၂၀၁၄ မေလ ၁၂ ရက်ညနေပိုင်းတွင် အမြန်လမ်းမကြီးအတိုင်း နေပြည်တော်မှ ရန်ကုန်သို့ထွက်ခွာလာ သည့် ခရီးသည် ၅၀ ခန့်လိုက်ပါလာသည့် ရာဇာမင်းခရီးသည်တင် ယာဉ်သည် နေပြည်တော်တိုးဂိတ် အကျော် မိုင်တိုင်အမှတ် (၁၉၇) မိုင်ခြောက်ဖာလုံ အရောက်တွင် မတော်တဆမှုဖြစ်ခဲ့ပြီး ဝက်လက်မီးရထား ခုံးကျော်တံတားပေါ်မှ အောက် သို့ ဇောက်ထိုးကျတိမ်းမှောက်ခဲ့သည်။
ထို့နောက် ချောက်ထဲမှစပယ်ယာက ကားလမ်းမပေါ်သို့ ကြိုးစားတက်လာပြီး အမြန်လမ်းပေါ်သွားလာနေ သည့် ယာဉ်များကိုတားကာ အကူအညီတောင်းသော်လည်း အတော်များများက ကားပင်ရပ်မပေးခဲ့ကြပေ။
သည်းထန်စွာရွာသွန်းနေသည့် မိုးရေစက်များအကြား ‘‘ကားချောက်ထဲပြုတ်ကျနေပြီ။ ကားချောက်ထဲ ပြုတ် ကျနေပြီ... ’’ဟု တစာစာအော်ရင်း အကူအညီတောင်းခံနေသည့် စပယ်ယာလေးကို ထိုအချိန်တွင် အမြန် လမ်းပေါ်သွားလာနေသည့် ဦးစိုးမင်းလွင်က ၎င်း၏ကားကိုရပ်တန့်ကာ အကူအညီပေးရန်ဆုံးဖြတ်လိုက် သည်။
မော်တော်ယာဉ်များကို မကြာခဏတိုက်ခိုက်ပစ္စည်းလုလေ့ရှိကြောင်း သတင်းကြီး နေသည့် အမြန်လမ်း မပေါ်တွင် မိုးသည်းထန်စွာရွာသွန်းချိန်၌ ကားရပ်ပြီး သူစိမ်းတစ်ဦး တောင်းသည့်အကူအညီကိုပေးရန် သူမတွေဝေခဲ့ပါ။
ကားပေါ်ပါလာသူအားလုံးနီးပါး သွေးထွက်သံယိုဖြစ်နေသည့် အခင်းဖြစ်ပွားရာ နေရာသို့ရောက်ရှိချိန်တွင် လည်း ဦးစိုးမင်းလွင်တစ်ယောက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အစီအစဉ်တကျဖြစ်အောင် စီမံနိုင် ခဲ့သည်။
ကားထဲပိတ်မိနေသူများကိုဆွဲထုတ်ခဲ့ရုံမျှမက အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများအား မိနစ်ပိုင်းအတွင်း ရောက်ရှိလာရန်နှင့် ရဲတပ်ဖွဲ့ဝင်များထံ နည်းလမ်းပေါင်းစုံသုံးကာ အကြောင်းကြားနိုင်ခဲ့သည်။ ၎င်း၏ တည် တည် ငြိမ်ငြိမ်ဖြင့် စီမံခန့်ခွဲမှုကြောင့် လူသားဆန်စွာ စာနာစိတ်အပြည့်ဖြင့် ကူညီပေးသောကြောင့် အပြင်း အထန်ဒဏ်ရာရခဲ့ပြီး အရေးပေါ်ဆေးဝါးကုသမှုခံယူရန်လိုအပ်သူများစွာ အသက်ရှင်သန်ခွင့်ရခဲ့သည်။
ယာဉ်ပေါ်ပါလာသူများအနက် ၁၄ ဦးသေဆုံးကာ ၂၉ ဦးဒဏ်ရာရခဲ့သည့် အဆိုပါဖြစ်ရပ်ဆိုးကြီးကို လူအ များ သတိထားမိလာပြီးနောက် အမြန်လမ်းမတော်တဆမှုများကို အစိုးရကပိုမိုအာရုံစိုက်လာခဲ့ပြီး ခရီးသည် များအား လုံခြုံစွာသယ်ယူပို့ဆောင်ရေးကို စနစ်တကျကြီးကြပ်ရန် ယာဉ်လိုင်းများကို ဖိအားပေးခြင်း၊ အရေး ပေါ်ကယ်ဆယ်ရေး ဆေးရုံများဆောက်လုပ်ရန် စီစဉ်ခြင်းတို့လုပ်ဆောင်လာခဲ့သည်။
ရာဇာမင်းယာဉ်မတော်တဆမှုတွင် ထိခိုက်သူများအား အကူအညီပေးရန် ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ခေါ်ဆိုမရခဲ့သည့် ၎င်း၏အတွေ့အကြုံကို ပြန်လည်ပြောပြ ပြီးနောက် ပိုင်းတွင် အစိုးရက အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှုများဖြစ်ပွားပါက အခင်းဖြစ် ပွားရာနေရာသို့ ငါးမိနစ် အတွင်း အရေးပေါ်ကယ်ဆယ်နိုင်ရန် အရေးပေါ်ဖုန်း ‘‘၁၈၈၀’’ကို မိတ်ဆက်ခဲ့ သည်။ ထိုနံပါတ်ကို ဆက်သွယ် အကူ အညီတောင်းခံမှုမှာ တစ်နေ့လျှင် အကြိမ် ‘‘၈၀’’နှုန်းခန့်ရှိလာခဲ့ပြီး လူပေါင်းများစွာ အသက် ချမ်းသာရာရခဲ့သည်။
ဦးစိုးမင်းလွင်၏လုပ်ရပ်သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ယာဉ်မတော်တဆမှုများကို ကူညီပါက အမှု ပတ် မည်ဟု အရိုးစွဲနေသည့်အကျင့်ဆိုးကိုပယ်ဖျက်ကာ ဒုက္ခရောက်နေသူများအား လူသားချင်းစာနာစွာ အစီအစဉ်တကျစွန့်စားကယ်တင်ခဲ့သည့်လုပ်ရပ်အတွက် 7Day News က ချီးကျူးဂုဏ်ပြုသောအားဖြင့် 7Day News Hero ဆု ချီးမြှင့် ခြင်းဖြစ်ပါသည်။

မှတ်ချက်များ