နိုင်ငံကို ပြောင်းလဲအောင် လုပ်မယ်ဆိုပြီး အခြေခံ လူတန်းစာဖြစ်တဲ့ အောက်ခြေကစ ပြောင်းလဲအောင် မလုပ်တာဟာ လူလည်ကျတာလို့ ပြောပြလာတဲ့ နေတိုး


အနုပညာသက်တမ်း ၁၆ နှစ်နီးပါး ပရိသတ်ရဲ့အားပေးမှုကို အပြည့်အ၀ရရှိထားတဲ့ အကယ်ဒမီနေတိုးက လက်ရှိမြန်မာနိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ စစ်ပွဲတွေအပေါ် “လူ့ဘ၀ဆိုတာ အချိန်အကြာကြီး နေကြရမှာ မဟုတ်ဘူး။ ဒီလိုမျိုးတစ်ယောက်နဲ့ တစ်ယောက် ပဋိပက္ခဖြစ်တယ်။ စစ်ဆိုတာမျိုးက တကယ်တမ်းဆိုရင် မရှိလေကောင်းလေပဲ။ စစ်ဆိုတာ ဖြစ်ပြီဆိုတာနဲ့ လူတွေအားလုံး ဒုက္ခရောက်ကြရတယ်။ ဆုံးရှုံးမှုတွေ များကြတယ်။ အသက်ဘေးတွေ ဆုံးရှုံးမယ်။

 လောဘဒေါသမောဟတွေနဲ့ဖြတ်သန်းရတဲ့ အခါကျတော့ စိတ်ဆင်းရဲမှုတွေ၊ ငိုကြွေးရမှုတွေ၊ မိသားစုတွေ ကွဲကွာရတာတွေ အဲ့ဒါတွေဖြစ်ကြတယ်။ စစ်ဆိုတာ ဘယ်တုန်းကမှ လူသားတွေကို ကောင်းကျိုးပေးတဲ့ အရာမဟုတ်ဘူး။ အဲ့ဒါကြောင့် စစ်ဆိုတာ မရှိလေကောင်းလေပါပဲ၊ စစ်ဆိုတာထက် လူသားအချင်းချင်း တစ်ဦးနဲ့တစ်ဦး ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်းနဲ့မေတ္တာတရားအပေါ်မှာ အခြေခံပြီး ဆွေးနွေးညှိနှိုင်း မှုမျိုးပဲ လုပ်ကြပါလို့ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်”လို့ ဆိုသွားပါတယ်။


ဒါ့အပြင် ဒီရက်ပိုင်းအတွင်း အားလုံးသိထားပြီဖြစ်တဲ့ ဆန္ဒပြမှုတွေအပေါ်မှာလည်း သူက ဒါက တစ်ဦးနဲ့ တစ်ဦး တစ်ဖက်နဲ့တစ်ဖက်မှာ ဘာတွေရှိမလဲဆိုတော့ ဟိုးအစဉ်အဆက်မှာ ပြုပြင်ပြောင်းလဲနေတဲ့ ခေတ်အချိန်အခါတစ်ခုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာလို့ပဲ အကြမ်းဖျင်းအားဖြင့် သတ်မှတ်ထားရမှာပေါ့။ စပြီး ဖွံ့ဖြိုးစနိုင်ငံ ၊ ဒီမိုကရေစီဆိုတဲ့ အရာနဲ့စပြီး ထိတွေ့ပြီဆို ဒီလိုမျိုးဆန္ဒပြမှုတွေက ဖြစ်ပေါ်တတ်ပါ တယ်။ အခွင့်အရေးတွေ၊ တောင်းဆိုမှုတွေ၊ အရင်ကတည်းက မရခဲ့တဲ့ အကြောင်းအရာတွေ ဒီလိုအချိန်မှာ တောင်းဆိုရင်ရမယ်ဆိုတဲ့ အသိတွေနဲ့ တောင်းဆိုကြရတယ်။

