ကလေးယူချင်သူ အိမ်ထောင်သည်များ ဖြေဆိုရန် မေးခွန်း(၅)ခု


အိမ်ထောင်ကျပြီးလို့ ကလေးယူမယ်လို့ စိတ်ကူးလိုက်ပြီဆိုတာနဲ့ စုံတွဲတိုင်း ကိုယ့်ကိုယ်ကို ပြန်မေးကြည့် သင့်တဲ့ မေးခွန်းလေးတွေ ရှိပါတယ်။ မေးခွန်းတိုင်းဟာ သင့်စိတ်ထဲက အဖြေတွေနဲ့ ကွက်တိကျမှသာ ကလေးယူဖို့ ဆုံးဖြတ်သင့်ပါ တယ်။

၁။ကလေးလေးတွေက ချစ်ဖို့ကောင်းတယ်ဆိုတဲ့စကားမျိုးတွေထက် ကလေးရလာရင် ဘာတွေလုပ်ကြ မယ်ဆိုတာမျိုး နှစ်ဦးကြားဆွေးနွေးဖူးပါသလား။

ကလေးတွေဟာ အပြစ်ကင်းစင်ပြီး ချစ်စရာအလွန်ကောင်းကြပါတယ်။ ဒါပေမယ့် သူတို့ကို ပြုစုပျိုးထောင် မယ့် မိဘမှာတော့ အစီအစဉ်ကောင်းတွေရှိနေရပါမယ်။ ဒါ့အပြင် ကလေးရလာရင် သင့်မှာ အချိန်ပိုဆိုတာ လည်း နည်းသွားပါလိမ့်မယ်။ ဒီ့အတွက်ကိုလည်း သင်စဉ်းစားထားဖို့လိုအပ်ပါတယ်။ နှစ်ယောက်တည်းနေ တဲ့ စုံတွဲတွေဆိုရင် ကိုယ်ဝန်ရလာတဲ့အခါ အဖော်တစ်ယောက် ရှာဖို့လည်း လိုလာပါလိမ့်မယ်။ အဲ့ဒါတွေအတွက် ကြိုစဉ်းစားထားပြီးပြီလား။

၂။ဘယ်လိုမိဘမျိုး ဖြစ်ချင်ကြတယ်ဆိုတာရော နှစ်ဦးသားပြောကြည့်ဖူးပါသလား။

ကလေးယူတော့မယ့်စုံတွဲဟာ ကလေးရလာရင် ကလေးပုံစံကို ကြည့်ပြီး ငါတို့ဟာ အရမ်းစည်းကမ်းကျပ် တဲ့မိဘမျိုးတော့ မလုပ်ဘူး။ ဒါပေမယ့် ကလေးဖြစ်ချင်တာတွေကို ဖြည့်ဆည်းပံ့ပိုးပေးပြီး ဘေးကထိန်း
ကျောင်းပေးသွားမယ့် မိဘမျိုးတွေ ဖြစ်အောင်ကြိုးစားမယ် စသဖြင့် နှစ်ဦးသား ပြောဆိုကြည့်ဖူးဖို့တော့ လိုပါတယ်။

၃။နှစ်ဦးသားပြသနာတက်တဲ့အခါ ဘယ်လိုပုံစံပြောင်းလဲဖြေရှင်းကြမလဲ။

အရင်က ရန်ဖြစ်တဲ့အခါ တံခါးကိုဆောင့်ပိတ်လိုက်တာမျိုး၊ တစ်ဦးနဲ့တစ်ဦး အော်ဟစ်ကြတာမျိုးတွေ ကလေးရလာရင် လုပ်ဖို့ မစဉ်းစားပါနဲ့တော့။ ဒီတော့ ကိုယ့်အကျင့်တွေကို ပြောင်းလဲပစ်ဖို့ နှစ်ဦးသား တိုင်ပင်ကြည့်ဖို့လိုလာပါပြီ။

၎။ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ငွေရေးကြေးရေးရော တောင့်တင်းပြီလား။

လင်မယားနှစ်ယောက်တည်းတုန်းက ဖြစ်သလို နေထိုင်စားသောက်ကြတယ်ဆိုပေမယ့် ကလေး ရှိလာတဲ့ အခါ ကလေးစားရိတ်က သိသိသာသာတိုးလာပါလိမ့်မယ်။ ဒါကလည်း ယာယီမဟုတ်ပဲ ရေရှည်ဖြစ်တာမို့ သေသေချာချာ စဉ်းစားကြည့်ဖို့ လိုလာပါပြီ။

၅။နှစ်ဦးစလုံး ကလေးလိုချင်တာ ဟုတ်ရဲ့လား။

ကလေးယူဖို့ ဆုံးဖြတ်လိုက်တာဟာ တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်လား၊ နှစ်ဦးစလုံး ကလေးလိုချင်လို့ ခုလို ဆုံးဖြတ်ကြတာလားဆိုတာ တွေးပါ။

Trend Myanmar

မှတ်ချက်များ