![]() |
| ရိုးမဥက္ကဋ္ဌဦးသိမ်းဝေနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်အချို့အား ဇူလိုင် ၇ ရက်ကပြုလုပ်သည့် KFC ဆိုင်ဖွင့်ပွဲအခမ်းအနားတွင် တွေ့ရစဉ် |
ဈေးနှုန်းကြီးမြင့်သည်ဟု ဝေဖန်မှုများရှိနေသော်လည်း KFC စားသောက်ဆိုင်များတွင် လူတန်းစားမရွေးစားသုံးနိုင်သည့် ဈေးနှုန်းနှင့် စားသောက်ဖွယ်ရာများရှိနေပြီး လက်ရှိဈေးနှုန်းများအတိုင်းသတ်မှတ်ရန် မြန်မာနိုင်ငံတွင် စစ်တမ်းများကောက်ယူခဲ့ရသည်ဟု KFC Restaurants Asia ၏ Managing Director Mr.Ted Stedem က ဇူလိုင် ၇ ရက်တွင်ပြုလုပ်သည့် KFC Myanmar ဖွင့်ပွဲတွင်ပြောကြားသည်။
KFC Myanmar စားသောက်ဆိုင်၏ ဇွန် ၃၀ ရက်တွင် စတင်ရောင်းချသည့် နှုန်းထားများအရ Super Meal လေးမျိုးရှိပြီး Chicken Mix& Max တွင် ကြက်ကြော်နှစ်တုံး၊ အချိုရည်တစ်ခွက်၊ ထမင်း၊ စွပ်ပြုတ် (Soup) နှင့် ကြက်ဥပူတင်း (1 egg tart) ကို ကျပ် ၅၀၀၀ (၄ ဒသမ ၅ ဒေါ်လာခန့်) အထိရှိနေကြောင်း သိရသည်။ ထို့ပြင် ကြက်ကြော်တစ်တုံးလျှင် ၁၃၀၀ ကျပ်နှင့် ကိုကာကိုလာ၊ ပက်စီ အစရှိသည့်အချိုရည်တစ်ခွက်လျှင် ကျပ် ၈၀၀ ဖြစ်ပြီး ကြက်ကြော်တစ်တုံးနှင့် အချိုရည်တစ်ခွက်အတွက် အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာခန့်ကို မြန်မာနိုင်ငံတွင် ပေးချေနေရသည်။ ထိုသို့ ကြက်ကြော်တစ်တုံးနှင့် အချိုရည်တစ်ခွက်ကို မလေးရှားနိုင်ငံတွင် မလေးရှားရင်းဂစ်အရ ၄ ရင်းဂစ်သာရှိပြီး အမေရိကန်ဒေါ်လာနှင့်တွက်ချက်ကြည့်ပါက ၁ ဒေါ်လာခန့်သာဖြစ်နေကြောင်း သိရသည်။
KFC ၏ဈေးနှုန်းများအရ မြန်မာနိုင်ငံတွင်သတ်မှတ်လိုက်သည့်ဈေးနှုန်းနှင့် ဒေသတွင်းနိုင်ငံများတွင် ဈေးနှုန်းများကို နှိုင်းယှဉ်မည်ဆိုပါက တစ်နေ့လျှင် ၉ ဒေါ်လာခန့် လူတစ်ဦးချင်းဝင်ငွေရှိသည့် ထိုင်းနိုင်ငံတွင် လူတစ်ဦးစားသုံးနိုင်သည့် KFC ကြက်ကြော်ကို အမေရိကန်နှစ်ဒေါ်လာမပြည့်သည့် နှုန်းထားဖြစ်သည့် ၇၇ ဘတ်ခန့်သာ သတ်မှတ်ထားသည်။
ထို့ပြင် အချိုရည်တစ်ဘူးလျှင် ကျပ် ၃၀၀ သာသတ်မှတ်ထားသည့် အမေရိကန်နိုင်ငံထုတ် ကိုကာကိုလာ၊ ပက်စီ အစရှိသည့်အချိုရည်များကို KFC Myanmar စားသောက်ဆိုင်တွင် ကျပ် ၈၀၀ အထိ ရောင်းချနေသည်။
ထိုသို့ရောင်းချနေရခြင်းမှာ ဈေးနှုန်းကြီးမြင့်သည့် ရန်ကုန်မြို့လယ်နေရာတွင် လုံခြုံရေးအစောင့်များနှင့် တစ်ခမ်းတနားဖွင့်လှစ်ခြင်းကြောင့် ဈေးနှုန်းများတိုးမြှင့်သတ်မှတ်ရခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။
