ပဋိပက္ခလျှော့ချရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ သဘောတူ


ဒီကနေ့ ရန်ကုန်မှာ ကျင်းပတဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တနိုင်ငံလုံး အပစ် ခတ်ရပ်လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးပွဲ ပထမနေ့မှာ နှစ်ဘက်စလုံး ပဋိပက္ခတွေ လျှော့ချဖို့ သဘော တူညီမှုရှိခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ် ငန်းကော်မတီ UPWC နဲ့ နိုင်ဟံသာ ခေါင်းဆောင်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCTတို့ ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဒီကနေ့ဆွေးနွေးပွဲ ပထမရက် ရလဒ်တွေနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အ ကြံပေး ဦးလှမောင်ရွှေက ‘ဆွေးနွေးချိန် ၂ နာရီအတွင်းမှာ ပဋိပက္ခလျှော့ချရေး ဆိုတဲ့ ခေါင်းစဉ်ကို ပြီးပြတ်အောင် ဆွေးနွေးခဲ့တယ်။ ပဋိပက္ခလျှော့ချရေးဆိုတာမှာ လိုင်ဇာသင်တန်းကျောင်းကိစ္စ၊ ကိုးကန့်ကိစ္စ အဲလိုမျိုး အသေးစိပ် နေရာဒေသ တစ်ခုနှစ်ခုပေါ်မှာ မဆွေးနွေးဘဲနဲ့ တနိုင်ငံလုံးလွှမ်းခြုံပြီးမှ ပဋိပက္ခကို ဘယ်လိုလျှော့ချမလဲဆိုတဲ့ ချည်းကပ်မှုနဲ့ဘဲ ဆွေးနွေးပါတယ်။ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်း သားဘက်က ဖြစ်စဉ်တွေကို အစီရင်ခံစာရေးပြီး ယူပီဒဗလျူစီကို တင်ဖို့ဖြစ်ပါတယ်။ အန်စီစီတီဟာ သူတို့ စိတ်ခံစားမှုကို ဘေးဖယ်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားတာ တွေ့ရပါတယ်’လို့ ပြောပါတယ်။

ပထမနေ့ ဆွေးနွေးမယ့် ခေါင်းစဉ်တွေထဲမှာ ပဋိပက္ခလျော့ချရေး၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းနဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေအပြင် တနိုင်ငံလုံးအပစ်ရပ်စာချုပ် အန်စီအေမှာ ကျန်ရှိနေတဲ့ အချက် ၈ ချက်ကို ဆွေးနွေးသွားဖို့ ပါရှိတာဖြစ်ပါတယ်။

ဆွေးနွေနွးပွဲအစမှာတော့ အန်စီစီတီအဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ‘‘ကျနော်တို့ အန်စီစီတီအဖွဲ့ဟာ တနိုင် ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်းကို မိမိတို့ အတွင်းမှာ အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေး ပြီး ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ အကယ်၍ ဒီပွဲမှာ အစိုးရနဲ့ အပေးအယူတည့်ရင် အပြီးသတ် သဘော တူညီချက် ရယူရန် အဆင်သင့်ရှိ ပါတယ်” လို့ပြောပါတယ်။

ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေဆွေးနွေးဖို့ အစိုးရဘက်က အဆင့်မြင့် အရာရှိ ၄ ဦးအထိ ပါဝင် တက်ရောက်ခဲ့တာပါ။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက “လုံးဝ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသွားဖို့ဆိုတာကတော့ ကျနော်တို့ ဒီနေ့လက် မှတ်ထိုးရမယ့် အန်စီအေမှာပါဝင်မယ့် အချက်အလက်တွေအားလုံးကို လက်ခံသဘောတူညီမယ်ဆို လို့ ရှိရင် ကျနော်တို့ မျှော်မှန်းတဲ့အတိုင်း ထာဝရငြိမ်းချမ်းရေးကို မလွဲမသွေ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မိ့လို့ ဒီနေ့ ဆွေးနွေးပွဲမှာ တက်ရောက်လာကြတဲ့ တိုင်းရင်းသားအဖွဲ့ အစည်းတွေကို လည်းပဲ ကျနော့်အနေနဲ့ တိုက်တွန်းလိုတာက တဦးနဲ့ တဦးနဲ့ စိတ်ရှည်သီးခံပြီးတော့ ကျနော်တို့ ဒီကနေ့ ဆွေးနွေးပွဲကနေ ရရှိလာတဲ့ အကျိုးအမြတ်ဟာ တိုင်းရင်းသားပြည်သူထူထု တရပ်လုံး မျှော်မှန်းထားတဲ့အတိုင်း ငြိမ်းချမ်းရေးကို ဦးတည် ပြီး ဆောင်ရွက်သွားကြပါစို့’လို့ ဆွေးနွေးပွဲမှာတိုက်တွန်းသွားပါတယ်။

ဒီကနေ့ဆွေးနွေးပွဲမှာ လေ့လာသူအဖြစ် တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင် ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နဲ့ ရှမ်းပြည်တပ်မတော်က ကိုယ်စားလှယ်တွေအပြင် ကုလသမဂ္ဂ အထူးသံတမန် ဗီဂျေးနမ်ဘီးယားနဲ့ တရုတ်သံတမန်တွေ တက်ရောက်ခဲ့ကြတာပါ။

ဆွေးနွေးပွဲကို မနက်ဖြန် ရန်ကုန်မှာ ဆက်လက်ကျင်းပဖို့ ရှိနေပါတယ်။

နန်းမြနဒီ - DVB

မှတ်ချက်များ