နွေ

နွေပူပူကို အန်တုကြသူများ (ဓာတ်ပုံ − ကျော်ဇင်သန်း)
ဘာလို့ ပူနေရတာလဲ

အကြောင်းကြောင်းသော အကြောင်းကြောင်းများကို အကြောင်းပြုလို့ ၂၀၁၅ ခုနှစ် ဒီနှစ်နွေဟာ ပူတယ်လို့ လူပြောများနေပါတယ်။ ဒီလိုပူရတဲ့အကြောင်းတွေထဲမှာ လက်ရှိအချိန်ဟာ သတိထားရမယ့် အချိန်ပါ။ ဒီနှစ်ပူပြင်းရတဲ့ အကြောင်းတွေထဲမှာ

(၁) အခြေခံ Baseline မှာကိုက ဒီဆယ်စုနှစ်တွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုပူလာနေပါတယ်။ ၁၉၈၀ ပြည့်နှစ်များကတည်းက စတင်ပြီး ကမ္ဘာကြီးမှာ Global Warming ဖြစ်နေပါတယ်။ UK အခြေစိုက် Hadley Centre ရဲ့ သုတေသနပြုချက်အရ UNFCCC က မြန်မာနိုင်ငံရဲ့ အပူချိန်တိုးမှုဟာ ခရစ်နှစ် ၂၁၀၀ (နောက် ၈၅ နှစ်အကြာ)မှာ လက်ရှိ ပျမ်းမျှအပူချိန်တွေရဲ့ အထက် 5°C တိုးလာမယ်လို့ တွက်ချက်ရရှိထားပါတယ်။


(၂) အဲဒါထက် Fluctuation အပိုင်းအနေနဲ့ ၂၀၁၅ ခုနှစ်ဟာ အယ်လ်နီညိုနှစ်ဖြစ်ပြီလို့ ပြီးခဲ့တဲ့ မတ်လ ၅ ရက်က အမေရိကန်ပြည်ထောင်စုရှိ NOAA (National Oceanic Atmospheric Administration)က ကြေညာသွားခဲ့တဲ့အတွက် ၂၀၁၅ ခုနှစ်ဟာ ပူမယ့်နှစ်၊ အပူမလျော့တဲ့နှစ်ဖြစ်ဖို့ များနေပြီဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတုတွေ ပိုမိုပူနွေးလာတဲ့ Global Warming ဖြစ်လာကတည်းက အရင်က ငါးနှစ်မှခုနစ်နှစ်တစ်ခါ ဖြစ်တတ်တဲ့ အယ်လ်နီညိုဖြစ်စဉ်ဟာ ၁၉၈၀ ပြည့်နှစ်များရဲ့ နောက်ပိုင်းမှာ ၂ နှစ်မှ သုံးနှစ်တစ်ခါဆိုသလို အဖြစ်ပိုများလာနေပါတယ်။

(၃) ဒါ့အပြင် Trend အပိုင်းအနေနဲ့ လက်ရှိကာလရဲ့ အပူချိန်ရဲ့ဖြစ်စဉ်ဟာ အတက်တွေချည်း ဖြစ်နေပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုပူလာတယ်လို့ မပြောနိုင်တဲ့တိုင်အောင် လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အပေါ်က ပျမ်းမျှတွက်ယူထားတဲ့ ဖြစ်မြဲ (Normal) တန်ဖိုး အပူချိန်တွေထက်တော့ နှစ်တိုင်းပိုနေပါတယ်။

(၄) ၂၀၁၅ ခုနှစ် နွေရာသီ မတ်လ၊ ဧပြီလနဲ့ မေလ သုံးလပေါင်းအတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရဲ့ အပူချိန်ခန့်မှန်းချက်ဟာ ဖြစ်မြဲထက်ပိုမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနေရာမှာ အဲဒီလိုပိုဖို့ ဘယ်လောက်များ သေချာမှုရှိသလဲဆိုတဲ့ ဖြစ်တန်ရာကိန်း Probability ကို တွက်ကြည့်လိုက်တော့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်က သေချာမှု ၇၀ ရာခိုင်နှုန်းရှိပြီး တနင်္သာရီတိုင်းက သေချာမှု ၆၀ ရာခိုင်နှုန်း ရှိပါတယ်။ ကျန်တစ်ပြည်လုံးကတော့ သေချာမှု ၄၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

