မြန်မာပြည်က ရော်ဘင်ဟု(သို့) တောပုန်းကြီး ဗိုလ်စံဖဲ

မြန်မာနိုင်ငံကို နယ်ချဲ့တို့သိမ်းပိုက်စဉ် ဆုငွေထုတ်ခံရသူ ၃ ဦး ရှိခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း၊ဆရာစံ နဲ့ ဗိုလ်စံဖဲ တို့ဖြစ်ပါတယ်။
ပထမဆုံး ဆုငွေထုတ်ခံရတာတော့ ဗိုလ်စံဖဲပါ။ မြန်မာပြည်သူတွေက ဗိုလ်စံဖဲကို ချစ်စနိုးနဲ့ မြန်မာနိုင်ငံရဲ့ ရော်ဘင်ဟုလို့ခေါ်ကြပါတယ်။ ဒီလိုခေါ်တာကလည်း အကြောင်းရှိပါတယ်။
ဗိုလ်စံဖဲဟာတောပုန်းကြီးဖြစ်ပေမယ့် လူဆိုးတစ်ယောက်မဟုတ်ပါ။
ထို့အပြင်ဘာသာတရားကို အလေးအမြတ်ထားသူ၊ ဆင်းရဲသားတို့အားသနားညှာတာသူ ၊ စိတ်ကောင်းရှိသူ လည်းဖြစ်ပါတယ်။
နယ်ချဲ့တို့အားလည်း ရဲဝံ့စွာပုံကန်သူ၊ဒုက္ခပေးလွန်းသူ ဖြစ်တာကြောင့် နယ်ချဲ့အစိုးရက အမုန်းကြီးမုန်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
တကယ်တော့ စံဖဲ တောပုန်းဖြစ်ရတာဟာ ဖြစ်ချင်လွန်းလို့ ဖြစ်ရတာမဟုတ်ပါ။ အခြေအနေက တွန်းပို့လိုက်လွန်းလို့သာမဖြစ်ချင်ပဲဖြစ်လာရသူပါ။
သာစည်နယ် ဂုံညင်းနွယ်ဘွဲ့ခြားရွာသားဖြစ်သူစံဖဲဟာ သာစည်သားရေကုမ္ပဏီပိုင်ရှင် ဂျာမန်လူမျိုး မစ္စတာတရစ်ရဲ့ မွေးစားကျောင်းထားခြင်းကို ခံခဲ့ရပေမယ့် ၄တန်း အထိသာနေခဲ့ရပါတယ်။
မစ္စတာတရစ်ဟာသူအမဲလိုက်ရင် စံဖဲကိုခေါ်သွားလေ့ရှိတာကြောင့် မကြာမီမှာပဲစံဖဲဟာ သေနတ်ပစ်ကျွမ်းကျင်လာခဲ့ပါတယ်။
အဲံဒီနောက် စံဖဲဟာ ရွာပြန်ပြီး မဲတောရွာသူ မသိန်းရင်နဲ့လက်ထပ်ခဲ့ပါတယ်။
ဒီအချိန်အထိ စံဖဲရဲ့ဘ၀ဟာ အေးအေးချမ်းချမ်းပဲ ရှိပါတယ်။
ဖြစ်ချင်တော့ မသိန်းရင်က မဲတောရွာကွမ်းတောင်ကိုင်ဖြစ်ပြီး မဲတောရွာသူကြီးသား ငပုရဲ့တစ်ဖက်သက် ကြိုက်ခြင်းကိုခံနေရသူဖြစ်ပါတယ်။
ဒီတော့ ငပုက စံဖဲကိုမကျေနပ်ဘူးပေါ့ဗျာ။ ကံဆိုးချင်တော့ သာစည်မှာဓားပြမှုဖြစ်ပြီး သိမ်ဆည်းခံရတဲ့ သေနတ်ကမစ္စတာ တရစ်အိမ်က သေနတ်ဖြစ်နေတယ်။ ပုလိပ်နဲ့ပိုင်တဲ့ ငပုဟာ ပုလိပ်ကိုပေါင်းပြီး ဒီဓားပြမှုကို စံဖဲလုပ်ပါတယ်(စံဖဲမလုပ်ပေမယ့်)ဆိုပြီး စံဖဲကိုအကောက်ကြံပါတယ်။ (မသိရင် ဇာတ်လမ်းလိုပါပဲ)။ ဒါနဲ့ စံဖဲအဖမ်းခံရ၊ထောင် ၆ လ ကျ။ ငပုက မသိန်းရင်မိဘတွေကို နှိပ်စက်ပြီး မသိန်းရင်ကို သိမ်းပိုက်လိုက်ပါတယ်။

