဲ့ ဝမ်းချနေ တာလည်း မအောင်တော့ တခြားနည်းလမ်းတွေ ထပ်စဉ်းစားလာတာ ဖြစ်မှာပါ။ အစိုးရမြေတွေပေါ်မှာ ဆောက်မယ့် တန်ဖိုးနည်းအိမ်ရာတွေ၊ ရုံးအဆောက်အအုံတွေ အတွက် ဘတ်ဂျက် မရှိပါဘူး။ ဒါ့အပြင် ဆောက်လုပ်ရေးပစ္စည်းတွေ အားလုံးက ပြည်ပကနေ တင်သွင်းရမှာ ဖြစ်တဲ့အတွက် ငွေလိုနေတာ ဖြစ်ပါတယ်။

တရုတ်က ငွေမပေးဘဲ ဆောက်လုပ်ရေးပစ္စည်းတွေ ဖြစ်တဲ့ သံ၊ ဘိလပ်မြေနဲ့ တခြား လိုအပ်တဲ့ပစ္စည်းတွေ ပေးမယ်ဆိုရင်လည်း ဖြစ်နိုင်တယ်။ အခုဆိုရင် အစိုးရပရောဂျက် ကြီးကြီးမားမားတွေ ရှိတဲ့နေရာမှာ မြန်မာ့ဆောက်လုပ်ရေး ကန်ထရိုက်တာတွေက တည်ဆောက်ရေး လုပ်ငန်းတွေမှာ ရှိနေပေမယ့် ဒီပရော ဂျက်ကြီး တစ်ခုလုံးကို စီမံအုပ်ချုပ်တဲ့သူတွေက တရုတ်လူမျိုးတွေ ဖြစ်နေတာကိုပဲ စဉ်းစားစရာ ဖြစ်နေပါတယ်။
တရုတ်အစိုးရ အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သူတွေဆီကရော၊ အစိုးရပရောဂျက် ကြီးကြီးမားမားတွေမှာ တွေ့မြင်နေရတာရော ဒီနှစ်ခုပေါင်းကို ဆက်စပ်စဉ်းစားလိုက်ရင် တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေမှာ တရုတ်ထောက်ပံ့မှုတွေနဲ့ တစ်ကျော့ပြန် ပြန်လာခြင်းဖြစ်တယ်လို့ သုံးသပ်လို့ရပါတယ်။
မြို့ပြမြေယာကိစ္စအတွက် လိုအပ်တဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေကို တရုတ်တို့က ထောက်ပံ့မယ်ဆိုရင် အစိုးရရဲ့ရွေးကောက်ပွဲ ဖော်မြူလာလည်း အောင်မြင်သွားနိုင်တယ်။ ဒီအတွက်ပဲ ပြီးခဲ့တဲ့လက တရုတ်ဒုတိယ သမ္မတ လာသွားပြီးတော့ သဘောတူညီချက်တစ်ခု ရရှိသွားဟန် တူတယ်။ ဒါကြောင့် ကျောထောက်နောက်ခံဆိုင်ရာ အတွက် လိုအပ်တဲ့ ပစ္စည်းတွေ၊ ငွေတွေအားလုံးဟာ အထူးသဖြင့် အနောက်က ပါဝင်ဖြည့်ဆည်းမှုအပိုင်းမှာ ရာခိုင်နှုန်း အနည်းငယ်သာ ရှိနေတယ်ဆိုတဲ့ အချိုးနဲ့ ချိန်ထိုး ကြည့်နိုင်တယ်။ ဆိုလိုတာက နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အပေါ်မှာ ပံ့ပိုးမှုနဲ့ ဖိအားတွေပေးနေတဲ့ အချိန်မှာ တရုတ်က စီးပွားရေးအလွှာကို အပိုင်သိမ်း သွားပြီဆိုတဲ့ သဘောမျိုး သက်ရောက်သွားပါတယ်။
အမြတ်သုည
လတ်တလော ကိုးကန့်ဒေသ တိုက်ပွဲတွေနဲ့လည်း ဆက်စပ်စဉ်းစား နိုင်ပါတယ်။ကိုးကန့်တိုက်ပွဲတွေကြောင့် လူအတော်များများက တရုတ်ကို အပြစ်ပုံချတယ်။ တရုတ် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ လောလောဆယ်တော့ တရုတ်ရဲ့ပါဝါ တက်လာတာအမှန်ပဲ။ ဒီအရေးမှာ တရုတ်ဝင်ရောက်ပြီး စွက်ဖက်ချင် စွက်ဖက်မယ်၊ သီးသန့်နေချင်နေမယ် လောလောဆယ် ဒီလိုလုပ်ခြင်းအားဖြင့် ရခိုင်ကမ်းလွန် ရေနံတူး

