တရုတ်နိုင်ငံသားများ ထိခိုက်သေဆုံးမှုအတွက် စိတ်မကောင်း ဖြစ်ရကြောင်း အစိုးရ သတင်းထုတ်ပြန်


တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် ဖုန်ကြားရှင် ဦးဆောင်သော လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသားများ ထိခိုက်သေ ဆုံးခဲ့ရသည့်အတွက် စိတ်မကောင်း ဖြစ်ရသည်ဟု မြန်မာအစိုးရက မတ်လ ၁၅ ရက်နေ့တွင် သတင်းထုတ်
ပြန်လိုက်သည်။

မြန်မာ့တပ်မတော်အနေနှင့် ပစ်ခတ်တိုက်ခိုက်မှုများကို တစ်ဖက်နယ်နိမိတ်ကို ကျော်လွန်ခြင်း မရှိစေရန် မိမိတို့ နိုင်ငံနယ်နိမိတ် အတွင်း၌သာ အထူးအလေးထား ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ခဲ့သော်လည်း နယ်နိမိတ်နှင့် နီးကပ်စွာ တည်ရှိသော တရုတ်နိုင်ငံတွင်းမှ ပြည်သူအချို့ သေဆုံး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရပြီး ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် ပဏာမ စစ်ဆေးမှုများ ပြုလုပ်ရန် မတ်လ ၁၅ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့နှင့် တရုတ်နိုင်ငံဘက်မှ ဒေသခံ အာဏာပိုင် အဖွဲ့တစ်ဖွဲ့သည် လည်းကောင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်နယ်နိုင်ငံခြားရေး ဌာနမှ တာဝန်ရှိသူများနှင့် ကူမင်းမြို့ရှိ မြန်မာကောင်စစ် ဝန်ချုပ်တို့သည် လည်းကောင်း အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးကြည့်ရှုလျက် ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မတ်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် တပ်မတော်က ကြဲချခဲ့သောဗုံးကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လင်းချန်းခရိုင် မုန်တိမ်မြို့ တာ့ရွှေရှန်းတုကျေးရွာအနီး ကြံခင်းတွင် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့ပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် တရုတ်နိုင်ငံ စစ်ကော်မရှင် ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ သတိပေးစကား ပြောကြားခဲ့ပြီး တရုတ်ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ကလည်း မြန်မာသံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံ၍ ယင်းတိုက်ခိုက်မှုအတွက် တာဝန်ရှိသူကို အပြစ်ပေး ရန်နှင့် အလားတူ ယင်းကိစ္စမျိုး ထပ်မံမဖြစ်ပွားရေး ဆောင်ရွက်ရန် အသိပေးပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင် People's Daily သတင်းစာတွင် ဖော်ပြသည်။

အဆိုပါ ဖြစ်စဉ်တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးနှင့် နယ်စပ်တည်ငြိမ်ရေးကို ပျက်ပြားစေလိုသော ကိုးကန့်သောင်းကျန်းသူများ၏ ပါဝင်မှု ရှိမရှိကိုလည်း စိစစ်ဖော်ထုတ်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရ အနေနှင့် သံတမန်လမ်းကြောင်းက နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာ့တပ်မတော် ကလည်း နှစ်နိုင်ငံ တပ်မတော်များအချင်းချင်း နီးကပ်စွာ ပူးပေါင်းလျက် ရှိကာ နယ်စပ်ဒေသ တည်ငြိမ်အေး ချမ်းရေးနှင့် လုံခြုံရေးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်နှင့်အညီ ဆောင်ရွက် မည်ဖြစ်
ကြောင်း နိုင်ငံပိုင် ရုပ်သံမီဒီယာများတွင် သတင်းထုတ်လွှင့်ခဲ့ကြသည်။

The Voice

မှတ်ချက်များ