ဒါတင်မကသေးပါဘူး။ စံဖဲလွတ်လာရင် ကြောက်တဲ့အတွက်စံဖဲကိုအက်တူးစာရင်းဝင်လူဆိုး(လူဆိုးအကြီးစားလို့ထင်ပါတယ်)အဖြစ် ပုလိပ်ကို လာဘ်ပေးပြီး ဖန်တီးခဲ့ပါတယ်။ ၃ ကြိမ် ၃ခါခံခဲ့
ရတော့ ငပုကို စံဖဲ စိတ်အနာကြီးနာပြီပေါ့ဗျာ။

ထောင်မှလွတ်တဲ့ စံဖဲကို ရာဇ၀တ်အုပ်က ဖမ်းဆီးစစ်ဆေးစဉ်မှာရာဇ၀တ်အုပ် အတွက်ချထားတဲ့ မြေပဲနဲ့ရေနွေးရှိပါတယ်။ စံဖဲကဆာဆာနဲ့ ကောက်စားလိုက်တာပေါ့။ ဒါကို ရာဇ၀တ်အုပ်က"ဟေ့ကောင်၊ဒါလူစားဖို့ချထားတာ မင်းလိုတရားခံဖို့မဟုတ်ဘူး"လို့ငေါက်လိုက်တော့ စံဖဲဒေါသမထိန်းနိုင်ပဲ လက်ထိပ်ခက်လျက်နဲ့ အနီးမှာရှိတဲ့ဓားနဲ့ရာဇ၀တ်အုပ်ကော အစောင့်ပုလိပ်ကိုပါခုတ်ပြီး ထွက်ပြေးသွားပါတော့တယ်။ ဒါနဲ့ စံဖဲဟာ တောပုန်းဝရမ်းပြေးဖြစ်သွားတာပေါ့။

တောပုန်းဖြစ်ပြီးနောက် စံဖဲဟာ လူသူစုဆောင်းပြီး နယ်ချဲ့အလိုတော်ရိ လက်ပါးစေတို့ကို ဒုက္ခအမျိုးမျိုးပေးပါတော့တယ်။ စံဖဲဟာဆင်းရဲသား လူကောင်းတွေကိုတော့ တစ်ရံတစ်ခါမှ ဒုက္ခပေးဖူးခြင်းမရှိခဲ့ပါ။ သူဒုက္ခပေးတဲ့ လူတွေကတော့ အင်္ဂလိပ်အစိုးရ၊ဆင်းရဲသားတွေကိုနှိပ်စက်တဲ့ အရင်းရှင်တွေ၊အလိုတော်ရိ နဲ့သတင်းပေးများသာဖြစ်ပါတယ်။

တစ်ခါက အစိုးရသတင်းပေးမှုနဲ့ ညောင်တိုရွာသူကြီးအိမ်ကိုစံဖဲတို့အဖွဲ့ ၀ိုင်းပါတယ်။ သူကြီးကတော့ လွတ်မြောက်သွားပါတယ်။ဒါနဲ့ သူကြီးအိမ်ကိုမီးရှို့ဖို့လုပ်ပါတယ်။ မီးမရှို့ခင်မှာ ဘုရားကျောင်းဆောင်မှ ဘုရားပုံတော်များ၊ဆင်းတုတော်များကို မီးလွတ်ရာသို့ရွေ့ပါတယ်။ ဒါဟာ ဘာသာတရားပေါ်မှာထားတဲ့ စံဖဲရဲ့စိတ်ထားကိုပြတာပါ။ ဆင်းရဲသားတို့နှင့် တွေ့လျင် ဥစ္စာပစ္စည်းများကို ဝေငှလေ့
ရှိပါတယ်။

