ပခုက္ကူခရိုင် ပေါက်မြို့နယ် ဝန်ခြုံးကျေးရွာတွင် မတ် ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲက ဆိုလာပြားနှင့်ဘက် ထရီအားသွင်းစဉ် အပူလွန်ကဲပြီး ဘက်ထရီအိုး ပေါက်ကွဲ၍ မီးလောင်မှုဖြစ်ပွားကာ နေအိမ် ၁၈ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ ဘိုငြိမ်း(၅၆)နှစ်၏ နေအိမ်မှ စတင် မီးလောင်ခဲ့ပြီး ထိုမီးလောင်ရာသို့ မီး သတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် မွန်းလွဲ ၂ နာရီခွဲတွင် မီးငြိမ်း သွားခဲ့သည်။ မီးလောင်မှုကြောင့် ဘိုငြိမ်း၏ သုံးပင်ပတ်လည် သက်ငယ်မိုး၊ ထရံကာ၊ ဝါးကြမ်း ခင်းနေအိမ်အပါအဝင် လူနေအိမ် ၁ဝ လုံး၊ အလက(ခွဲ) ဝန်ခြုံးဝင်းအတွင်းရှိ ဆရာ ဆရာမနေအိမ် ခုနစ်လုံး၊ ကိုယ့်အားကိုယ်ကိုး စာသင်ဆောင်တစ်ဆောင် စုစုပေါင်း ၁၈ လုံးနှင့် ဝက်နှစ်ကောင် မီးလောင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ ဘိုငြိမ်းအား ပေါက်မြို့နယ် မြို့မရဲစခန်းက (ပ)၂၇/၂ဝ၁၅၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
ကျော်ဇေယျ - The Mirror Daily

မှတ်ချက်များ