ထိုသို့ ဈေးနှုန်းများများပြားနေသည့်အပေါ် Daily Eleven မှ Ted ကို "မြန်မာနိုင်ငံထက်ချမ်းသာသည့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတွင် KFC ကြက်ကြော်များ၏ ဈေးနှုန်းသတ်မှတ်ချက်မှာ မြန်မာနိုင်ငံထက် နည်းပါးနေပြီး မြန်မာလူမျိုးအများအပြား သွားရောက်လုပ်ကိုင်နေကာ မြန်မာနိုင်ငံထက်တိုးတက်မှုများပြားသည့် မလေးရှားနိုင်ငံတွင် ကြက်ကြော်တစ်တုံးနှင့် အချိုရည်တစ်ခွက်ကို အမေရိကန်တစ်ဒေါ်လာခန့်သာရှိနေပြီး ဆင်းရဲနွမ်းပါးသည့် မြန်မာနိုင်ငံတွင် ကြက်ကြော်တစ်တုံးနှင့် အချိုရည်တစ်ခွက်ကို နှစ်ဒေါ်လာကျော်ခန့်ဖြစ်နေသဖြင့် KFC Myanmar ၏ Facebook စာမျက်နှာတွင်လည်း "တစ်နေ့လုပ်ခထက် တစ်ခါစားဖို့က ပိုဈေးကြီးနေတယ်" ဟု စားသုံးသူများက ၀င်ရောက်ဝေဖန်မှုများရှိနေသဖြင့် လက်ရှိဈေးနှုန်းများကို ပြင်ဆင်လျှော့ချနိုင်ခြင်း ရှိ မရှိ မေးမြန်းခဲ့သည်။
ထိုသို့မေးမြန်းမှုအပေါ် Ted က "မြန်မာနိုင်ငံမှာရှိတဲ့ လူတန်းစားမျိုးစုံစားနိုင်တဲ့နှုန်းထားတွေရှိပါတယ်။ တချို့မုန့်တွေဆိုရင် ကျပ် ၇၀၀ ကနေစပါတယ်။ ကြက်ကြော်တစ်တုံးကို ၁၃၀၀ ပဲရှိပါတယ်။
ဒီလိုဈေးနှုန်းအမျိုးမျိုးရှိနေတဲ့အတွက် လူတန်းစားမရွေးစားနိုင်တဲ့ သတ်မှတ်မှုဖြစ်ပါတယ်။ KFC ဆိုင်မဖွင့်ခင်မှာ ကျွန်တော်တို့ရဲ့မိတ်ဖက်ဖြစ်တဲ့ ရိုးမနဲ့အတူပေါင်းပြီးတော့ ပြည်တွင်းဈေးကွက်မှာ လူတန်းစားမရွေး စားသုံးနိုင်တဲ့နှုန်းထားဖြစ်အောင် သုတေသနစစ်တမ်းကောက်ခဲ့ပြီး နောက်ဆုံးမှာ ဒီဈေးနှုန်းကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဈေးနှုန်းကွာနေတာကတော့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နေနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ KFC က လူတန်းစားတစ်ခုအတွက်မဟုတ်ဘဲ လူတန်းစားမျိုးစုံအတွက် ၀န်ဆောင်မှုပေးနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု Ted ကဆိုသည်။
အပြည်ပြည်ဆိုင်ရာ ဆင်းရဲမွဲတေမှုစည်းမျဉ်းအရ လူတစ်ဦး တစ်နေ့ဝင်ငွေကို ၁ ဒသမ၂၅ ဒေါ်လာဟုသတ်မှတ်ထားပြီး မြန်မာနိုင်ငံ၏ဆင်းရဲမွဲတေမှုနှုန်းမှာ အရှေ့တောင်အာရှနိုင်ငံများတွင် အမြင့်ဆုံးဖြစ်ပြီး ၂၆ ရာခိုင်နှုန်းအထိရှိနေကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံသည် အာဆီယံဒေသများတွင် လုပ်ခလစာအနည်းဆုံးရရှိသည့် နိုင်ငံဖြစ်နေပြီး လတ်တလောတွင် အတည်မပြုရသေးသည့်နှုန်းထားများအရ တစ်နေ့လျှင် အနိမ့်ဆုံး လုပ်ခလစာ ကျပ် ၃၆၀၀ ဖြစ်သည်။ အဆိုပါပမာဏကိုပင် များပြားသည်ဟုဆိုကာ ကန့်ကွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ပြောကြားထားသည်။
