လတ်တလောဖြစ်ပွား နေသော ကျောင်းသား၊ အလုပ် သမားဆန္ဒပြမှုများနှင့် နယ်စပ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် နိုင်ငံရေးမတည်မငြိမ်ဖြစ် လာမည်ကို စိုးရိမ်သူများက စား သောက်ကုန်များ ၀ယ်ယူ စုဆောင်းနေသဖြင့် အခြေခံစားသောက်ကုန်အချို့ ဈေးတက်သွားကြောင်း သတင်းရရှိသည်။
ဆန်၊ ဆီ၊ အသားငါး အပါအ၀င် အခြေခံဈေးနှုန်းများ မတ် လဆန်းပိုင်းမှ စတင်၍ ဈေးနှုန်း တက်လာသည်။
ပေါ်ဆန်းမွှေးဆန်မှာ မတ်လ ဆန်းမှ လက်ရှိအချိန်ထိ တစ်အိတ် လျှင် ကျပ် ၅၀၀ မှ ၁၀၀၀ အတွင်းဈေး တက်လာသည်။
ပဲဆီဈေးနှုန်းမှာ နှစ်ပတ်အ တွင်း တစ်ပိဿာလျှင် ကျပ်လေး ရာခန့် တက်လာသည်။ စားအုန်းဆီဈေးနှုန်းမှာ လည်း နှစ်ပတ်အတွင်း ကျပ်နှစ်ရာခန့် ဈေးတက်လာခဲ့သည်။
ကြက်သားဈေးမှာ ဖေဖော် ၀ါရီလကုန်ပိုင်းမှစ၍ မူလဈေး ထက်တစ်ပိဿာလျှင် နှစ်ထောင် ခန့်တက်လာပြီး အမဲသားဈေးမှာ လည်း ကျပ်တစ်ထောင်ခန့်မှနှစ် ထောင်ခန့်နှင့် ငါးဈေးမှာ အနည်း ဆုံးငါးရာကျပ်မှ တစ်ထောင်ကျပ် ခန့်အထိတက်လာကြောင်း ဈေး ကွက်မှ သတင်းရရှိသည်။
လက်ရှိဆန်ဈေးသည် အိတ် အလိုက်ဈေးနှုန်းတက်လာပြီး ဈေး တက်ရခြင်းမှာ စားသုံးသူများဝယ် ယူ စုဆောင်းခြင်းကြောင့်ဟု ဘုရင့် နောင်ကုန်စည်ဒိုင်မှ ဦးဝင်းကျော် ငြိမ်းကဆိုသည်။ အဓိကဈေး တက် သည့်ကုန်ပစ္စည်းမှာ ဆန်ဖြစ် ပြီးငွေကြေးပြည်စုံသူများက ၀ယ် ယူစုဆောင်းနေပြီး ပွဲရုံများကလည်း ထုတ်ရောင်းခြင်း မပြု ကြောင်း ၎င်းကပြောသည်။
မြောက်ဥက္ကလာပမြို့နယ်ရှိ သစ္စာမဏ္ဍိုင် ဆန်၊ ဆီရောင်းဝယ် ရေးမှ ဒေါ်မြင့်ခင်ဦးက ‘‘ဆန်က အ၀ယ် လိုက်လာတယ်။ အိတ် လိုက်ကလည်း ဒီမြို့နယ်ထဲမှာပဲလက်လီရောင်းတာတောင် အိတ် နှစ်ဆယ်လောက်ရောင်းရတယ်။ တချို့ကလည်း နေ့တိုင်း တစ် နေ့တစ်ပြည်ဝယ်စုတာမျိုးရှိတာ ပေါ့နော်။ ဆီဈေးကလည်း တစ်ထောင်နီးပါးလောက်တက်သွား တယ်’’ဟု ပြောသည်။
ကျောင်းသားဆန္ဒပြပွဲများစ တင်ချိန်ကစပြီးဆန်များပိုမိုဝယ် ယူထားရာမှ လောက်ကိုင်တိုက်ပွဲ များကြောင့် စိုးရိမ်မှုပိုမြင့်တက် လာပြီး ဆန်အိတ်များပိုမိုဝယ်ယူ ထားကြောင်း တောင်ဥက္ကလာပ မြို့နယ်(၁၃)ရပ်ကွက်မှ အိမ်ရှင်မ ဒေါ်သန်းဝင်းကပြောသည်။
