ဂျပန်ရေတပ်၏ အကြီးဆုံး ကုန်းပတ်အပြန့် စစ်သင်္ဘော Izumo စစ်ဆင်ရေး တာဝန်များ စတင်ထမ်းဆောင်


ဂျပန်ရေတပ်သည် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အရွယ်အစား အကြီးမားဆုံး ကုန်းပတ်အပြန့် စစ်သင်္ဘော တစ်စီးကို စတင်ပွဲထုတ် အသုံးပြုတော့မည် ဖြစ်သည်။

Izumo စစ်သင်္ဘောသည် ရဟတ်ယာဉ်တင် သင်္ဘောတစ်စီးအနေဖြင့် ရေတပ်တွင် တာဝန်ထမ်းဆောင်မည် ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အပြီး ချုပ်ဆိုထားသော စာချုပ်များအရ ဂျပန်သည် ကာကွယ်ရေး ကဏ္ဍအတွက် သာ စစ်တပ်ဖွဲ့စည်းခွင့်ရှိပြီး လေယာဉ်တင် သင်္ဘောများ တည်ဆောက်ခွင့် မရချေ။ ထို့ကြောင့်လည်း Izumoကို ရဟတ်ယာဉ်တင် သင်္ဘော တစ်စီးအဖြစ်သာ အသုံးပြုရမည် ဖြစ်သည်။ ဂျပန်ရေတပ်သည် Izumoကို ၂၀၁၃ ခုနှစ်၊ ဩဂုတ် ၆ ရက်တွင် စတင်မိတ်ဆက်ခဲ့သော်လည်း ယခုအခါတွင်မှ တရားဝင် စစ် ဆင်ရေး တာဝန်များ ထမ်းဆောင်ရန် အသုံးပြုသွားမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ Izumo၏ အရွယ်အစားသည် တစ်ချိန်က အမေရိကန် ရေတပ်ကို ပစိဖိတ် သမုဒ္ဒရာအ တွင်း ရင်ဆိုင် တိုက်ပွဲဝင်ခဲ့သည့် ဂျပန်ဘုရင့်ရေတပ်မှ လေယာဉ်တင် သင်္ဘောကြီး တစ်စီးမျှ ကြီးမားသည်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး လက်ထက်တွင် ဂျပန်၏ စစ်အင်အား ပြန်လည်တည်ဆောက်လာမှုများတွင် ယခုသင်္ဘောကြီးသည်လည်း ထင်သာမြင်သာ အခြေအနေတစ်ရပ်ဖြစ်သည်။

Izumo သင်္ဘောပေါ်တွင် အမှုထမ်း (၄၇၀) လိုက်ပါ၍ တာဝန် ထမ်းဆောင်နိုင်မည် ဖြစ်သည်။ သင်္ဘော သည် (၈၁၃)ပေ ရှည်လျားပြီး အမေရိကန် ရေတပ်၏ မရိန်းတပ်ဖွဲ့ ကမ်းတက်ရေယာဉ်ကြီးများနှင့် အရွယ် အစား တန်းတူမျှဖြစ်သည်။ သို့သော်လည်း ကုန်းပတ် အပြားကျယ်ကျယ် တည်ဆောက်ထားပြီး ရဟတ် ယာဉ်များ အတက်အဆင်း ပြုလုပ်နိုင်အောင် ရည်ရွယ် ဒီဇိုင်းထုတ်ထားသည်။ မည်သို့ပင်ဖြစ်စေ ရေယာဉ်၏ အရွယ်အစားအရ လေယာဉ်တင် သင်္ဘောတစ်စီးအဖြစ် အလွယ်တကူ မွမ်းမံပြောင်းလဲ အသုံးပြုနိုင်စွမ်း ရှိမည်ဟု စစ်ရေးသုတေသီများက မှတ်ချက်ပြုထားသည်။