 ဆန္ဒပြမှုတွေအပေါ်မှာ ကျွန်တော့်အနေနဲ့ ပညာရေးတောင်းဆိုမှုနဲ့ ပတ်သတ်ပြီး ပြောရရင် တော်တော် များများ မှန်ကန်မှုတွေ ရှိနေတာတွေ့ရတယ်။ ကိုယ်ဘက်က တောင်းဆိုကြည့်တာပေါ့။ ဆန္ဒပြမှုရှိတာကို ကျွန်တော့်အနေနဲ့ဘာမှတော့ မပြောချင်ဘူး။ ဒီလိုမျိုး ဖြစ်ပေါ်လာပြီဆိုရင် နှစ်ဦးနှစ်ဖက် ပြေပြေလည်လည် နဲ့ ပြီးဆုံး သွားစေချင်တယ်။ အရမ်းဒေါသတစ်ကြီးနဲ့ပြန်ပြီး တုန့်ပြန်တာတို့ ဘာတို့ သတိလက်လွတ်
တောင်း ဆိုတာမျိုး မဖြစ်စေချင်ပါဘူး”တဲ့။

၂၀၁၅ ထဲမှာ ပြည်သူတွေက အပြောင်းအလဲတစ်ခုကို မျှော်လင့်နေကြတာနဲ့ ပတ်သက်ပြီးတော့လည်း “ ငါတို့တော့ တစ်ခုခုပြောင်းလဲပြီဆိုတဲ့ အိပ်မက်လေးတစ်ခုရှိတယ်။ ကျွန်တော်တို့လဲ ရှိသလို ပြည်သူတွေ မှာလဲ ရှိခဲ့တယ်။ တကယ်တမ်း ၂၀၁၅ ကို ရောက်လာတဲ့အခါ ကိုယ်တွေဖြစ်ချင်သလိုမျိုး မဟုတ်ဘူး။ ပြောင်းလဲတာကတော့ ပြောင်းလဲတယ်။ ဒါပေမဲ့ ဒီလိုပြောင်းလဲမှုတွေမှာ အောက်ခြေကစပြီး ပြောင်းလဲဖို့ လိုပါတယ်။ ပြောင်းတော့ ပြောင်းလဲတယ်။ အပေါ်တွေမှာ ပြောင်းလဲတယ်။ အလယ်တွေမှာ ပြောင်းလဲ တယ်။ 

တကယ်က အခြေခံကျတဲ့ လူတန်းစား ပြောင်းလဲမှသာလျှင် ပြောင်းလဲမှုဆိုတာကို ပီပီပြင်ပြင် ပြောင်းလဲ တာလို့မြင်နိုင်မှာပါ။ ခုလိုမျိုး တစ်ဝက်တစ်ပျက် ပြောင်းလဲတာကြီးကို ပြောင်းလဲတာလို့ မခေါ်ဘူး။ ဒါသည် အရှင်းဆုံးပြောရရင် နည်းနည်း လူလည်ကျတယ်လို့ မြင်တယ်ဗျာ။ အဲဒါကြောင့် ပြောင်းလဲမယ်ဆို အောက်ခြေကစပြီး ပြောင်းလဲပေးပါလို့ပြောချင်တယ်။ တကယ်တမ်းသာ ပြောင်းလဲမယ်ဆို သူများနိုင်ငံတွေ ထက်ပိုပြီးရှေ့ကိုရောက်မယ့် နိုင်ငံတစ်ခုလို့မြင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်နိုင်ငံမှာက တန်ဖိုးရှိတဲ့အ ရာတွေ အများကြီးပဲလေ”လို့ သူက ပြောပြပေးခဲ့ပါတယ်။

နေတိုးဟာ ခုလတ်တလောမှာ promotion (ပရိုမိုးရှင်း) ဆိုတဲ့ ဇာတ်ကားကို ပိုင်ဖြိုးသု၊ ရွှေသမီး၊ ရတနာဗို တို့နဲ့အတူ ရိုက်ကူးနေပြီး ဒါရိုက်တာက ညိုမင်းလွင်ဖြစ်တယ်လို့ သိရပါတယ်။

Trend Myanmar

မှတ်ချက်များ