"KFC မှာသွားရောက်ရောင်းချမယ့် နိုင်ငံရဲ့အနေအထားအရ လူအများစားသုံးနိုင်တဲ့နှုန်းထားကို ညှိနှိုင်းရောင်းချပေးတယ်။ ကျွန်တော်စားဖူးတဲ့အထဲမှာ ဗြိတိန်နိုင်ငံမှာက ၁၀ ပေါင်အထိရှိပြီး ဈေးအကြီးဆုံးပဲ။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာဆိုရင် ကြက်ကြော်တစ်တုံးကို မြန်မာငွေ ၇၀၀ လောက်ပဲရှိတဲ့ ဘတ် ၂၀၊ ဘတ် ၃၀ နဲ့ အလွယ်တကူ ၀ယ်စားနိုင်တယ်။ မြန်မာနိုင်ငံအနေအထားနဲ့ဆိုရင် ဒါကဈေးနှုန်းကြီးနေတယ်လို့ ပြောလို့ရတယ်။ မြန်မာနိုင်ငံမှာက စီးပွားရေးလုပ်ငန်းတွေကို ခရိုနီတွေကချည်းပဲ လုပ်ကိုင်ခွင့်ရနေပြီး ဈေးနှုန်းတွေကလည်း ဖြစ်သင့်တဲ့ဈေးနှုန်းထက်များနေတယ်။ KFC လို အသင့်စားစားသောက်စရာက မြန်မာနိုင်ငံမှာ လူလတ်တန်းစားတွေတောင် နေ့စဉ်ဝယ်မစားနိုင်တဲ့နှုန်းထားဖြစ်နေတယ်။ ဥပမာ မြန်မာနိုင်ငံအတွင်းကို KFC အရင်ဝင်လာတဲ့ ကိုကာကိုလာကိုပဲကြည့်ပါ။ တစ်ဗူးကို ကျပ် ၃၀၀ ပဲ သတ်မှတ်ထားတော့ လူတန်းစားမရွေးသောက်သုံးနိုင်တယ်။ KFC ကလည်း ဒီလိုမျိုးပဲဖြစ်သင့်တယ်" ဟု ပြည်ပနိုင်ငံများသို့ မကြာခဏသွားရောက်လေ့ရှိသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကဆိုသည်။
ထိုသို့ဈေးကြီးသည်ဟု ဝေဖန်မှုများရှိနေသည့်အတွက် ဈေးနှုန်းလျှော့ချပြင်ဆင်ပေးနိုင်မှု ရှိ မရှိကို Yoma Strategic Holding Ltd ၏ ဥက္ကဋ္ဌဦးသိမ်းဝေ (Yoma Strategic Holding Ltd ) ကို Daily Eleven ကမေးမြန်းရာ "ဈေးကြီးတယ်လို့ပြောတဲ့သူရှိသလို ဈေးသင့်တော်တယ်လို့ ပြောတဲ့သူလည်းအများကြီးပါပဲ။ တကယ်ပြောရရင် ဖောက်သည်တွေရဲ့အခြေအနေကြည့်ရင် သိပါတယ်။ ဒီမှာဖွင့်တာတစ်ပတ်ရှိပြီ။ နေ့တိုင်း ၂ နာရီ ၃ နာရီလောက် တန်းစီရတယ်။ လူတွေက ကြိုက်လား မကြိုက်လား၊ ကြိုဆိုလား မကြိုဆိုလား သူ့အဖြေနဲ့သူပေါ်နေတာပဲ" ဟုဆိုသည်။
KFC စားသောက်ဆိုင်သည် တရုတ်နိုင်ငံတွင် အာရှတိုက်၏ ပထမဆုံးဖွင့်လှစ်ခဲ့သော နိုင်ငံဖြစ်ပြီး လက်ရှိတွင် ဆိုင်ခွဲပေါင်း ၆၅၀၀ ကျော်ဖွင့်လှစ်ထားသည်။ ထို့အတူ ထိုင်းနိုင်ငံတွင် ဆိုင်ခွဲပေါင်း ၅၀၀ ကျော်၊ မလေးရှားနိုင်ငံတွင် ဆိုင်ခွဲပေါင်း ၅၀၀ ကျော်နှင့် အိန္ဒိယနိုင်ငံတွင် ဆိုင်ခွဲပေါင်း ၂၄၀၀ ကျော်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ယခုနှစ်အတွင်း ဆိုင်ခွဲအများအပြား ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသည်လည်း ကမ္ဘာကျော် KFC ကြက်ကြော်၏အရသာကို လူတိုင်းစားသုံးနိုင်သည့်နှုန်းထားဖြင့် မြည်းစမ်းနိုင်သည့် ကမ္ဘာ့နိုင်ငံများတွင် ပါဝင်လာပြီဖြစ်ကြောင်း KFC Myanmar ၏ Managing Director Mr. Jr Ching ကဆိုသည်။