“Izumoဟာ နိုင်ငံတကာမှာ ကြုံရတဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကူညီစောင့်ရှောက်ရေး ကိစ္စတွေ အပါအဝင် စစ်ဆင်ရေး ပုံစံ အမျိုးမျိုးကို ပြောင်းလဲ အသုံးပြုနိုင်စွမ်း ရှိနေပါတယ်”ဟု ရေတပ် ဗိုလ်ချုပ်ကြီး နာကာတာနီက ပြောကြားခဲ့သည်။ ဂျပန်သည် တိုက်စစ်ကို အားပြုသည့် လေယာဉ်တင် သင်္ဘောများ တည်ဆောက်ခွင့် မရှိသော်လည်း Izumoကို ရဟတ်ယာဉ်တင် သင်္ဘောအဖြစ်ရော၊ ရေငုပ်သင်္ဘော ဖျက်သင်္ဘော အနေဖြင့်ပါ အသုံးပြုနိုင်မည်ဟုလည်း ၎င်းက ဆိုသည်။

“ဒီသင်္ဘောကြီးက ရန်သူ ရေငုပ်သင်္ဘောတွေကို တိုက်ခိုက်နိုင်ဖို့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးပါလိမ့်မယ်”ဟု နာကာတာနီက မှတ်ချက်ပြုခဲ့သည်။ ဂျပန်သည် အရှေ့အာရှ ဒေသကို ဩဇာ လွှမ်းမိုးရန် ကြိုးစားလာသည့် တရုတ်၏ ခြေလှမ်းများကို တုံ့ပြန်ရန်အတွက် စစ်ရေးအင်အားကို ပိုမိုတောင့်တင်းအောင် ကြိုးစား တည်ဆောက်သွားရန် လိုလားလျက် ရှိသည်။

ဂျပန်သည် ကာကွယ်ရေး ကဏ္ဍအတွက် ခရီးရှည် ပျံသန်းနိုင်သည့် ကင်းထောက် လေယာဉ်များနှင့် စစ်သုံး ကုန်တင် လေယာဉ်ကြီးများကိုလည်း အားဖြည့်ထားပြီး Lockheed Martin ကုမ္ပဏီထုတ် နာမည်ကျော် F-35 ကိုယ်ပျောက် တိုက်လေယာဉ်များကိုလည်း မှာယူထားသည်။ ထို့အပြင် ကုန်းနှင့်ရေ နှစ်တန်သွား ချေ မှုန်းရေး ယာဉ်များ၊ Boeing ကုမ္ပဏီ၏ လေယာဉ်တစ်ပိုင်း၊ ရဟတ်ယာဉ်တစ်ပိုင်း Osprey အမျိုးအစား သယ်ယူပို့ဆောင်ရေး ယာဉ်များကိုလည်း မှာယူထားသည်။ Ospreyများသည် Izumoပေါ်မှ အတက်အ ဆင်း ပြုလုပ် ပျံသန်းမည် ဖြစ်သည်။

Izumoတွင် တောင်ပံအပြန့် အသေတပ်ဆင်ထားသည့် တိုက်လေယာဉ်များကို လွှတ်တင်နိုင်သည့် တွန်း ကန်စနစ် မပါဝင်သော်လည်း F-35၏ ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်သည့် မျိုးကွဲ ဂျက်တိုက်လေ ယာဉ်များမှာမူ သင်္ဘောပေါ်တွင် စစ်ဆင်ရေးတာဝန်များ ကောင်းစွာ ထမ်းဆောင်နိုင်မည် ဖြစ်သည်။

တိုကျိုမြို့အနီး ယိုကိုဆူကာ ရေတပ်စခန်းတွင် အခြေစိုက်မည့် Izumoသည် ဖျက်သင်္ဘောအဆင့် သတ်မှတ် ထားသည့် ရဟတ်ယာဉ်တင် သင်္ဘောနှစ်စီးနောက် ဂျပန်ရေတပ်မတော်တွင် ပါဝင်လာသည့် တတိ ယမြောက် ရဟတ်ယာဉ်တင် သင်္ဘောလည်း ဖြစ်လာကြောင်း သိရှိရသည်။

7day

မှတ်ချက်များ