လိမ္မော်ရည် ၊ ဂရိတ်ဖရုတို့ကို ပုံမှန်စားသောက်ခြင်းဟာ အရေပြားကင်ဆာရောဂါ ဖြစ်စေနိုင်
မနက်စာအတွက် လိမ္မော်ဖျော်ရည် တစ်ခွက် (သို့) လတ်ဆတ်တဲ့ ဂရိတ်ဖရု တစ်လုံး ကို စားသုံးခြင်းဟာ အရေပြားကင်ဆာရောဂါ ဖြစ်နိုင်ချေကို ပိုများလာစေတယ်လို့ သုတေသီတွေက ဆိုလိုက်ပါတယ်။
ဆရာဝန်တွေက လိမ္မော်တို့ ၊ ရှောက်တို့ကဲ့သို့သော Citrus သစ်သီးတွေနဲ့ အရေပြားကင်ဆာရောဂါရဲ့ သေဆုံးမှုအများဆုံး အခြေအနေ melanoma တို့ကြားက ဆက်စပ်နေမှုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
HealthDay သတင်းဌာန ရဲ့ ဖော်ပြချက်အရတော့ တစ်နေ့ကို အနည်းဆုံး လိမ္မော်ဖျော်ရည်တစ်ခွက်ခန့် သောက်သုံးခြင်းဟာ အရေပြားကင်ဆာရောဂါ ဖြစ်ပွားနိုင်နှုန်းကို ၂၅ ရာခိုင်နှုန်းခန့်အထိ ပိုများလာစေတာကို သုတေသီတွေက တွေ့ရှိခဲ့ပါသတဲ့။
ဒါ့အပြင် တစ်ပတ်ကို ဂရိတ်ဖရု ၃ ကြိမ်စားသုံးသူတွေဟာ ဂရိတ်ဖရုလုံးဝမစားတဲ့သူတွေထက် အရေပြားကင်ဆာရောဂါ ဖြစ်နိုင်ချေ ၄၁ ရာခိုင်နှုန်းအထိ ပိုများနေတာကိုလည်း သုတေသီတွေကရှာဖွေတွေ့ရှိခဲ့ပြန်ပါတယ်။
ဒါပေမယ့်လည်း Citrus သစ်သီးတွေဟာ ဘာကြောင့်အရေပြားကင်ဆာဖြစ်နိုင်ရတာလဲဆိုတာကို သုတေသီတွေက သက်သေမပြနိုင်ခဲ့ပေမယ့် Citrus သစ်သီးတွေနဲ့ အရေပြားကင်ဆာရောဂါ တို့ကြားက ချိတ်ဆက်နေမှုကိုတော့ သုတေသီတွေက စူစမ်းလေ့လာဖော်ထုတ်ခဲ့ကြပါတယ်။
Rhode Island ဆေးရုံ က အရေပြားရောဂါ ဆရာဝန် တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Abrar Quershi က Citrus သစ်သီးတွေမှာပါဝင်တဲ့ ပေါင်းစပ်ပစ္စည်းတွေဟာ အရေပြားရောဂါရဲ့ သေဆုံးမှုအများဆုံး အခြေအနေတစ်ခုဖြစ်တဲ့ Melonoma ကို ဖြစ်စေနိုင်တာကို တွေ့ရှိခဲ့ပါတယ်။
Citrus သစ်သီးတွေမှာပါဝင်တဲ့ Psoralens နဲ့ Furocoumarins တို့လို ပေါင်းစပ်ပစ္စည်းတွေဟာ အရေပြားကို နေရောင်ခြည်ဒဏ်ကို မခံနိုင်အောင် ဖြစ်သွား စေတဲ့ "Photoactive" ဓါတုပစ္စည်းတွေသာ ဖြစ်ကြတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။
ဒေါက်တာ Quershi နဲ့ သူ့ရဲ့ အဖွဲ့ဟာ အမျိုးသမီး ၆၃၀၀၀ နဲ့ အမျိုးသား ၄၁၀၀၀ တိုကို နှစ်ရှည်လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ နေ့စဉ်စားသုံးတဲ့ အစားအစာ တွေ ၊ လူနေမှု ပုံစံတွေ ကို မေးမြန်းစစ်တမ်းကောက်ယူခဲ့တဲ့ အပြင် melanoma လိုရောဂါအခြေအနေတွေကိုလည်း ဆေးမှတ်တမ်းတွေအရ စစ်တမ်းကောက်ယူခဲ့ပါတယ်။
ဒါ့အပြင် ထို ပုဂ္ဂိုလ်တွေရဲ့ ဂရိတ်ဖရုတွေ ၊ လိမ္မော်သီးတွေ ၊ ဂရိတ်ဖရု ဖျော်ရည် ၊ လိမ္မော်ဖျော်ရည် တွေ ဘယ်လောက်ထိ သောက်သုံးလဲဆိုတာကိုပါလေ့လာခဲ့ပါတယ်။ လိမ္မော်သီးနဲ့ ဂရိတ်ဖရုတွေဟာ Citrus သစ်သီးတွေထဲမှာတော့ အခြား လီမွန် ၊ သံပုရာသီး တို့ထက်ပိုပြီး Citrus ပါဝင်မှု အများဆုံး ဖြစ်ပါတယ်။
နှစ် ၂၀ ခန့် လေ့လာကြည့်လိုက်တဲ့အခါမှာတော့ သုတေသီတွေဟာ melanoma အခြေအနေ ၁၈၄၀ ကို သတိထားမိသွားခဲ့ပါတယ်။ တစ်ပတ်ကို Citrus သစ်သီးတွေ ၂ ကြိမ် ကနေ ၄ ကြိမ် အထိစားသုံးသူတွေဟာ melanoma အခြေအနေ ဖြစ်နိုင်ချေ ၁၀ ရာခိုင်နှုန်းစီ များလာခဲ့ပါတယ်။ ဒါဟာ တစ်ပတ်ကို Citrus သစ်သီး ၂ ကြိမ် ပြည့်အောင် မစားသုံးသူတွေနဲ့ နှိုင်းယှဉ်မှု ရလဒ်တစ်ခုပဲ ဖြစ်ပါတယ်။
ဒါဟာ Citrus သစ်သီးတွေနဲ့ melanoma ရောဂါ အခြေအနေကြားက ဆက်စပ်နေမှုပဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ နှစ်စဉ် အရေပြားကင်ဆာ ရောဂါ ဖြစ်ပွားသူ ၁၃၂၀၀၀ ယောက်ထိရှိနေတယ်လို့ WHO ရဲ့ ထုတ်ပြန်ချက်အရလည်း သိရပါတယ်။
( Mario ) - သစ်ထူးလွင်
Ref : Dailymail

မှတ်ချက်များ