အ၀လွန်ခြင်း၊ သွားပျက်စီးခြင်း ရှောင်ကြဉ်ဖို့ သကြားဓာတ် လျှော့စားစို့


အမေရိက၊ ဥရောပ အနောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်း ဒေသမှ ကလေးငယ်များ အ၀လွန်ခြင်း၊ သွား ပျက်စီးခြင်းများကို ကာကွယ်နိုင်ဖို့ ဆိုလျှင် လက်ရှိ စားသုံးနေသော သကြားဓာတ်ထက် ထက်ဝက်နီးပါး လျှော့ချ စားသုံးရမည် ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) က သတိပေး ပြောကြား လိုက်သည်။

အ၀လွန်ခြင်း၊ သွားပျက်စီးခြင်းများကို ကာကွယ်နိုင်ဖို့ ဆိုလျှင် ယနေ့ လူသားများ အနေဖြင့် နေ့စဉ် စားသုံးနေသော စွမ်းအင် ပမာဏကို (၁၀) ရာခိုင်နှုန်းခန့် လျှော့ချသင့်ကြောင်း WHO က လမ်းညွှန်ထား သည်။ စွမ်းအင် (၁၀) ရာခိုင်နှုန်း ဟူသည် သကြားဓာတ် (၅၀) ဂရမ် (သို့မဟုတ်) လက်ဖက်ရည်ဇွန်း (၁၂) ဇွန်းစာ သကြားပမာဏ လျှော့ချရန် ဖြစ်သည်။

အကယ်၍ (၅) ရာခိုင်နှုန်းခန့် လျှော့ချနိုင်သည် ဆိုလျှင်ပင် နှလုံးရောဂါ၊ ကင်ဆာ၊ သွေးတိုး၊ ဆီးချိုများကို ကာကွယ် နိုင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ““ကမ္ဘာ့နိုင်ငံ အများစုကြီး အတွက် အ၀လွန်ခြင်းဟာ အဓိက ကျန်းမာရေး ပြဿနာကြီး တစ်ရပ် ဖြစ်လာနေတာ တွေ့ရပါတယ်။ အ၀ လွန်ခြင်းဟာ သကြားဓာတ် စားသုံးမှု များပြားခြင်းကြောင့် ဆိုတာ တွေ့ထားရတဲ့ အတွက် သကြားဓာတ် စားသုံးမှု လျှော့ချကြဖို့ တိုက်တွန်း နေရတာ ဖြစ်ပါတယ်”” ဟု WHO ၏ အာဟာရဆိုင်ရာ ဌာနမှ ဒေါက်တာ ဖရန်စီယို ဘရန်ကာ က ပြောကြားသည်။

WHO က လျှော့ချ စားသုံးဖို့ အဓိက သတိပေးသည့် သကြားဓာတ် မှာ အချိုရည်များ၊ မုန့်များထဲမှာ ပါသော သကြားဓာတ်မျိုး ဖြစ်သည်။ သဘာဝ သစ်သီးများ၊ ဟင်းသီး ဟင်းရွက်များ၊ နို့များထဲတွင် ပါသော သကြားဓာတ်မျိုးကို မဆိုလို။

လက်ရှိတွင် ကမ္ဘာတစ်ဝန်း လူတစ်ဦး တစ်ရက်ပျမ်းမျှ သကြားဓာတ် စားသုံးမှုတွင် တောင်အမေရိက က (၁၃၀) ဂရမ်၊ မြောက်အမေရိကနှင့် ဗဟိုအမေရိကက (၉၅) ဂရမ်၊ အနောက် ဥရောပက (၁၀၁) ဂရမ်၊ အရှေ့ အလယ်ပိုင်းက (၉၀) ဂရမ်ဖြစ်သည်။ အီကွေတာ ဒေသနှင့် အာဖရိက တောင်ပိုင်း ဒေသသည် အနည်းဆုံး ဖြစ်ပြီး (၃၀) ဂရမ်သာ ရှိသည်။

ခရင်များများ မုန့်တစ်ခုသည် ပျမ်းမျှအားဖြင့် သကြားဓာတ် (၄၀) ဂရမ်လောက် ပါဝင်သည်။ လိမ္မော်ရည်၊ ပန်းသီး ဖျော်ရည်များကား (၂၅) ဂရမ်လောက် ပါဝင်သည်။ ၂၀၀၃ ခုနှစ်က ကမ္ဘာတစ်ဝန်း လူတစ်ဦး ပျမ်းမျှ သကြားဓာတ် စားသုံးနှုန်းသည် တစ်ရက်ကို (၅၈) ဂရမ်နှုန်း ဖြစ်သည်။ ၂၀၁၃ ရောက်သည့်အခါ (၆၃) ဂရမ်ထိ ရောက်လာသည်။ ဆယ်နှစ်အတွင်း (၁၀) ရာခိုင်နှုန်း တက်လာကြောင်း WHO က ပြောသည်။

messenger

မှတ်ချက်များ