ဖော်ရေး ကိစ္စတွေ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ အတွက် အထိုက်အလျောက် လူထုရဲ့ အာရုံကနေ ဝေးကွာ သွားနိုင်တယ်။ မကျေမနပ်ဖြစ်နေတဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ အပေါ်မှာ အပြစ်ပုံချတဲ့နေရာကနေ လူထုက တစ်နည်းတစ်ဖုံ အာရုံ လွှဲသွားနိုင်စေတယ်။
လောလောဆယ်တော့ အမျိုးသားရေး စိတ်နဲ့ တပ်မတော်အပေါ် လူထုရဲ့ ကရုဏာမိုးကတော့ အမြတ် ထွက်သွားပြီ။ တပ်ကတော့ လူထုနဲ့ တစ်သားတည်းကျဖို့ မီဒီယာမျိုးစုံကနေ လော်ဘီစစ်ပွဲ အထိတောင်ဖြစ်
နေပြီလို့ ထင်ပါတယ်။ ဒါကြောင့် မဟာဗျူဟာအရ အရေးပါနေတဲ့ ရခိုင်ကမ်းလွန်ရေနံ၊ ကျောက်ဖြူရေနက် ဆိပ်ကမ်း သဘာဝ ပိုက်လိုင်း၊ လက်ပံတောင်း စသည်အားဖြင့် အာရုံလွှဲထားနိုင်ဖို့ အဖြစ်အပျက် တစ်ခုခုကို ဖန်တီးထားမယ်လို့ ကံသေကံမ ပြောလို့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖုန်ကြားရှင်ဟာ ၂၀၁၁ မတိုင်ခင် တုန်းက တရုတ်ပြည်ကို ထွက်ပြေးသွားတဲ့အပြင် ဒီလောက်များတဲ့ လက်နက်နဲ့ လူသူအင်အား ဘယ်လို စုစည်းနိုင်တယ်ဆိုတာက အကူအညီတစ်ခုခု၊ အကာအရံတစ်ခုခု မပါဘဲ မဖြစ်နိုင်ပါဘူး။
သို့ပေမဲ့ တရုတ်တို့ အပေါ် အမြင်မကြည်လင်မှုဟာ အခု ကိုးကန့်ခေါင်းဆောင်ကို မြန်မာအစိုးရဘက်ကို လွှဲပြောင်းပေးမယ် ဆိုရင် တရုတ်နိုင်ငံအပေါ် သဘောထား ပြောင်းသွားနိုင်ပါတယ်။ မြန်မာကတော့ ဒေသ တွင်း စစ်ပွဲတွေကြောင့် ရင်းနှီးမြှုပ်နှံမှု ရပ်တန့်သွားနိုင်သလို၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ၊ နိုင်ငံတကာ အမ်ဂျီအိုအဖွဲ့တွေ အနေနှင့်လည်း ရှေ့ဆက်လုပ်ဖို့ရှိတဲ့ အလုပ်တွေ အတွက် နောက်ဆံ တင်းသွားပုံရပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာ တစ်ရပ်တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။
မမြင်ရတဲ့နေရာကနေ Geopolitic တင်းအားကလည်း မြန်မာကို အခြေပြုပြီး ကစားကြမယ်လို့ မြင်ပါတယ်။ မြန်မာကတော့ ဘာတွေ အမြတ်ထွက်နိုင်မလဲ ဆိုတာကို အတိအကျပြောဖို့ စောပါသေးတယ်။ အထူး သဖြင့် အတိုက်အခံတွေက မဟာဗျူဟာမရှိဘဲ Issue တွေ အပေါ်မှာပဲ လိုက်နေလို့ လူထုဘက်တော့ အမြင် ကျယ်ကျယ်နဲ့ စောင့်ကြည့်ကြဖို့ပဲ တာဝန်ရှိပါတော့တယ်။

နိုင်ငံသားတွေကလည်း တစ်ဦးချင်း အကျပ်အ တည်းတွေ ရှေ့တန်းတင်လွန်းတော့ ဒေသတွင်းနိုင်ငံရေး၊ စီးပွားရေးမှာ နောက်ကျနေဦးမှာ အမှန်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာအကျပ်အတည်း ဖြစ်လေ ပတ် ဝန်းကျင်နဲ့ ဒေသတွင်းနိုင်ငံတွေ အားလုံး စီးပွားရေးခွင် ကောင်းကောင်းတွေရလေ ဆိုသလိုမျိုး ဖြစ်နေဦး မယ်။ အရင်တုန်း ကလည်း မြန်မာဟာ အထီးကျန်နိုင်ငံ ဖြစ်လေ၊ နိုင်ငံရေး မငြိမ်မသက် ဖြစ်လေ ပတ်ဝန်း ကျင်နိုင်ငံတွေအတွက် လုပ်စားလို့ကောင်းလေ ဆိုတဲ့ သမိုင်းသက်သေက ရှိနေခဲ့တာကိုး။
သန်းစိုး(ဘောဂဗေဒ) - The Voice
သန်းစိုး(ဘောဂဗေဒ) - The Voice

မှတ်ချက်များ