‘‘အန်တီတို့က ဒီလိုပြဿနာ တွေကြုံဖူးတော့ ခံရမှာကြောက် တယ်။ ဘာပဲဖြစ်ဖြစ်တခြားစားစ ရာရှိတာထက် ဆန်ပိုရှိတော့စိုးရိမ် စရာမရှိဘူး’’ဟု ၎င်းကဆိုသည်။
စားသုံးဆီဈေးမှာလည်း ပုံ မှန်တက်နေပြီး ဆီဆိုင်များတွင် ပိဿာချိန်လိုက် ခြင်တွယ်ရောင်း ချသော ဆီဘူးများ ၏ ရောင်းအား သိသာစွာ တက်လာသည်ဟု ဗဟန်းဈေးရှိ ဆီ လက်လီလက် ကား ဖြန့်ဖြူးသူ ဦးထွန်းကျော် အောင်ကပြောသည်။
‘‘အမေထွားတို့၊ ရန်ကုန်ပဲဆီ တို့ကျတော့ ဈေးလည်းသိပ်မက စားဘူး။ အထားလည်းခံတယ်။ အဲဒါတွေက အရောင်းလိုက်လာ တယ်’’ဟု ၎င်းကဆိုသည်။
အသားဈေးနှုန်းမှာလည်း တက်လာပြီး ကြက်သားဈေးမှာ မူလက တစ်ပိဿာလျှင် ကျပ်ငါးထောင်မှ ခြောက်
ထောင်၊ ခုနစ် ထောင်ထိ ဈေးတက်လာသည်ဟု ကျောက်တံတားမြို့နယ်မှ အိမ် ရှင်မ မခိုင်ခိုင်မာက ပြောကြားသည်။
‘‘ကြက်သားက မုံရွာမှာ ကြက်ငှက်တုပ်ကွေးဖြစ်လို့ဆိုပြီး ဈေးတက်တယ်။ ကျန်တာတွေက တော့ ဘာမှန်းမသိဈေးတက်ကြ တယ်။ ကိစ္စတစ်ခုဖြစ်လာရင်ဈေး တက်ဖို့ပဲ စဉ်းစားနေကြတယ်’’ဟု ၎င်းကဆိုသည်။
‘‘အမဲသားဆို တစ်ပိဿာ တစ်သောင်းတစ်ထောင်ကျော် သွားပြီ။ တရိပ်ရိပ်တက်နေတာဆို ပေမယ့် ရောင်းရ ၀ယ်ရတာနည်း နည်းတော့ သိသာလာပါတယ်’’ ဟု မြောက်ဥက္ကလာပ မြို့နယ် သိဒ္ဓိမင်္ဂလာဈေးမှ ဒေါ်ချိုချို ကဆိုသည်။
‘‘ဂိုဒေါင်တွေ၊ ကုန်သည် တွေမှာ အိတ်အရေအတွက်များ များဝယ်မှ ဆန်ဈေးတက်တာ၊ မတက်တာ ခန့်မှန်းနိုင်မယ်။ လက်လီ တစ်အိတ်ချင်းဝယ်ရင် ချက် ချင်း ဈေးတက်သွားတာ မဟုတ် ဘူး။ လေး ရာလောက်ပဲ ကွာနိုင် တယ်။ ဆန်ဈေးတက်တယ်ဆိုတာ ကလည်း အရည်အသွေးနိမ့်တဲ့ ဆန်ကို ပုံမှန်နှုန်းနဲ့ ရောင်းလိုက် တာ။ ဥပမာ လက်ရှိ ၁,၅၀၀ ဆန် က ဈေးတက်သွားရင် ၁,၃၀၀ ဆန်ကို အစားထိုးရောင်း လိုက်တာ။ အရည်အသွေးနိမ့် ဆန်ကွဲ တွေ၊ ဖွဲတွေ ပါလာတတ်တယ်’’ ဟု ကောင်းသစ်ဆန်း ဆန်ဆိုင်မှ ဆန်ကုန်သည် ကိုထွန်းဇော်က ပြောသည်။