KFC စားသောက်ဆိုင်ကို မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်သည့် ဇွန် ၃၀ ရက်တွင် ၀ယ်ယူစားသုံးလိုသူများပြားခဲ့ပြီး အချိန်ကြာမြင့်စွာစောင့်ဆိုင်းရမှုများ၊ တိုးဝှေ့ဝယ်ယူမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ဝယ်ယူရာတွင် ဈေးနှုန်းကြီးမြင့်သည်ဟု ဝေဖန်မှုများလည်း ရှိခဲ့သည်။
"KFC တစ်ပွဲစာ ၃၅၀၀ ကျပ်ဆိုတာ နယ်မှာတော့ ကျွန်မတို့မိသားစုရဲ့ တစ်နပ်စာထမင်းစားရိတ်ပဲ" ဟု တောင်ကြီးမြို့တွင် ပုဂ္ဂလိကစာသင်ကျောင်းဖွင့်လှစ်ထားသည့် ဒေါ်လှယဉ်ကဆိုသည်။
မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံသည့် Franchaise လုပ်ငန်းများမှာ အခြားနိုင်ငံများတွင် ရောင်းချနေသည့် ဈေးနှုန်းများထက် အမြဲတမ်းများပြားနေပြီး ထိုသို့များပြားနေခြင်းမှာ အဆောက်အအုံနှင့် မြေငှားရမ်းခကြီးမြင့်သည့်အချက်မှာလည်း အဓိကအချက်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အကွက်အကွင်းကျသည့် မြေနှင့်အဆောက်အအုံများကို ခရိုနီများ၊ အစိုးရနှင့် နီးစပ်သူများသာ အများအပြားပိုင်ဆိုင်ထားပြီး ၎င်းတို့ထံမှ ပြန်လည်ငှားရမ်းလျှင်သော်လည်းကောင်း၊ ၀ယ်ယူလျှင်သော်လည်းကောင်း တန်ဖိုးမြင့်မားစွာပေးနေရသည့် အခြေအနေဖြစ်သည်။
လက်ရှိ KFC ဆိုင်ဖွင့်လှစ်ထားသည့်နေရာမှာ ယခင်ကနိုင်ငံတော်ပိုင် (ကပရအဆောက်အအုံ) အဆောက်အအုံဖြစ်ပြီး ကနဦးစုံစမ်းသိရှိရမှုအရ Yoma Strategic Holding Ltd ကလည်း ငှားရမ်းဖွင့်လှစ်ထားကြောင်း သိရသည်။ အဆိုပါ နိုင်ငံပိုင်အဆောက်အအုံကို နိုင်ငံပိုင်အဖြစ် ဆက်ရှိနေမှု ရှိ မရှိ၊ မည်သူက မည်သည့်ဈေးနှုန်းဖြင့် မည်သို့ရရှိထားသည်ဆိုသည်ကိုမူ The Daily Eleven သတင်းစာမှ ဆက်လက်စုံစမ်းလျက်ရှိပါသည်။
မြန်မာနိုင်ငံအတွင်း Mr.Serge Pun သည် ဘဏ်လုပ်ငန်း၊ ပုဂ္ဂလိကဆေးရုံ (ပန်းလှိုင်) တည်ထောင်လုပ်ကိုင်ခွင့်၊ စီးပွားဖြစ်အဆောက်အအုံစီမံကိန်း၊ လေကြောင်းပို့ဆောင်ရေးလုပ်ငန်းမှအစ စိုက်ပျိုးရေးလုပ်ငန်းများအဆုံး လုပ်ငန်းပေါင်းများစွာကို မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း ၂၀ ၀န်းကျင်နှင့် ဆက်စပ်ပတ်သက်လုပ်ကိုင်လျက်ရှိသည်။
၂၀၀၃ ခုနှစ်ဝန်းကျင်က ငွေကြေးခ၀ါချမှုအပါအ၀င် ဘဏ်အကျပ်အတည်းဖြစ်ပြီးနောက် ဘဏ်ကိုးဘဏ်မှာ ဘဏ်လုပ်ငန်းဆိုင်ရာများ ရပ်ဆိုင်းတားဆီးခံခဲ့ရပြီး ရိုးမဘဏ်သည်လည်း ဘဏ်လုပ်ငန်းအချို့ ရပ်ဆိုင်းခံရသည့်ဘဏ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်ကြောင်းနှင့် မကြာသေးမီနှစ်များအတွင်းကစတင်၍ ဘဏ်လုပ်ငန်းများ အပြည့်အ၀ပြန်လည်လည်ပတ်ခွင့်ရရှိခဲ့ကြောင်းလည်း သိရသည်။