ဈေးပြန် ဈေးသွား အဖော်ကွဲ ဒုက္ခရောက်နေသူများကိလည်း လိုက်လံပို့ဆောင်ပေးလေ့ရှိပါတယ်။ နိုင်ငံခြားသားများ ကိုယ်တိုင်က စံဖဲကို အင်္ဂလန်မှ တောပုန်းကြီး ရော်ဘင်ဟုနဲ့တူတယ်လို့ချီးကျူးပြောဆိုကြပါတယ်။ အင်္ဂလိပ်အစိုးရက အမုန်းကြီးမုန်းသလောက်ပြည်သူတွေကတော့ စံဖဲကို အချစ်ကြီးချစ်ကြပါတယ်။ ဗန္ဓုလဦးစိန်၊ဆရာကျင်ခဲ(ရွှေတိုင်ညွှန့်ဖခင်)၊ ပုသိမ်ဦးဘသော်၊ နန်းတော်ရှေ့ဆရာတင်၊ ဆာဂျေအေမောင်ကြီး၊ သခင်ကိုယ်တော်မှိုင်းတို့ကလည်း စံဖဲကို
သူတို့ရဲ့ ကဗျာ၊ သီချင်း နဲ့ စာတွေမှာ ထည့်သွင်းပြီး တလေးတစားချီးကျူးကြပါတယ်။

စံဖဲဟာ သူ့ကိုဒီဘ၀ရောက်အောင်လုပ်တဲ့ မယားခိုး ငပုကိုသတ်ဖို့ရှာပါတယ်။ ငပုလဲအကြောက်လွန်ပြီး ပုန်းနေပါတော့တယ်။ ငပုကို မသတ်ရတဲ့စံဖဲဟာ ငပုအစ်မကိုသတ်ခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရက စံဖဲကိုဆုငွေ ၅၀၀၀ ထုတ်ထားသော်လည်း စံဖဲအားမည်သူမှ ဖမ်းမပေးဝံ(သို့)ဖမ်းမပေးချင် ကြပါချေ။ သတ္တိခဲစံဖဲကလည်း ဤဆုတော်ငွေထုတ်သည်ကိုတုန့်ပြန်တဲ့အနေနဲ့ မယားခိုးငပု နဲ့ သာစည်နယ်ပိုင်ဝန်ထောက် တို့ကိုသတ်ရန်မိမိအား ကူညီသူကို ဆုတော်ငွ ၁၀၀၀ ပေးမယ်လို့ ၁၀တန်ငွေစက္ကူပေါ်မှာ ရေးပြီး သာစည်မြို့ပိုင်ရုံးမှာရဲရဲဝံ့ဝံ့လာကပ်သွားပါတယ်။

အင်္ဂလိပ်တို့က ဗိုလ်စံဖဲကိုဖမ်းဖို့ နည်းအမျိုးမျိုးနဲ့ကြံခဲ့ကြပေမယ့် စံဖဲကချည်းပဲဒုက္ခပြန်ပြန်ပေးသွားပါတယ်။ ဆုငွေလိုချင်လို့ စံဖဲကိုလာဖမ်းသူတိုင်းကလည်း ဆုငွေမရပဲ အသက်တွေပဲ ပြန်ပေးခဲ့ရပါတယ်။ ဗိုလ်စံဖဲ
ဟာ ဤကဲ့သို့ စစ်ပုလိပ်များ၊ စုံထောက်များ ၀န်းရံချထားသည့်ကြားမှရုပ်အမျိုးမျိုးပြောင်း၍ သာစည်မြို့ပေါ်တက်၍ ဆံပင်ညှပ်ခြင်း၊ လက်ဖက်ရည်သောက်ခြင်း၊ ညောင်ရမ်းဈေးသွားခြင်း၊ ရွှေဂူကြီးဘုရားပွဲလာခြင်းစသည်ဖြင့် ၀င်ရောက်သွားလာကာ ပုလိပ်များအား လက်တစ်လုံးခြားလှည့်စားသွားလေ့ရှိပါတယ်။