ယခုကဲ့သို့ ကုန်ဈေးနှုန်း တက်ရခြင်းကိုဖြေရှင်းရန် ငွေကြေးသုံးနိုင်သည့် ကွာခြားချက်ပမာဏကို လျော့ နည်းအောင် လုပ်နိုင်လျှင် ပြဿနာပြေလည်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆင်းရဲချမ်းသာ ပမာဏ ကွာခြားခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ရခြင်းဖြစ်ကြောင်း စီးပွားရေး တက္ကသိုလ် ပါမောက္ခဟောင်း ဒေါ်ရီရီမြင့် က ပြောသည်။
‘‘စားသုံးသူတွေ လှောင်ရုံနဲ့ ဈေးတက်တယ်ဆိုရင် အရေးကြီး တာက ထုတ်ကုန်တွေ အဓိက ထုတ်ပေးနေ ရင် လိုအပ်တာပြည့် မယ်။ ၀ယ်လိုအားထက်ရောင်းလို အား ပြည့်နေရင် ကုန်ဈေးနှုန်းက ကျသွားမယ်။ အခု ဆန်ကပြည် တွင်းစားသုံးဖို့ ပိုလို့တောင်နိုင်ငံ ခြားကို ထုတ်ရောင်းနေရတယ်။ ဒါကိုမှ လှောင်ထားပြီးဈေး ကစား မယ်ဆို နစ်နာဖို့ပဲရှိတယ်’’ ဟု သမ္မတ စီးပွားရေးအကြံပေး ဦးတင်ထွဋ်ဦးက ပြောသည်။
အခြေခံ စားသောက်ကုန် များဈေးတက်သည်မှာ ယခုလတ် တလောဖြစ်နေသည့်ကိစ္စတစ်ခု တည်းဟူ၍ ကောက်ချက်မချနိုင် ကြောင်း၊ လစာတိုးမည့် အကြောင်းရင်းများလည်း ပါဝင်နိုင်ကြောင်း သမ္မတစီးပွားရေး အကြံပေးဦးတင်ထွဋ်ဦးက ပြောကြားသည်။
နိုင်ငံအတွင်း ဆန်ဈေးတက် လာရခြင်းမှာ တရုတ်ပြည်နယ်စပ် မှတစ်ဆင့် နွေစပါး အ၀ယ်လိုက် ခြင်းနှင့် လတ်တလောဖြစ်ပွားနေ သော ကျောင်းသား၊ အလုပ်သ များအရေးကိစ္စများကြောင့် ပြည် တွင်း စားသုံး သူများ ၀ယ်ယူစု ဆောင်းနေခြင်းကြောင့်ဖြစ်သည် ဟု မြန်မာနိုင်ငံဆန်စပါးကုန်သည် များအသင်း ဥက္ကဋ္ဌဦးအောင်သန်း ဦးက ပြောသည်။ ပြည်တွင်းစား သုံးသူများသည် ယခင်ကထက် နှစ်ဆခန့် ၀ယ်ယူ စုဆောင်းထား ကြကြောင်းနှင့် လွန်ခဲ့သည့်ရက် သတ္တပတ်မှ စတင်ဈေးတက်လာ ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
‘‘ဆန်ဈေးက တည်ငြိမ်ဖို့နှစ် ချက်ရှိတယ်။ ပေါ်ဆန်းဈေးကပြည် တွင်းနဲ့ဆိုင်တယ်။ ဧည့်မထက တရုတ် ၀ယ်တာနဲ့ဆိုင်တယ်။ ဆန် ဈေးဘယ်လိုဖြစ်မယ်ဆိုတာ ဒီအ ပေါ်မှာပဲ ဆုံးဖြတ်ရမယ်’’ဟု ၎င်း ကဆိုသည်။

ထွန်းထွန်းမင်း၊ ဟိန်းသာ - 7day

မှတ်ချက်များ