(၅)အဲဒီအထဲမှာမှ လက်ရှိအချိန်မှာ နေဟာ ကမ္ဘာ့မြောက်ယဉ်စွန်းတန်း (Tropic of Cancer 22.5°N)ကို ရောက်နေတဲ့ ကာလဖြစ်လို့ နေက မြန်မာနိုင်ငံအပေါ် တည့်တည့်ကို ရောက်နေတဲ့ ကာလလည်းဖြစ်နေ ပါတယ်။ နောက်ထပ်တစ်လလောက် အပေါ်တည့်တည့်မှာရှိနေလို့ အပူဆုံးအချိန်ကာလလည်း ဖြစ်နေပါ တယ်။ (နေအပေါ်တည့်တည့် ရောက်တဲ့အခါ နေရောင်ခြည်က လေထုကို ဖြတ်တဲ့အခါ လေထုဟာ အပါး လွှာဆုံးအနေအထား ဖြစ်ပါတယ်။)

(၆)အဲဒါအပြင် အရှေ့တောင်အာရှဒေသဟာ သစ်တောပြုန်းတီးမှုအများဆုံးဒေသ၊ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့တွေ ကမ္ဘာမှာ ထုတ်လွှတ်မှုအများဆုံးနိုင်ငံရှိနေတဲ့ဒေသဖြစ်နေလို့ အထက်အိုဇုန်းလွှာတွေ ပါးလာတာကြောင့် ကမ္ဘာမြေပြင်ကို ခရမ်းလွန်ရောင်ခြည်တွေရောက်ရှိတာ အများဆုံးဖြစ်နေတဲ့ကာလနဲ့ အချိန်လည်း ဖြစ်နေတယ်။ လက်ရှိကာလမှာ အမြင့်ဆုံးကို ချဉ်းကပ်လာနေတဲ့ကာလ ဖြစ်နေပါတယ်။

အပူဒဏ်အမျိုးမျိုး

လက်ရှိနွေရာသီကာလမှာ အပူဒဏ်ကို ပြည်သူတွေတွေ့ရ ကြုံရခံစားနေကြရာမှာ အမျိုးအစားကလည်း လေးမျိုးလောက် ခွဲခြားနိုင်ပါတယ်။

ပထမအမျိုးအစားကတော့ High Temperature တွေ မြင့်မားနေတတ်ခြင်းဖြစ်ပါတယ်။ အပူချိန်တွေကိုက ပုံမှန်ဖြစ်မြဲထက် ပိုနေတာဖြစ်ပါတယ်။ မိုးလေ၀သဌာနအနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အပေါ် ပျမ်းမျှရှာယူရ တဲ့တန်ဖိုးကို ဖြစ်မြဲအပူချိန်လို့ သတ်မှတ်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များက စတင်ပြီးနောက်ပိုင်းနှစ်တွေဟာ ၁၉၅၀-၁၉၈၀ အထိ နှစ် ၃၀ ကာလ ပျမ်းမျှတန်ဖိုးများထက် ကျော်လွန်နေကြတာများပါတယ်။ ဒီနှစ် နွေရာ သီကာလဖြစ်တဲ့ ၂၀၁၅ ခုနှစ်မတ်လမှ မေလအထိ သုံးလတာကာလအတွက် အပူချိန်ခန့်မှန်း ချက်တွေ ကတော့ တစ်ပြည်လုံး ဖြစ်မြဲထက်ပိုမယ်လို့ပဲ ရရှိပါတယ်။ အဲဒီမှာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည် နယ်တို့ဟာ ဖြစ်မြဲထက်ပိုဖို့ သေချာမှု ၇၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ တနင်္သာရီတိုင်းဒေသကြီးကတော့ ၆၀ ရာခိုင်နှုန်းရှိနေပြီး ကျန်တစ်ပြည်လုံးကတော့ ဖြစ်မြဲထက်ပိုဖို့ သေချာမှု ၄၅ ရာခိုင်နှုန်းမှ ၅၅ ရာခိုင်နှုန်း အထိ ရှိနေပါတယ်။ အဲဒါ ၂၀၀၆ ခုနှစ်လောက်ကစပြီး နှစ်တိုင်းလောက် ပုံမှန်ဖြစ်နေပါတယ်။