သတ္တိရှိလှတဲ့ စံဖဲဟာ သူလာမည့်နေရာကို အင်္ဂလိပ်တို့အား သတင်းပေးပြီးလာလေ့ရှိပါတယ်။ အင်္ဂလိပ်တို့ ဘယ်လောက်လုံခြုံရေးချထားထားစံဖဲဟာ မရမကလာရောက်လေ့ရှိပါတယ်။ စံဖဲရောက်လာ ပြန်ထွက်ပြီး အဝေးရောက်သေနတ်ဖောက်တော့မှ စံဖဲလာသွားကြောင်း အင်္ဂလိပ်တို့သိကြပါတယ်။ သူတို့ကို မခန့်လေးစား စနောက်ပြီး ဒုက္ခမျိုးစုံပေးတဲ့စံဖဲကို နယ်ချဲ့တို့ အသည်းပေါက်မတတ်မုန်းပြီပေါ့ဗျာ။ နောက်ဆုံးမခံနိုင်တဲ့အဆုံး စံဖဲရှိမယ့်နေရာကို တပ်ဖွဲ့လိုက် တောနင်းပြီး ပိုက်စိပ်တိုက်ရှာပါတော့တယ်။ ဒါပေမယ့် စံဖဲကို မမိခဲ့ပါဘူး။

အင်္ဂလိပ်တို့ဟာ ကြံရာမရတော့တဲ့အဆုံး ကြွက်မနိုင်ကျီမီးနဲ့ရှို့ပါတော့တယ်။ စံဖဲရှိရာ ပတ်ဝန်းကျင်က ရွာတွေကိုနှိပ်စက်ခြင်း၊ သူတို့အားဟင်းပို့စေခြင်း၊ ကူလီလိုက်ခိုင်းခြင်း၊ ဒဏ်ငွေရိုက်ခြင်းစသည်တို့ကို ပြုလုပ်တဲ့အတွက် ရွာသားများဟာ ပင်ပန်းမှုဒါဏ်ကို မခံနိုင်တော့ပါဘူး။ ၁၉၂၇ဩဂုတ် ၂၅ ရက် နေ့မှာ အင်္ဂလိပ်တို့စံဖဲရှိရာနေရာကို ပိုက်စိပ်တိုက်ရှာပေမယ့် မတွေ့ပဲနေရာ ငှက်ဖျားဖြစ်ပြီး သေနတ်ကိုခေါင်းအုံးကာ လဲနေတဲ့စံဖဲက ငါစံဖဲပဲ ငါ့ကိုဖမ်းကြတော့ဟု ပြောမှ စံဖဲကိုမိပါတော့တယ်။

ငှက်ဖျားကြောင့် အဖမ်းခံခဲ့ရတာပါ။ အစိုးရရဲ့ အစွမ်းကြောင့်မဟုတ်ပါ။နောက်ဆုံးမှာ တောပုန်းကြီးဗိုလ်စံအား ပစ်မှုထင်ရှားသည်ဆိုပြီး၁၉၂၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ နံနက် ၆း၃၀ နာရီတွင် မြင်းခြံထောင်မှာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ သေတဲ့ အချိန်မှာ စံဖဲရဲ့အသက်ဟာ ၂၂ နှစ် ပဲရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကိုလိုနီခေတ်က ပထမဆုံး ဆုငွေထုတ်ခဲ့ရသူ၊ မတရားမှုအားခေါင်းငုံမခံပဲသတ္တိရှိရှိ တော်လှန်သူ၊ ပြည်သူတို့အား ညှာတာသူ ဗိုလ်စံဖဲကားပြည်သူတို့ရဲ့ နှမြောတသခြင်းကိုခံခဲ့ရသူ၊ ပြည်သူတို့ရဲ့အချစ်တော်ဖြစ်ခဲ့ကြောင်း မသိသေးသူများသိစေဖို့ ရှာဖွေတင်ပြလိုက်ရပါတယ်။

Ayesay.com.mm

မှတ်ချက်များ