သို့သော် ၂၀၁၁-၂၀၁၂ ခုနှစ်က ထုတ်ပြန်သည့် ထိပ်တန်းအခွန်ထမ်း ၁၀၀ တွင်လည်းကောင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်ကထုတ်ပြန်သည့် ထိပ်တန်းအခွန်ထမ်း ၅၀၀ ဦးတွင်လည်းကောင်း ရိုးမဘဏ်မှာ ပါဝင်လာခြင်းမရှိခဲ့ကြောင်းနှင့် ယခုနောက်ဆုံးထုတ်ပြန်ထားသည့် ထိပ်တန်းအခွန်ထမ်း ၁၀၀၀ ဦးစာရင်းတွင်သာ ပါဝင်လာခဲ့ကြောင်း ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
Mr.Serge Pun သည် ရိုးမဘဏ်အပါအ၀င် ကုမ္ပဏီပေါင်း ၂၀ ကျော် တည်ထောင်လုပ်ကိုင်သော်လည်း ထိပ်တန်းအခွန်ထမ်းများထုတ်ပြန်သည့် စာရင်းတွင်မူ ကုမ္ပဏီအချို့သာပါဝင်လာခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
အမေရိကန်ကုမ္ပဏီအချို့အနေဖြင့်လည်း မြန်မာနိုင်ငံမှ ခရိုနီအချို့၊ အစိုးရဖြင့်နီးစပ်သည့် လုပ်ငန်းရှင်အချို့ဖြင့်သာ ဆက်သွယ်လုပ်ကိုင်မှုများရှိနေသည်ဟု ဝေဖန်လျက်ရှိကြသည်။
အမေရိကန်မှ Ford ကားကုမ္ပဏီသည်လည်း နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာကိုကိုကြီးလုပ်ကိုင်လျက်ရှိသည့် Capital Automotive ကုမ္ပဏီဖြင့် ပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
မကြာသေးမီကလည်း အမေရိကန်မှ ကိုကာကိုလာကုမ္ပဏီအနေဖြင့်လည်း ၎င်းနှင့်ဖက်စပ်လုပ်ကိုင်သည့် ပင်းယအဖျော်ယမကာလုပ်ငန်း၏ ဒါရိုက်တာဒေါ်ရွှေဇင်သည် အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့ထားသည့် ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်နေသော ဇီမိသားစုကုမ္ပဏီ၏ ရှယ်ယာပိုင်ရှင်နှင့် ဒါရိုက်တာဖြစ်နေကြောင်း၊ ကိုကာကိုလာမှ မြန်မာနိုင်ငံတွင် ၎င်းတို့နှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ကုမ္ပဏီသည် နာမည်ပျက်နေသော ကျောက်စိမ်းလောကနှင့်ပတ်သက်နေကြောင်း ကိုကာကိုလာမှ အမေရိကန်ကို ဖော်ထုတ်အစီရင်ခံခဲ့ကြောင်း The Financial Times သတင်းစာတွင် ဖော်ပြခြင်းခံခဲ့ရသည်။
ဇီမိသားစုကုမ္ပဏီသည် ဦးပိုင်ကုမ္ပဏီနှင့် ဆက်နွယ်နေသည့် Myanmar Imperial Jade ကုမ္ပဏီဖြင့်လည်း ဆက်နွယ်ပတ်သက်နေပြီး Myanmar Imperial Jade ပတ်သက်ဆက်နွှယ်မှုကို The Financial Times က မေးမြန်းခွင့်တောင်းခံခဲ့သော်လည်း ဒေါ်ရွှေဇင်က ဖြေကြားခြင်းမရှိခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ဖြိုးဝေ - Eleven Media Group

မှတ်ချက်များ