ဒုတိယအမျိုးအစားကတော့ Heat Stress တွေ မြင့်မားနေတတ်ခြင်းပါပဲ။

အပူဒဏ်မြင့်တက်လာတဲ့ Heat Stress ခံစားရတာပါ။ ဒါကတော့ အပူချိန်တွေဟာ စံချိန်တင်အောင်တော့ မပူကြပါဘူး၊ ဒါပေမဲ့ ဖြစ်မြဲအပူချိန်ထက်တော့ ပိုကြတယ်။ အဲဒီလိုပိုနေတာဟာ ကာလရှည်ကြာလာရင် ဒဏ်ဖြစ်လာပါတယ်။ ဒါကို Heat Stress မြင့်မားမှုကြောင့် အပူဒဏ်ကို ပိုမိုခံစားကြရခြင်းဖြစ်ပါတယ်။ သဘောကတော့ အိမ်တွေမှာ လျှပ်စစ်အသုံးမီတာယူနစ်တွက်တဲ့ သဘောမျိုးပါပဲ။ အသုံးပြုတဲ့ပါဝါအပြင် အသုံးပြုတဲ့ အချိန်နာရီပေါင်းကလည်း ယူနစ်ကို ပိုတက်စေတဲ့သဘောမျိုးပါပဲ။

တတိယအမျိုးအစားကတော့ Heat Index တွေ မြင့်မားနေခြင်း ဖြစ်ပါတယ်။ နွေကာလတွေမှာ လေထဲမှာ ရေငွေ့တွေ ရောနှောပါဝင်လာတဲ့အခါမှာ တွေ့ရတတ်တဲ့ အပူဒဏ်သင့်မှု အမျိုးအစားဖြစ်ပါတယ်။ နွေကာ လဖြစ်စေ၊ မိုးကြိုကာလဖြစ်စေ လေထုထဲမှာ ရေငွေ့တွေ ပါဝင်လာမှုကြောင့် တိမ်ဖြစ်လာခဲ့ပေမယ့် မိုးမရွာ တဲ့ ဖောက်ပြန်မှုမျိုးတွေ ပိုမိုဖြစ်လာတာကို နောက်ပိုင်းမှာ ပိုတွေ့လာရပါတယ်။ အဲဒီအခါမှာ လေအပူချိန် အပြင် ရေငွေ့ရဲ့ အပူချိန်ကိုပါ လူက နှစ်ရပ်ပေါင်းပြီး ခံစားရစေပါတယ်။ ဒါကိုတော့ ရိုးရိုးအနေနဲ့ ခံစားရတဲ့ အပူချိန် Feel temperature ဒါမှမဟုတ် Heat Index လို့ ခေါ်ပါတယ်။ မတ်လ၊ ဧပြီလ မေလတွေမှာ ခံစား ရတဲ့အပူချိန်ဟာ 50°C ကို မကြာမကြာ ကျော်လွန်ရောက်ရှိနေတတ်ပါတယ်။

စတုတ္ထအမျိုးအစားကတော့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း Ultra Violet Index တွေ မြင့်မားနေ တတ်ခြင်းပါပဲ။ နေရောင်ခြည်မှာပါလာတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ (၃)မျိုးရှိပါတယ်။ UV-A, UV-B နဲ့ UV-C တို့ ဖြစ်ပါတယ်။ ဒီသုံးမျိုးအနက်က UV-A တစ်ခုသာ ကမ္ဘာမြေပြင်ကို အများဆုံးရောက်ရှိနိုင်ပါတယ်။ ကမ္ဘာမြေပြင်အပေါ် နေရောင်ခြည်ထဲမှာ တွေ့ရတဲ့ UV rays တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ UV-A အမျိုးအစားတွေပဲဖြစ်ပါတယ်။ ပိုမိုပြင်းထန်တဲ့ UV-B နဲ့ UV-C တွေကိုတော့ ကမ္ဘာမြေပြင်ဆီကို မရောက်
အောင် လေထုထဲရှိ အိုဇုန်းအလွှာက လမ်းက တားဆီးပေးထားပါတယ်။ အခုတော့ အာရှဒေသမှာ သစ်တောပြုန်းတီးမှုတွေ၊ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ တိုးလာတဲ့အတွက်ကြောင့် အဲဒီအိုဇုန်းအလွှာပါး လွှာလာမှုကြောင့် မြေပြင်ပေါ်ကို UV rays တွေ ပိုရောက်လာကြပါတယ်။ အဲဒါကြောင့် ခရမ်းလွန်ရောင်
ခြည်တွေဟာ အရေအတွက်ရော အမျိုးအစားပါ တိုးလာနေတဲ့အတွက် အပူဒဏ်ကို လူသားတွေ ပိုမိုခံ စားနေကြရပါတယ်။

