အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့ တိုက်ပွဲဝင်ခဲ့ကြတဲ့ သပိတ်မှောက်ကျောင်းသားတွေကို လူမဆန်တဲ့ အကြမ်းဖက်မှုတွေ ကျုးလွန်ခဲ့ကြတဲ့ မြန်မာအာဏာပိုင်တွေရဲ့လုပ်ရပ်ကို အပြင်းအထန်ရှုတ်ချတယ်လို့ အဆိုတော် လင်းလင်း၊ အရိုး၊ အနဂ္ဂနဲ့ မွန်းအောင်တို့က ပြောပါတယ်။ လက်ရှိအစိုးရဟာ ဒေဝဒတ်နဲ့ ဂဠုန်ဦးစောတို့စပ်ပြီးပေါက်ဖွားလာတဲ့ သူတွေလို့ ဘယ်သူပြောလဲ။
အကြမ်းဖက်ခံခဲ့ရပြီး ဖမ်းဆီးခံထားရတဲ့ ရဟန်းရှင်လူနဲ့ ကျောင်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ သန်း၅ဝကျော်တဲ့ မြန်မာပြည်သူတွေက ဘယ်ဘဝက အတိတ်ဝဋ်ကြွေးတွေကြောင့် အာဏာပိုင်တွေ ရဲ့အကြမ်းဖက်မှုကို ခံနေရတာလဲလို့ တွေးမိတဲ့ အဆိုတော်လင်းလင်းက အကြမ်းဖက်မှုမှန်သမျှကို ရှုတ်ချတယ်လို့ ပြောပါတယ်။
လူကိုလူလိုမဆက်ဆံတဲ့တိုင်းပြည်မှာ မင်္ဂလာပါဆိုတဲ့စကား ပြောထွက်စရာမရှိအောင် ကျောင်းသားပြည် သူတွေရင်ထဲ နာကျင်ခံစားမှုတွေ ပြည့်နေသလို သူတို့အနုပညာရှင်တွေကလည်း ပြည်သူနဲ့တစ်သား တည်းဖြစ်တာကြောင့် အကြမ်းဖက်မှုကို ရှုတ်ချတယ်လို့ ဆိုလာသူက အရိုးပါ။ တိုင်းပြည်ရဲ့ရတနာဖြစ်တဲ့၊ အနာဂတ်ကိုဖန်တီးမယ့် ကျောင်းသားလူငယ်တွေကို အကြမ်းဖက်နှိပ်စက်ခဲ့တာကြောင့် နောင်ဒီလိုဆက် လုပ်နေမယ်ဆိုရင် ဘယ်သူမှလက်ပိုက်ကြည့်မနေဘူးလို့ ဆိုပါတယ်။ မိဘပြည်သူများခင်ဗျားဆိုတဲ့စကား မသုံးဖို့ သူကမေတ္တာရပ်ခံခဲ့ပါတယ်။
မြန်မာပြည်ကို အလည်အပတ်ရောက်နေတဲ့ အဆိုတော်မွန်းအောင်က သတင်းမီဒီယာတွေရှေ့မှာတောင် ကျောင်းသားနဲ့ပြည်သူကို ရိုက်ရဲနေရင် သံတိုင်တွေနောက်ကွယ်မှာ ဘယ်လောက်တောင် နှိပ်စက်နေမ လဲဆိုတာ စိုးရိမ်တယ်လို့ ဆိုပါတယ်။ ဘယ်အာဏာရှင်ကမှ လူထုအတွက် ဖြေလျော့ပေးတာမရှိတာမို့ ရဲရဲဝင့်ဝင့် ဆက်ပြီးတိုက်ပွဲဝင်ကြပါလို့ ပြောပါတယ်။
တိုင်းပြည်က မိဘပြည်သူတွေရဲ့ရင်သွေးတွေကို ခွေးရိုက်နွားရိုက်တဲ့လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချတယ် ဆိုတဲ့ အဆိုတော် အနဂ္ဂက ဘယ်သူကမှ အလကားနေရင်း အပင်ပန်းခံလမ်းပေါ်ထွက် ဆန္ဒပြတာမလုပ် ပါဘူးလို့ ဆိုပါတယ်။ လူမဆန်တဲ့လုပ်ရပ်တွေကို လက်ရှိအစိုးရက ကျုးလွန်းခဲ့တာမို့ ကျောင်းသားတွေကို ပြေလည်မှုရတဲ့အထိ ဖြေရှင်းပေးဖို့ လိုပြီး ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းကို လိုလားတယ်လို့ ပြောပါတယ်။
kamayutmedia

မှတ်ချက်များ