တရုတ် လယ်သမား သားအဖနှစ်ဦး ဖန်တီးသည့် Transformers ပုံစံတူ စက်ရုပ်များ


တရုတ်နိုင်ငံမှ သားအဖ နှစ်ဦးသည် မော်တော်ကား အစိတ်အပိုင်း အတိုအစများကို အသုံးပြုပြီး Transformers ဇာတ်ကားမှ စက်ရုပ်ကြီးများကို ပုံတူကူး တည်ဆောက်ပြမှုကြောင့် အင်တာနက်တွင် ရေပန်းစားလာခဲ့သည်။

မျိုးရိုးစဉ်ဆက် လယ်သမား တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည့် ယူရှီလင်သည် သားဖြစ်သူ ယူလင်ယွန်နည်းတူ Transformers ဇာတ်ကားမှ Optimus Prime၊ Bumblebee အစရှိသော စက်ရုပ်ကြီးများကို နှစ်သက်သူ ဖြစ်သည်။ ၎င်းတို့ သားအဖသည် Transformers စက်ရုပ်များ တည်ဆောက်ပုံ ဒီဇိုင်းလမ်းညွှန်ကို အင်တာ နက်မှ Download ပြုလုပ် ရယူပြီး နေအိမ်တွင် လက်တွေ့ တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ အဆိုပါ သားအဖသည် မိမိတို့ နေအိမ်ရှိ အလုပ်ရုံလေးတွင် တည်ဆောက်ထားသည့် စက်ရုပ်ပုံ တူ အချို့ကို ယွမ်ငွေ (၁)သန်း၊ တစ်နည်းအားဖြင့် ဒေါ်လာ (၁၆၀၀၀၀) ဝန်းကျင်မျှဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

Transformers ဇာတ်ကားများကို တရုတ်နိုင်ငံတွင် နှစ်သက်စွာ အားပေးနေကြသည့်နောက် သံတိုသံစများ အသုံးပြုပြီး ယင်းစက်ရုပ်များကို လက်တွေ့ တည်ဆောက်ခြင်းဖြင့် တန်ဖိုးမြင့်မြင့်မားမားဖြင့် ပြန်ရောင်းနိုင်
လောက်သည်ကို ရှီလင်အနေဖြင့် (၂၀၀၇)ခုနှစ်တွင် စတင် သတိပြုမိခဲ့သည်။ ထို့ကြောင့်လည်း သားဖြစ်သူနှင့်အတူ Transformers ပုံစံတူ စက်ရုပ်များကို တည်ဆောက်ခဲ့ကြသည်။ စက်ရုပ်များ တည်ဆောက်ရန် ကုန်ကြမ်းကို မော်တော်ကား အဟောင်းအပျက်များထံမှ စုဆောင်းယူခဲ့ကြခြင်း ဖြစ်သည်။

Transformers နောက်ဆုံးရုပ်ရှင် Age of Extinctionတွင် တရုတ်နိုင်ငံထုတ် မော်တော်ကား အမှတ်တံ ဆိပ် အချို့ကို ထည့်သွင်း ရိုက်ကူးခဲ့သလို ဟောင်ကောင်တွင် ဇာတ်ဝင်ခန်း ထည့်သွင်းမှုများ ပြုလုပ် ခဲ့ခြင်းကြောင့် တရုတ်ပရိသတ်များကို ပိုမို ဆွဲဆောင်လာနိုင်ခဲ့သည်။ အဆိုပါ အနေအထားက ရှီလင်တို့ သားအဖအတွက် သွယ်ဝိုက်၍ အထောက်အကူ ဖြစ်စေခဲ့သည်။

ပြီးခဲ့သည့် နှစ်အတွင်းကလည်း ရှန်ဒေါင်းရှိ ကျေးရွာငယ်လေး ရှောင်ရီမှ လယ်သမား အဖွဲ့တစ်ခုသည် Transformers ပုံစံတူ စက်ရုပ်များကို တည်ဆောက်ပြီး ဈေးဝယ်စင်တာများရှေ့တွင် အလှဆင် ရုပ်တုအဖြစ် ထားရှိရန် ရောင်းချရာမှ ဒေါ်လာ (၁၆၀၀၀)ဖိုးမျှ ဝင်ငွေရှိခဲ့သည်။

7day

မှတ်ချက်များ