တကယ်တော့ လက်ရှိနွေရာသီကာလဟာ အရင်အယ်လ်နီညိုနှစ်တွေတုန်းကလောက် အပူချိန်မြင့်တက်မှု မများသေးပါဘူး။ အပူချိန်စံချိန်လည်း တစ်မြို့နှစ်မြို့လောက်သာ ကျိုးပါသေးတယ်။ ဒါပေမဲ့ အပူရှိန်ဒဏ် ကိုတော့ သိသိသာသာ ခံစားနေကြရပါပြီ။

အပူရှပ်ခြင်း (သို့မဟုတ်) အပူကြောင့် ဖျားနာခြင်း

ပတ်ဝန်းကျင် နေပူထဲတွင် သွားလာနေထိုင်ခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ ကျန်းမာရေးချို့ယွင်းမှုအားလုံးကို ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် heat cramps, heat syncope နဲ့ heat exhaustion ကဲ့သို့သော အသေးစားဖျားနာမှု (အာဂန္တု ဖျားနာခြင်း)များအပြင် heat stroke ကဲ့သို့သော အသက်အန္တရာယ်ဆုံးရှုံးနိုင် တဲ့ အပြင်းစားဖျားနာမှုမျိုးအထိ ပါဝင်နေပါတယ်။

အပူရှိန်ပြင်းထန်မှုကြောင့် အပူလျှပ်ဖျားနာခြင်းအမျိုးစားများအနေနဲ့

(၁)Heat Stroke

လူရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ 40.6 °C (105.1 °F) ထက် ကျော်လွန်အောင် ခံစားရပါက ဖြစ်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ ပတ်ဝန်းကျင်အပူချိန်မြင့်မားနေမှုကြောင့် ဖြစ်တတ်လေ့ရှိပါတယ်။ အထူးသဖြင့် အပူချိန်ထိန်းညှိမှု thermoregulation မရှိပါက အများဆုံး ဖြစ်တတ်ပါတယ်။ တွေ့ရတတ်တဲ့ ရောဂါလက္ခဏာများကတော့ အသားအရေခြောက်ခန်းခြင်း၊ ပြင်းထန်သည့်မူးဝေမှု၊ မျက်စိပြာဝေမှုတို့ကို ပြင်းပြင်ထန်ထန် ရုတ်တရက်ခံစားရတတ်ပါတယ်။ လေဖြတ်ခြင်း၊ ဦးနှောက်ကြောပြတ်ခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။

(၂)Heat exhaustion

heat stroke ဖြစ်တော့မယ့် ရှေ့ပြေးနိမိတ်တစ်ခုအဖြစ် များသောအားဖြင့် ကြုံတွေ့ရတတ်တဲ့ ရောဂါလက္ခ ဏာများကတော့ ချွေးထွက်လွန်ခြင်း၊ အသက်ရှူပြင်းထန်လာခြင်း၊ ရုတ်တရက်လျင်မြန်စွာ သွေးခုန်နှုန်းမြင့် တက်လာခြင်း စတာတွေကို ဖြစ်စေတတ်ပါတယ်။

(၃)Heat Syncope

အပူရှိန်လွန်ကဲမှုကြောင့် သွေးဆုတ်ယုတ် ဖျော့တော့လာခြင်း။

(၄)Heat cramps

ပူပြင်းသောရာသီဥတုအခြေအနေအောက်တွင် ပြင်းထန်သောအားကစားလေ့ကျင့်မှု ပြုလုပ်မှုကြောင့် ကြွက်သားများ နာကျင်မှုခံစားလာရခြင်း။

(၅)Heat rash

ချွေးထွက်လွန်မှုကြောင့် အသားအရေများ ခြောက်ခန်းယားယံလာစေခြင်း။

(၆)Heat tetany

အပူရှိန်ပြင်းထန်မှုကြောင့် ခေတ္တခဏမျှ ဒဏ်ပိမှု stress ခံစားရခြင်း၊

ရောဂါလက္ခဏာများကတော့ အသက်ရှူရခက်ခဲလာခြင်း၊ ကြွက်သားများ နာကျင်လာခြင်း၊ စသဖြင့် စတဲ့... စတဲ့..အကြောင်းကြောင်းသော အကြောင်းကြောင်းများကို အကြောင်းပြုလို့ ဒီလောက်ပူပြင်းတဲ့ ဒဏ်ကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေရဲ့ ဒဏ်ကိုခံစားနေကြရတာမို့ အသက်ဉာဏ်စောင့်တဲ့ခေတ်ကို ရောက်နေကြောင်းပါဗျာ။


မောင်ထွန်းလွင် (မိုးလေ၀သ) - Trend Myanmar

မှတ်ချက်များ